ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်တွင် မင်္ဂလာဆောင်တစ်ခုကို မေ ၂၅ ရက်နေ့ နံနက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများ၊ သတို့သမီးအပါအဝင် အရပ်သားပြည်သူ ၁၀ ဦး သေဆုံး ခဲ့ကြောင်း ကနဦး သိရသည်။
ရွှေကျင်မြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၊ ကျွန်းကြီးရွာတွင် နံနက် ၈း၅၅ မိနစ်အချိန်က ကျင်းပနေသော မင်္ဂလာဆောင်ကို လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“သတို့သမီးအပါ အလောင်း ၆ လောင်းတော့ Confirm ဖြစ်တယ်။ သေဆုံးထပ်တိုးနိုင်တယ်။ အရပ်သား သက်သက်ဖြစ်တယ်”ဟု အခြေအနေသိရှိသည့် ဒေသတွင်းမှ အမျိုးသားတစ်ဦးက ပြောသည်။
မေ ၂၅ ရက်နေ့ မွန်းတည့်ချိန်အထိ ထပ်မံသိရသော အချက်အလက်များအရ ကလေးများအပါအဝင် သေဆုံးသူ ၁၀ ဦးအထိ ရှိလာကြောင်း၊ ဒဏ်ရာရသူ ၂၀ ဦးရှိကြောင်း ၊ ဒဏ်ရာပြင်းထန်သူများ ပါဝင် ကြောင်း သိရသည်။
ကျွန်းကြီးကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အုပ်ချုပ်ရေးရှိသည့် ရွာဖြစ်ကာ အရပ်သားမင်္ဂလာဆောင်ဖြစ်ပြီး ထိုရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံ များထံက သိရသည်။
Myanmar Now က ကြည့်ခွင့်ရခဲ့သည့် ဓာတ်ပုံများအရ သေဆုံးသူများတွင် အနည်းဆုံး ကလေး ၂ ဦး ပါဝင်ပြီး ကလေးတစ်ဦးမှာ ဦးခေါင်းပြတ်သေဆုံးသွားသည်။ မင်္ဂလာဆောင်မဏ္ဍပ်မှာလည်း ပျက်စီး သွားသလို လက်ဖွဲ့လက်ခံရာနေရာအနီးတွင် သွေးကွက်များကိုလည်း မြင်တွေ့ရသည်။
“ခါတိုင်းလို ပေါင် ၅၀၀ လိုဟာမျိုးနဲ့ လာကြဲတာမဟုတ်ဘူး။ လူများများထိတဲ့ လေယာဉ်ပစ်ဗုံးပေါ့။ သူက ကျန်ဗုံးတွေလို ဝုန်းဆို ရှင်းသွားတာမဟုတ်ဘူး။ လေထဲမှာပဲ ကွဲပြီး အစတွေ ပျံ့ထွက်သွားတာ ပေါ့။ အရင်က လာကြဲရင် အပေါ်မှာပတ်ပျံပြီး ပစ်မှတ်ရှာပစ်တာပေါ့။ အခုကြတော့ တစ်ခါတည်း ပွိုင့်မှတ်လာပြီး ရောက်တာနဲ့ မပတ်တော့ဘဲ တခါတည်းကြဲသွားတာ” ဟု မြေပြင်အခြေအနေ သိသည့် သတင်းရင်းမြစ် အမျိုးသား နောက်တစ်ဦးကလည်း ဆိုသည်။
KNU တပ်မဟာ (၃) လှုပ်ရှားရာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် လတ်တလောတိုက်ပွဲမရှိသော် လည်း စစ်ကောင်စီတပ်ဘက်က ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်ကြောင်း မြေပြင်အခြေအနေ သိသည့် ၎င်းက ဆက်ပြောသည်။
ထိုနယ်မြေသည် KNU ၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၃) ညောင်လေးပင် ခရိုင်အတွင်း ပါဝင်နေသည်။
တပ်မဟာ (၃) နယ်မြေ ပဲခူးတိုင်း ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီအခြေစိုက်စခန်းများကို ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်များက ထိုးစစ် ဆင်တိုက်ခိုက်နေရာ မေလ ပထမပတ်မှစတင်ပြီး တိုက်ပွဲများ ပြင်းထန်နေသည်။
ရွှေကျင်မြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာမှ အမှတ် (၅၉၈) ခြေမြန်တပ်ရင်းကို တော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေချိန်မှာလည်း စစ်တပ်က တိုက်လေယာဉ်၊ သယ်ယူပို့ဆောင် ရေးအမျိုးအစား Y 12 လေယာဉ်များဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဒီရက်ထဲတွေမှာ ခမရ ၅၉၈ သိမ်းတုန်းကလည်း တနေကုန် ဗုံးကြဲတိုက်ခိုက်မှုက ပြောမယ်ဆိုရင် စံချိန်တင်လို့ ပြောလို့ရတာပေါ့နော်။ တပ်ရင်းဌာနချုပ်တစ်ခုကို သိမ်းတဲ့အချိန်မှာ တနေကုန် ဂျက်ဖိုက်တာကြီးပဲ အကြိမ် ၂၀၊ Y 12 ချည်းပဲ ၁၀ ကြိမ်ကျော်တယ်။ ဗုံးသီးအလုံးရေ ရာကျော်တယ် ”ဟု ထိုတိုက်ပွဲ ပါဝင်ခဲ့သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) မှ တပ်ဖွဲ့မှူး ကိုအောင်စံရှားက ပြောသည်။
ထို ခမရ ၅၉၈ တပ်ရင်းစခန်းဌာနချုပ်ကို မေ ၁၁ ရက်နေ့ နံနက်တွင် စစ်တပ်က ပြန်လည် ထိန်းချုပ်ခဲ့ သော်လည်း အနီးဝန်းကျင်ရှိ ရွှေကျင်၊ ကျိုက်ထို၊ သိမ်ဇရပ်မြို့နယ်တွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
“မြေပြင်မှာ စစ်ကြောင်းထိုးတာနဲ့အတူ သိမ်ဇရပ် ကျိုက်ထို၊ ရွှေကျင် အဲ့ဒီကျေးရွာတွေကိုကတော့ စစ်ကောင်စီက နေ့တိုင်း ဗုံးကြဲနေတဲ့ အခြေအနေရှိတာပေါ့။ မနေ့ကဆိုရင် ကျိုက်ထိုမြို့နယ်ထဲက အရပ်သားနေတဲ့ရွာတွေကို တစ်နေ့တည်း သုံးကြိမ် ဗုံးကြဲတာရှိတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက် မှုကတော့ အရပ်သားပစ်မှတ်တွေ၊ လူစုလူဝေးနေရာတွေကိုပဲလိုက်ပြီး ပစ်မှတ်ရှာပြီး ကြဲနေတဲ့ပုံစံမျိုး ဖြစ်နေတာပေါ့”ဟု ကိုအောင်စံရှားက ပြောသည်။
ပြီးခဲ့သည့် မေ ၂၁ ရက်နေ့က ရွှေကျင်မြို့နယ်၊ သံဆိမ်စခန်းမှ စစ်ကောင်စီတပ်၏ စုပေါင်းတပ်များ ပစ်ခတ်မှုကြောင့် ထင်ကျော်ရော်ဘာခြံ၊ နတ်စဉ်တံတားတွင် ဖြတ်သန်းသွားလာသော ဝိုင်ကျွန်းရွာမှ ဦးမင်းအောင် (၅၄) နှစ်၊ တပင်ချောင်းကျေးရွာမှ ဒေါ်စန်းဌေး (၆၂) နှစ်တို့ သေဆုံးခဲ့ပြီး တပင်ချောင်း ကျေးရွာမှ အောင်ဇေယျာထွန်း (၂၁) နှစ် မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်ဟု KNU တပ်မဟာ (၃) က ထုတ်ပြန်ထားသည်။
အလားတူ မေ ၂၃ ရက်ကလည်း စစ်ကောင်စီတပ်၏ ခမရ-၃၀၇မှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ရာ မတောကုန်းကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး ဒေါ်စန်းကြည် (၄၃) နှစ်နှင့် နရွဲပင်ရွာမှ စစ်ဘေးရှောင်ရောက်နေသည့် နော်အေးရွှေ (၇၅) နှစ် တို့ ထိမှန်သေဆုံးခဲ့သည်ဟု KNU တပ်မဟာ (၃) ထုတ်ပြန်ချက်က ဆိုသည်။
KNU တပ်မဟာ (၆) လှုပ်ရှားရာ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း ဘယ်လယ်ဒိုကျေးရွာအနီး စစ်ကောင်စီ၏ ကာကင်းစခန်းတစ်ခုအား မေလ ၂၃ ရက်နေ့ ညနေ ၅ နာရီတွင် တပ်မဟာ (၆) လက် အောက်ခံတပ်ဖွဲ့ဝင် များနှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားသည်။
အဆိုပါစခန်းမှ တပ်သား ၃၀ ဦးခန့် လက်နက်ချပြီး အရာရှိအပါအဝင် ၁၅ ဦးကျော် စခန်းစွန့်ထွက်ပြေး နေကြောင်း ကရင်ပြည်နယ်သတင်းများဖော်ပြနေသည့် KIC သတင်းဌာနက ရေးသားသည်။



