နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထက်တန်းကျောင်း ၃ ကျောင်းတွင် ငလျင်ဒုက္ခသည်အဖြစ် ခိုလှုံနေသည့် ရာနှင့်ချီသော ဝန်ထမ်းများကို ဘုန်းကြီးကျောင်း၊ ဓမ္မာရုံများသို့ ပြောင်းရွှေ့နေထိုင်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်ဟု စုံစမ်းသိရသည်။
ဇဗ္ဗူသီရိမြို့နယ် သုခတော်ဝင် အိမ်ရာအနီးတွင်ရှိသော အထက်တန်းကျောင်း အမှတ် ၉၊ ၁၀၊ ၁၁ ကျောင်းဝင်းများရှိ ဘောလုံးကွင်းများအတွင်း ယာယီရွက်ဖျင်တဲထိုးနေထိုင်သည့် ငလျင်ဒုက္ခသည်များကို ရွှေ့ပြောင်းခိုင်းခြင်းဖြစ်သည်။ ပြောင်းရွှေ့ခိုင်းသည့် ကျောင်းသုံးကျောင်းထဲတွင် နေထိုင်သည့် ငလျင်ဒဏ်သင့် ဒုက္ခသည်ဝန်ထမ်း ၅၀၀ ထက်မနည်း ရှိနိုင်ကြောင်း သိရှိရသည်။
“ကျောင်းနဲ့ရွက်ဖျက်တဲတွေ မအပ်စပ်ဘူးဆိုပြီး ရွှေ့ခိုင်းတာ ဒုတပ်ချုပ် (ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း) က ကျောင်းရှေ့ကနေ ဖြတ်သွားတော့ အဲ့တဲတွေ ကျောင်းထဲမှာ မထားခိုင်းဘဲနဲ့ ရွှေ့ခိုင်းတာ” စာသင်ကျောင်းအတွင်းနေထိုင်သည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
ကျောင်းဝန်းထဲရှိ ယာယီရွက်ဖျင်တဲများကို ၂ရက်အတွင်း ဖျက်သိမ်းပြောင်းရွှေ့ရန် မေလ ၂၈ ရက်က ညွှန်ကြားထားပြီး ယနေ့ (မေ ၂၉ရက်) တွင်လည်း စစ်ကားနှစ်စီးဖြင့် အလှည့်ကျပြောင်းရွှေ့ခိုင်းထားကြောင်း ကြုံတွေ့နေသူ ဝန်ထမ်းတစ်ဦးက ဆိုသည်။
“ခုက ဓမ္မရုံထဲကို ရွှေ့ရတာ၊ နေဖို့က အဆင်မပြေဘူး၊ အခန်းအကျယ်ကြီးထဲမှာ မိသားစုတွေနဲ့ဘယ်ပြေမလဲ အဝတ်အစားလဲတာကအစ၊ ခုအပြင်မှာ ယာယီရွက်ဖျင်တဲနဲ့နေဖို့ကလည်း မရှင်းလင်းရသေးဘူး။ ဌာနကို ပြောင်းဖို့ကလည်း နေရာကမရှိတော့ဘူး” ဟု အသက် ၄၀ကျော်အရွယ် ဝန်ထမ်းအမျိုးသမီးက ပြောသည်။
အထက်ပါ ကျောင်းဝန်းများထဲတွင် နေထိုင်သူ စစ်ကောင်စီဝန်ထမ်းအများစုသည် ပညာရေးဝန်ကြီးဌာနမှ အမှုထမ်းများအများစုနှင့်အခြေခံကျောင်းမှ ဆရာ၊ ဆရာမများ နှင့် အဆင့်မြင့်ပညာရေးမှ ဝန်ထမ်းမိသားစုများနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့မှ ဝန်ထမ်းများလည်း ပါဝင်သည်ဟု သိရသည်။
“ကျောင်းဝန်းထဲက ဘောလုံးကွင်းထဲမှာ နေတာ၊ ကျောင်းနဲ့လည်း လှမ်းပါတယ်။ နေ့ဘက်ဆို ကလေးတွေက ကျောင်းတက်၊ ဝန်ထမ်းတွေက ကျောင်းသွား၊ အဲမှာလည်း နေ့ဘက်လည်းမနေပါဘူး၊ အဲဒါကို ဖယ်ခိုင်းတော့ အထိုင်ကျပြီးသားအရာတွေ အကုန်ပျက်ကုန်တာ “ ဟု အသက် ၃၀ကျော်အရွယ် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ဝန်ထမ်းများသည် မပြိုဖျက်သေးသည့် ဝန်ထမ်းအိမ်ရာများတွင် ရေချိုး၊ ထမင်းချက်၊နှင့် အိမ်မှုကိစ္စများလုပ်ပြီး ညပိုင်းတွင် ရွက်ဖျင်တဲ၌ နေထိုင်ရေးကို ဖြေရှင်းကြရသည်။ စစ်ကောင်စီမှ ပြောင်းရွှေ့ခိုင်းသည့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံများသို့ မပြောင်းရွှေ့လိုသူ ဝန်ထမ်းများသည် ယာယီရွက်ဖျက်တဲများဖြင့် မဖြိုဖျက်သေးသည့် အိမ်ရာများအောက်တွင် စုနေရန်ဆိုသော်လည်း ခွင့်မပြုဟုလည်း ဝန်ထမ်းများက ဆိုသည်။
ငွေကြေးတတ်နိုင်သူ မိသားစုများသည် မိသားစုနှစ်စုပေါင်း၍ သုခတော်ဝင်အိမ်ရာထဲတွင် ကျပ်နှစ်သိန်းမှ သုံးသိန်းကြားအခန်းများ ဌားရမ်း၍ စပ်တူနေထိုင်ကြသည်ဟုလည်းသိရသည်။
စစ်ကောင်စီသည် ဝန်ကြီးဌာနယာယီရုံးခန်းများကို ယာယီအစားထိုးရန်နှင့် ဝန်ထမ်းများ ယာယီနေထိုင်ရန် Modular House ဟု ခေါ်သော အသင့်တပ်တည်ဆောက်နိုင်သည့် အဆောက်အအုံများနှင့် တွန်တိန်နာဘောက် (ကုန်သေတ္တာကြီး)နှင့်တည်ဆောက်နေမှုလည်း မပြီးစီးသေးဘဲ လနှင့်ချီကြာမြင့်မည်ဖြစ်ကြောင်း ဆောက်လုပ်နေသည့် အင်ဂျင်နီယာများထံမှ သိရသည်။
ဗုဗ္ဗသီရိမြို့နယ်ရှိ မြေကွက်လွတ်များထဲတွင် Modular House၊ ကွန်တိန်နာဘောက်(ကုန်သေတ္တာကြီး) အဆောက်အအုံများကို ထောင်နှင့်ချီ ဆောက်လုပ်နေပြီး ပြီးစီးမည့် ကာလ လနှင့်ချီကြာမည်ဟု ၎င်းတို့က ဆိုသည်။
မတ်လ၂၈ရက်နေ့ ငလျင်ကြောင့် လူပေါင်း ၃၇၀၀ကျော်သေဆုံး၊ အိမ်ခြေ ၆,၇၀၀၀ကျော် ပြိုကျပျက်စီး၊ ကျောင်းပေါင်း ၆၄၀၀ကျော်၊ ဆေးရုံဆေးခန်း ၃၅၀ခန့် ပျက်စီးခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။
ဝန်ကြီးဌာနအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ယာများ ပျက်စီးမှုနှင့် ဝန်ထမ်းနှင့် မိသားစုဝင်များ သေဆုံးမှု အချက်လက်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိဘဲ ဖုံးဖိထားဆဲ ဖြစ်သည်။



