မတ်လကုန်ပိုင်း အင်အားပြင်း မြေငလျင်နှင့် နောက်ဆက်တွဲရိုက်ခတ်မှုကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅-၂၆ ယခုဘဏ္ဍာနှစ်အတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ယနေ့ (ဇွန် ၁၂) တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ၏ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ)မှာ အမေရိကန်ဒေါ်လာ ၇၇ ဘီလျံကျော်ရှိပြီး ငလျင်ကြောင့် အဆောက်အဦများ တိုက်ရိုက်ထိခိုက်ပျက်စီးမှုတန်ဖိုးသည် ဒေါ်လာ ၁၁ ဘီလျံကျော်ရှိကာ ဂျီဒီပီ၏ ၁၄ ရာခိုင်နှုန်းရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူးနှင့် မကွေးတိုင်းတို့မှ လူပေါင်း ၁၇ သန်းကျော် အပေါ်သက်ရောက်မှုရှိခဲ့ကာ ၉ သန်းကျော်မှာ ထိခိုက်မှုပြင်းထန်ခဲ့သည်ဟု ဆိုသည်။
“ငလျင်ကြောင့် လူ့အသက်ဆုံးရှုံးမှုနဲ့ နေရပ်စွန့်ခွာပြောင်းရွှေ့မှုတွေအပေါ်မှာ သိသိသာသာ သက်ရောက်စေပြီး စီပွားရေးဆိုင်ရာအခက်အခဲတွေ ပိုမိုးဆိုးရွားနေချိန် မြန်မာပြည်သူတွေရဲ့ ခံနိုင်ရည်ကို ထပ်လောင်းစမ်းသပ်နေပါတယ်။ ထိခိုက်အလွယ်ဆုံးလူတွေကိုကူညီဖို့ ပြန်လည်ထူထောင်ရေးဆိုင်ရာ အားထုတ်မှုတွေ မရှိမဖြစ်လိုအပ်ပါတယ်” ဟု ကမ္ဘာဘဏ်၏ မြန်မာနှင့် ထိုင်းနိုင်ငံဆိုင်ရာဒါရိုက်တာ Melinda Good က ပြောသည်။

ကုန်သွယ်ရေးအကျပ်အတည်း၊ နိုင်ငံခြားငွေလဲလှယ်မှုကန့်သတ်ချက်၊ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ပဋိပက္ခများကို ရင်ဆိုင်နေရချိန် ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ စီပွားရေးထိခိုက်မှုများရှိကြောင်း၊ ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် အိမ်ထောင်စုများ၏ဝင်ငွေနှင့် စားသုံးမှုများထိခိုက်မှုရှိကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ယခုနှစ် ဧပြီလထိ ငွေကြေးဖောင်ပွမှုနှုန်းသည် ၃၄ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
၂၀၂၄ ခုနှစ်တွင် ဆင်းရဲနွမ်းပါးနှုန်းသည် မြန်မာလူဦးရေစုစုပေါင်း၏ ၃၁ ရာခိုင်နှုန်းရှိပြီး ပဋိပက္ခနှင့် ငလျင်ဘေးကို ဆက်လက်ရင်ဆိုင်နေရ၍ ယခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်း ထက်မံတိုးနိုင်ကြောင်းလည်း ကမ္ဘာ့ဘဏ်က ဆိုသည်။

ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဘေး ကြုံခဲ့ရသည်မှာ ၃လနီးပါး ရှိလာပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေး မစနိုင်သေးဘဲ အပျက်အစီးများကြား ပြန်ရုန်းထရန် ခက်ခဲဆဲဖြစ်သည်။ ငလျင်ဒဏ်ခံဒေသများတွင် ပြည်သူအချင်းချင်း အပြန်အလှန်ကူညီမှု၊ ကိုယ်ထူကိုယ်ထစနစ်တို့ဖြင့် ဖြေရှင်းနေကြရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်များဖြစ်သော ပဋိပက္ခကျယ်ပြန့်လာမှုနှင့် စီးပွားရေးကျဆင်းမှုများကြောင့် ငလျင်ဒဏ်မခံရသည့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် လူပေါင်း ၂ ဒသမ ၇ သန်းကျော် ဆင်းရဲမွဲတေမှုကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ဇွန်၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။



