စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ (မေ ၂၅)တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့ အား လက်ခံတွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်သည်။
ကျိုင်းတုံမြို့အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်တွင် NDAA ၏ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့် အဆိုပါအဖွဲ့နှင့်တွေ့ဆုံခဲ့ကြသည်ဟု စစ်ကောင်စီအာဘော် နိုင်ငံပိုင် သတင်းစာများမှာ ဖော်ပြထားသည်။
စစ်ခေါင်းဆောင်က ယခုကဲ့သို့ မိတ်ဆွေဟောင်းများနှင့် ပြန်တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ ပါတီစုံဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် အခြေခံသော ပြည်ထောင်စုစနစ် လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း ၊ တိုင်းရင်းသားညီရင်းအစ်ကိုမောင်နှမများအနေဖြင့်င့် နိုင်ငံ့အကျိုးဖော်ဆောင်သွားရန် လိုအပ်ကြောင်း ထည့်သွင်းပြောခဲ့သည်။
NDAA(မိုင်းလား)မှ ဦးစန်ပေ့က ၎င်းတို့အနေဖြင့် နှစ် ၃၀ ကျော် ကျင့်သုံးလာသည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး စသည့်တို့တာဝန်အရေးသုံးပါးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း ပြောခဲ့သည်။
ထို့ပြင် ၎င်းတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်း ကိုမျှ လက်ခံထားခြင်းမရှိကြောင်း ထည့်သွင်းပြောခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ စစ်ခေါင်းဆောင်နှင့်အတူ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးကျော်စွာလင်း နှင့် စစ်တပ်အရာရှိကြီးများ တက်ရောက်သလို NDAA(မိုင်းလား)အဖွဲ့ ဦးစန်ပေ့နှင့်အတူ ဒုက္ကဋ္ဌ ဦးဆန်လူ၊ ဦးကြည်မြင့်တို့ တက်ရောက်ကြသည်ဟု သိရသည်။
စစ်ခေါင်းဆောင်နှင့်အဖွဲ့သည် ပြီးခဲ့သည့် မေ ၂၄ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရောက်ရှိနေကြ ခြင်းဖြစ်ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်အပါအဝင် စစ်ကောင်စီအရာရှိကြီး များနှင့်တွေ့ဆုံခဲ့ကြသည်။
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများကို စစ်ဆေးခဲ့သည်ဟု ထုတ်ပြန်ထားပြီး နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများနှင့် အွန်လိုင်း၊ လောင်းကစားလိမ်လည်မှုများ မရှိစေရေးအပါအဝင် ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးအခြေအ နေများ ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။
စစ်ခေါင်းဆောင်က မိုင်းလားအဖွဲ့နှင့် သွားရောက်တွေ့ဆုံမှုအပေါ် စစ်ကောင်စီက ကျင်းပရန် ရည်ရွယ် ထားသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ အဖွဲ့အစည်းများနှင့် လိုက်လံတွေ့ဆုံနေခြင်းသာဖြစ်ကြောင်း စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“ စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲမှာ သူနဲ့မိတ်ဖွဲ့နိုင်တဲ့ အင်အားစု၊ နယ်မြေ အဲဒီဒေသတွေမှာ တတ်နိုင်သလောက် ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ၊ ဆွဲဆောင်စည်းရုံးဖို့အတွက် ဒီအလုပ်တွေ လုပ်နေတယ်လို့ထင်ပါတယ်။ မိုင်းလားကို ဒီလိုလုပ်တဲ့အတိုင်းပဲ အခြား တစ်ဖက်က UWSA ကိုလည်း မကြာခင် ဆက်ပြီးတော့ အဲလိုပဲ ဆွေးနွေးလိမ့်မယ်လို့ထင်ပါတယ်”
NDAA အနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် အင်အားစုတစ်ရပ်အနေဖြင့် ပါဝင်ရန် ဆန္ဒမရှိ ကြောင်း သဘောထားပြလိုက်ခြင်းဟု ဦးသန်းစိုးနိုင်က ယူဆသည်။
“ အခုက စစ်ကောင်စီအနေနဲ့က သူတို့သတ်မှတ်ထားတဲ့ရွေးကောက်ပွဲ ကျင်းပဖို့အတွက် သူတို့အနေနဲ့ စီစဉ် စိုင်းပြင်းနေတဲ့ကာလ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ဆက်ဆံလို့ရတဲ့ အဖွဲ့အစည်းမှန်သမျှနဲ့ ရွေးကောက်ပွဲမှာ အတတ်နိုင်ဆုံး ပါဝင်ဖို့ သူတို့အနေနဲ့ လိုက်လံပြီး စည်းရုံးသိမ်းသွင်းနေတဲ့သဘော ရှိပါတယ်”ဟု ၎င်းက ဆိုသည်။
“ ဒါကြောင့် မိုင်းလားက သူတို့ ဘယ်နိုင်ငံရေးအဖွဲ့အစည်းနဲ့မှ မပတ်သက်ဘူး၊ ပါဝင်မှု သဘောထားလည်း မရှိဘူးလို့ပြောတာဟာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ သူတို့ (NDAA က) အင်အားစုတစ်ရပ်အနေနဲ့ ပါဝင်ဖို့ သဘောထား မရှိဘူးဆိုတာကို အရိပ်နမိတ်ပြလိုက်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်”
စစ်ကောင်စီသည် လာမည့် ဒီဇင်ဘာတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသလို တဖက်ကလည်း ၎င်းကို ဆန့်ကျင်သော အရပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။

အထူးဒေသ (၄) မိုင်းလား
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) ဖြစ်သော မိုင်းလားဒေသသည် တရုတ်နိုင်ငံနှင့်ထိစပ်နေပြီး မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ခရိုင် ၃ ခုရှိကာ နယ်စပ်ကုန်သွယ်ရေးဂိတ်လည်းရှိသည်။
မိုင်းလားဒေသသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကြီးစိုးစဉ်ကာလက ဗကပ ၈၁၅ စစ်ဒေသ တစ်ခု ဖြစ်ခဲ့ပြီး ၂၀၂၄ ဩဂုတ်အတွင်းက ကွယ်လွန်ခဲ့သော (NDAA-မိုင်းလားအဖွဲ့) ဥက္ကဋ္ဌ ဦးစိုင်းလင်း (၇၈ နှစ်) သည် ဗကပ ၈၁၅ စစ်ဒေသ၏ တပ်မှူးဖြစ်ခဲ့သည်။
၁၉၈၉ ခုနှစ် ဧပြီ ၁၉ ရက်တွင် ဦးစိုင်းလင်း ဦးဆောင်ကာ ဗကပထံမှ ခွဲထွက်လိုက်ပြီးနောက် NDAA ကို ဖွဲ့စည်းတည်ထောင်ခဲ့သလို ကိုးကန့်တပ် (MNDAA) တည်ထောင်သူ ဦးဖုန်ကြားရှင်၏ သမက်လည်းဖြစ် သည်။
ထို့နောက် ၁၉၈၉၊ ဇွန် ၃၀ ရက်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို လိုက်ကာ စစ်အစိုးရကလည်းအထူးဒေသ (၄) အဖြစ် သတ်မှတ်ပေးခဲ့သည်။
၂၀၀၉ ခုနှစ်တွင် စစ်တပ်က ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ကို လိုက်လံဖမ်းဆီးချိန် ဦးစိုင်းလင်းက သူ၏နယ်မြေထဲတွင် ယောက္ခထီးဖြစ်သူ ဦးဖုန်ကြားရှင်ကို ခိုလှုံခွင့်ပေးခဲ့သည်။
စစ်တပ်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်များအဖြစ် အသွင် ပြောင်းရန် ဖိအားပေးခြင်းကို လက်မခံခဲ့သည့် အဖွဲ့များထဲတွင် NDAA လည်း ပါဝင်သည်။
ဦးစိုင်းလင်း ကွယ်လွန်ပြီးနောက် ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် မိုင် ၆၀ အကွာတွင် မိုင်းလားမြို့တွင် အခြေစိုက်ပြီး လက်နက်ကိုင်အင်အား ၅၀၀၀ ကျော် ရှိမည်ဟု အကဲခတ်တို့ ခန့်မှန်းထားသည့် NDAA တပ်ဖွဲ့ကို သူ၏သား ဦးထိန်လင်းက ဆက်ခံခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကောင်စီတပ်စခန်းများကို ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှ စတင်၍ “၁၀၂၇” စစ်ဆင်ရေးအမည်ဖြင့် တိုက်ခိုက်ခဲ့ရာ မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအများစုကို တိုက်ခိုက်သိမ်းပိုက်ကာ ထိန်းချုပ်ထားသည်။
မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ထိစပ်နေသည့် မြန်မာနှင့် တရုတ်နယ်စပ်တွင် နှစ်နိုင်ငံအဆင့် နယ်စပ် ကုန်သွယ်ရေးစခန်း ၅ ခုဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ကျိုင်းတုံ တို့ရှိရာ ထိုအထဲမှ မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်မြို့တို့ကို ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ကိုးကန့်တပ်(MNDAA) တို့က ထိန်းချုပ်ထားသည်။
ထို့ကြောင့် ထိုစစ်ဆင်ရေးများစကတည်းက ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) (မိုင်းလားနယ်စပ်) ကျိုင်းတုံ-မိုင်းလားကုန်သွယ်လမ်းကြောင်းသာပွင့်ခဲ့ပြီး ကုန်သည်များက အဓိကထားအသုံးပြုခဲ့သည်။
သို့သော်လည်း ကျိုင်းတုံ – မိုင်းလား လမ်းကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရခေတ်တွင် စစ်တပ်က ၅ နှစ်ကြာ ပိတ်ဆို့ထားခဲ့ရာမှ အာဏာသိမ်းသည့် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ပြန်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။
စစ်တပ်က NDAA ၏ ကုန်သွယ်ရေးလမ်းပိတ်ရသည့်အကြောင်းပြချက်မှာ၂၀၁၆ ခုနှစ်တွင် “ဝ” တပ်ဖွဲ့ (UWSA) က မိုင်းလားဒေသတွင် ခေတ္တ သွားရောက်တပ်စွဲမှုကြောင့်ဖြစ်သည်။
ရှမ်းမြောက်တွင် မြောက်ပိုင်း၃ ဖွဲ့၏ တိုက်ခိုက်မှုကြောင့် မူဆယ်၊ မိုင်းရယ်နှင့်တန့်ယန်း ၃ မြို့မှအပ ရှမ်းမြောက်ဒေသတစ်ခုလုံးကို စစ်ကောင်စီ လက်လွှတ်ခဲ့ရပြီး မိုင်းရယ်မြို့တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ယာယီပြောင်းရွှေ့အခြေစိုက်ထားရသည်။



