မန္တလေးမြို့တွင် ငလျင်ကူညီရေးရန်ပုံငွေပန်းချီပြပွဲတစ်ခု မေ ၂၂ ရက်နေ့က စီးနင်းခံရပြီး ပန်းချီဆရာများအပါအဝင် ၅ ဦး ဖမ်းဆီးခံရသည့်အတွက် ပွဲကိုဖျက်သိမ်းလိုက်ကြောင်း မြို့ခံစာပေနှင့်ပန်းချီအသိုင်းအဝိုင်းထံက စုံစမ်းသိရှိရသည်။
ချမ်းအေးသာစံမြို့နယ်၊ ၇၉ လမ်း (၂၇လမ်းနှင့်၂၈လမ်းကြား) ကောင်းကျော်ကဖေး အပေါ်ထပ်တွင် ဖွင့်လှစ်ထားသည့် နမ္မတီးအနုပညာပြခန်း၌ စစ်ကိုင်း၊ မန္တလေး ငလျင်ဘေးရန်ပုံငွေပွဲအဖြစ် “PHOENIX MANDALAY” အမည်ဖြင့် ပန်းချီပြပွဲနှင့်ပြိုင်ပွဲကို မေ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ပွဲမစတင်မီ တစ်ရက်အလိုတွင် ဖမ်းဆီးမှုအကြောင်း စစ်ကောင်စီဝါဒဖြန့်သူတို့က အွန်လိုင်းတွင် ဖော်ပြစဉ် ပန်းချီကားတချို့၏ ဓာတ်ပုံကိုပါ ဖော်ပြထားကြသည်ဟု မန္တလေးအနုပညာအသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဖမ်းခံရတာက ၅ ဦးလို့တော့ ကြားတယ်ပေါ့နော်။ ဘယ်သူဘယ်ဝါတွေလဲအသေးစိတ်ကတော့ မသိရ သေးပါဘူး။ သူတို့ ဖမ်းတယ်လို့ထုတ်ပြန်ထားတဲ့ ပန်းချီကားတွေထဲ အသိပန်းချီဆရာတွေရဲ့ပုံတွေ တွေ့တယ်ဆိုတော့ စိတ်ပူနေရတယ်”ဟု ထိုအမျိုးသမီးက ဆိုသည်။
မတ် ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့တွင် အသေအပျောက်များပြားပြီး အဆောက်အဦအများအပြား ပျက်စီးခဲ့သည်၊ သေဆုံးသူ ၄၀၀၀ နီးပါး ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အဆိုပါငလျင်ဘေးသင့်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ငွေကြေးပိုင်း ဆိုင်ရာ ကူညီရန်ရည်ရွယ်ကာ အနုပညာပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း လွန်ခဲ့သည့်ရက်များက နမ္မတီးအနုပညာပြခန်း၏ Facebook စာမျက်နှာတွင် ကြေညာထားသည်။
ပြပွဲတွင် ပန်းချီကားပေါင်း၂၀၀နီးပါး ပြသရောင်းချရန် စီစဉ်ထားပြီး ထိုအထဲမှ ပန်းချီကားပိုင်ရှင်တချို့ က ရောင်းရငွေ ရာနှုန်းပြည့်၊ တချို့က ၅၀ ရာခိုင်နှုန်းကို ငလျင်ဒဏ်သင့်မိသားစုများအတွက် ယာယီအိမ်များဆောက်လုပ်ရာတွင် လှူဒါန်းသွားမည်ဟု ဆိုသည်။
မန္တလေးမြို့ကြီး ဖီးနစ်ငှက်ကဲ့သို့ ပြန်လည် ရုန်းကြွနိုးထနိုင်ရေးအတွက် ပန်းချီကားများ လာရောက်ဝယ်ယူအားပေးကြရန်လည်း ကြေညာထားသည်။ ထို့နောက် အကြောင်းအမျိုးမျိုးကြောင့် ပြပွဲ ရုပ်သိမ်းကြောင်း ပြခန်းက မေ ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။
ပြပွဲစီစဉ်သူက အခြေအနေအသေးစိတ်ကို ဖြေဆိုရန် ငြင်းဆိုပြီး၊ ပွဲပါဝင်သူတချို့ ဖမ်းဆီးစစ်ဆေးခံနေရသည်မှာ ဟုတ်မှန်ကြောင်း၊ ဖြေရှင်းနေဆဲဖြစ်ကြောင်း ယနေ့ ပြောသည်။
ငလျင်ဘေးရန်ပုံငွေပွဲနှင့် ဆက်စပ်ပြီး ဖမ်းဆီးနှိပ်ကွပ်ခြင်း၊ စစ်ကောင်စီအနုပညာလွပ်လပ်ခွင့် ပိတ်ပင် ခြင်းတို့ကို ရှုတ်ချကြောင်း မန္တလေးမြို့ခံ ပန်းချီနှင့်စာပေအနုပညာအသိုင်းအဝိုင်းက ဆိုကြသည်။
“ကိုယ်ကျိုးမပါ အများအကျိုး ရည်ရွယ်တဲ့ ပန်းချီအပါအဝင် ဘယ်အနုပညာကိုပဲဖြစ်ဖြစ် ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ် ဖန်တီးတင်ဆက်ခွင့်မရှိဘဲ ခုလို နှိပ်ကွပ်တာ ရှုတ်ချပါတယ်။ ပန်းချီမှမဟုတ်ဘူး၊ ဘယ်အနုပညာဖြစ်ဖြစ် လွပ်လပ်စွာဖန်တီးတင်ဆက်ခွင့် ရချိန်မျိုးမှသာ ဖော်ထုတ်တင်ဆက်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်”ဟု မန္တလေးမြို့ခံ ကဗျာဆရာတစ်ဦးက မှတ်ချက်ပြုသည်။

ဖမ်းဆီးခံရသူတို့နှင့်ပတ်သက်ပြီး အမည်၊ အသက်နှင့်အသေးစိတ်အခြေအနေများကို မသိရှိရသေးပေ။
စစ်ကောင်စီက တရားဝင်ထုတ်ပြန်ခြင်း မရှိသော်လည်း စစ်တပ်ဝါဒဖြန့်သည့်တယ်လီဂရမ်များတွင်မူ နိုင်ငံအလံပုံတူပန်းချီကားကို အပြစ်တင်ထားသည်။
အဆိုပါပန်းချီကားတွင် နိုင်ငံတော်အလံကို သံဆူးကြိုးနှစ်ကွင်းဖြင့်ဝိုင်းပြထားခြင်း၊ အလံပေါ်တွင် အပြဲအား ချုပ်ထားသည့် ချုပ်ရိုးကြောင်းများ ဖော်ပြခြင်း၊ ခွပ်ဒေါင်းပုံ၊ မျက်လုံးပုံ၊ သံတိုင်နောက်မှ နှင်းဆီပန်း၊ နန်းမြို့ရိုး၊ နိုင်ငံတော်အလံ မီးလောင်နေသည့် မီးတောက်ပုံ၊ လွယ်အိတ်ချိတ်ထားပုံ၊ လူသားချင်း လက်ချင်းချိတ်နေပုံ၊ တယောပုံ၊ စည်ကြီးပေါက်ပြဲနေပုံတို့မှာ နိုင်ငံတော် အကြည်ညိုပျက်စေသည်ဟု ဖော်ပြထားကြသည်။
နန်းတွင်းတွင် အခြေစိုက်သော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) မှ စစ်သားများက ထိုပန်းချီပြခန်း အား ဝင်ရောက်စီးနင်းခဲ့ပြီး ထိုပန်းချီကားနှင့်ဆက်စပ်သူတို့ကို ခေါ်ယူစစ်ဆေးနေသည်၊ ပြပွဲမှ ရသည့်ငွေ တော်လှန်ရေးတွင် သုံးမည်ဟု စွပ်စွဲရေးသားထားကြသည်။
စစ်တပ်အာဏာသိမ်းပြီးကာစ အစောပိုင်းကာလများတွင်လည်း ထိုသို့ စီးနင်းမှုများ ရှိခဲ့ဖူးသည်။
ငလျင်လှုပ်ခတ်ပြီးသည်မှာ နှစ်လနီးပါးရှိချိန်အထိ ပြိုကျအဆောက်အအုံတချို့မှ ရုပ်အလောင်းများ ဆက်ကောက်ယူနေရဆဲဖြစ်သလို အပျက်အစီးဖြိုချရှင်းလင်းမှုများလည်း မနိုင်မနင်းဖြစ်နေသေးသည်။
ထိုအခြေအနေတွင် စစ်ကောင်စီသည် ငလျင်ဘေးကယ်ဆယ်ကူညီရေးကို ဦးစားမပေးဘဲ အဖမ်းအဆီးများကိုသာ ဆက်လက်အာရုံစိုက်လုပ်ကိုင်နေသည်။
မန္တလေးမြို့ပေါ်တွင် အဖမ်းအဆီးများပြန်လည်ရှိလာပြီး လမ်းမများ၌လည်း ယာဉ်စစ်ဆေးဖမ်းဆီးခြင်းများ ပြန်ပြုလုပ်လာသည်။
ယမန်နေ့ (မေ၂၅)တွင် ၃၈လမ်းနှင့် လမ်း ၈၀ အနီး နှာခေါင်းစည်းတပ် ထားသည့် ရဲနှင့် ယာဉ်ထိန်းရဲ အများအပြားသည် လမ်းသွားလမ်းလာများကို သေနတ်ဖြင့်ချိန်ရွယ်ကာ ဆိုင်ကယ်ရပ်တန့်စေ၍ ယာဉ်လိုင်စင် စစ်ဆေးငွေတောင်းခြင်းများ ပြုလုပ်နေသည်ကို မြင်တွေ့ရသည်ဟု မြို့ခံများက ဆိုကြသည်။
ထို့ပြင် ငလျင်လှုပ်ခတ်သည့်နေ့တွင်ပင် ခရီးသည် အမျိုးသမီး ၅ ဦးလည်း စစ်ကိုင်းမြို့တစ်နေရာတွင် ဖမ်းဆီးခံလိုက်ရပြီး နှစ်လနီးပါးကြာသည်အထိ အဆက်အသွယ် ပြတ်တောက်နေသည်ဟု သိရသည်။
အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး ၊ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး နှင့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီး ၃ ဦး ကိုယ်ပိုင်ကားဖြင့် စစ်ကိုင်းမြို့ ကျေးရွာတစ်ရွာသို့ အလည်သွားရာမှ ညောင်ပင်ဝန်းနှင့် နုံးရွာအကြား စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရကာ အဆက်သွယ်ပြတ်တောက်သွားခြင်းဖြစ်သည်ဟု မိတ်ဆွေများကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်းများဖြစ်ကြသည်ဟု သိရပြီး ၎င်းတို့ကို မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို စုံစမ်း၍မရသေးပေ။
ထို့ပြင် မေ ၁၂ ရက်နေ့တွင်လည်း မန္တလေးမြို့၊ အရှေ့မြို့ပတ်လမ်း(၃၆ လမ်းနှင့် ၃၇ လမ်းကြား) ရှိ မဖွင့် လှစ်ရသေးသည့် “KAYIUE HOTEL”ကိုလည်း အကြောင်းအရင်း ဖော်ပြခြင်းမရှိဘဲ ချိပ်ပိတ်သိမ်းဆည်း သည်ဟု ကြေညာခဲ့သည်။



