မြန်မာနိုင်ငံဆိုင်ရာ ၎င်းတို့၏ သံအမတ်ကို ပြန်လည်ခေါ်ယူခဲ့သော်လည်း စစ်ကောင်စီနှင့် သံတမန်ရေးရာ ပြဿနာမရှိကြောင်း ဘင်္ဂလားဒေ့ရှ်ကြားကာလအစိုးရအဖွဲ့ခေါင်းဆောင် မိုဟာမက်ယူနွတ်စ်က ပြောကြားလိုက်ပြီး အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ကောလဟလများနှင့် ပတ်သက်၍လည်း ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
ယမန်နေ့ (မေလ ၂၈) ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ကြားကာလအစိုးရ၏ အကြံပေးအရာရှိချုပ် ယူနွတ်စ်က ၂၀၂၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော သံအမတ်ကြီး မိုနာဝါ ဟူစိန်ကို မြန်မာစစ်ကောင်စီက သံတမန်အဖြစ် ‘မလိုလားသူ’ (Persona Non-Grata) အဖြစ် ကြေညာခဲ့ခြင်း သို့မဟုတ် နိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။
“မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီလို ကြေညာချက် သို့မဟုတ် တရားဝင် ဆက်သွယ်မှုမျိုး မလုပ်ပါဘူး” ဟု ယူနွတ်စ်က ပြောကြားခဲ့သလို သံအမတ်ကြီး ဒါကာသို့ ပြန်လာခြင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ ညွှန်ကြားချက်အရ ဖြစ်ကြောင်းနှင့် မည်သည့်သံတမန်ရေးရာ အငြင်းပွားမှုကြောင့်မှ မဟုတ်ကြောင်းလည်း ပြောကြားသည်။
ထင်ကြေးပေးမှုအများအပြား အွန်လိုင်းတွင် ပျံ့နှံ့နေသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။
အဆိုပါကိစ္စအား Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဒါကာရှိ နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိများနှင့် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံတမန်များက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
သို့သော် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ယခင် ရှိတ်ဟာဆီနာ ဦးဆောင်သော အစိုးရလက်ထက်တွင် ခန့်အပ်ခဲ့သည့် သံအမတ်ကြီး ဟူစိန်ကို ပုံမှန်သံတမန်အပြောင်းအလဲအရ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်ဘက်မှ သံအမတ်ကြီးအား ယခုကဲ့သို့ ခေါ်ယူမှုသည် ဘင်္ဂလားဒေ့ရှ် နှင့် ရခိုင်ပြည်နယ်အကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေး စင်္ကြံတစ်ခု ထူထောင်ရန် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသော အဆိုပြုချက်နှင့် ဆက်စပ်မှုမရှိကြောင်း အဆိုပါ သတင်းရင်းမြစ်များက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် AA နှင့် မြန်မာစစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိသည်။
နှစ်နိုင်ငံနယ်စပ်အပါအဝင် ရခိုင်ပြည်နယ်တခုလုံးနီးပါးကို AA ကထိန်းချုပ်ထားပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရအား AA နှင့်ဆက်ဆံရေးတည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိဟောင်းများက အကြံပြုထားသည်။



