ဆောင်းပါးအတွေးအမြင်

၈၀ ပြည့်နှစ် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ခရီးကြမ်း

ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၈၀ ပြည့် မြောက်လာသည့်တိုင်အောင် စစ်အာဏာရှင်စနစ်ကို “ပြည်သူနှင့်အတူ” နေပြည်တော် အကျဥ်းထောင်ထဲတွင် ဆက်လက်တိုက်ပွဲဝင်နေသူဖြစ်သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် ခေတ်အဆက်ဆက် မြန်မာပြည်သူအားလုံး အလေးအမြတ်ပြုကြရ သော နေ့တစ်နေ့ ဖြစ်ပါသည်။ ဗြိတိသျှကိုလိုနီအဖြစ်မှ လွတ်လပ်ရေးရယူပေးခဲ့ပြီး ပဒေသရာဇ်ခေတ်ဟောင်း မြန်မာနိုင်ငံမှ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်အဖြစ် နိုင်ငံတော်သစ်၊ စနစ်သစ် ထူထောင်ရာတွင် ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသောနေ့ ဖြစ်သည်။

ထိုစဥ်က ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့ပြီး၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဇနီးဒေါ်ခင်ကြည်တို့၏ အငယ်ဆုံးနှင့် တစ်ဦးတည်းသောသမီး အသက် ၂နှစ် နှင့် ၁လသမီးအရွယ်  ဒေါ်အောင်ဆန်းစုကြည်သည် နောင်တစ်ချိန်တွင် ဖခင်ကဲ့သို့ မြန်မာပြည်သူများ၏ လေးစားချစ်ခင်အပ်သော ဒီမိုကရေစီခေါင်းဆောင်အဖြစ် ပေါ်ထွန်းလာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ခဲ့ကြလိမ့်မည် မဟုတ်ပါ။

၁၉၈၈ ခုနှစ်မှစ၍ မြန်မာ့ဒီမိုကရေစီအရေးကို ဦးဆောင်သူ တစ်ဦးအဖြစ် နိုင်ငံရေးထဲ စတင်ဝင်ရောက်လာပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့သည် နိုင်ငံအနှံ့ ပြည်သူများကိုယ်တိုင် လိုလိုလားလား ကျင်းပ လေ့ရှိသော နေ့တစ်နေ့ဖြစ်လာသည်။ 

ဒဏ္ဍာရီဆန်ဆန် ထူးခြားစွာပင် မြန်မာပြည်သူများအကြား သတိတရ ရှိကြသော “၁၉” နံပါတ်သည် ဖခင်နှင့် သမီးအကြား တိုက်ဆိုင်လွန်းသော အာဇာနည်တစ်ဦး သေဆုံးခြင်းနှင့် ဒီမိုကရေစီခေါင်းဆောင်တစ်ဦး မွေးဖွား ခြင်း နေ့ရက်များအဖြစ် ပြည်သူများအကြား အမှတ်တရ ဖြစ်လာခဲ့သည်။     

ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများ၏ ဂုဏ်ပြုခြင်းခံရသော မွေးနေ့ရှင် နိုင်ငံရေးခေါင်းဆောင် 

၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀နှစ်ပြည့် မွေးနေ့ဖြစ်သည်။ အနှစ် ၈၀ ပြည့်နှစ်အထိ လူ့လောကတွင် သက်ရှည်ကျန်းမာစွာဖြင့် ရှင်သန်နေထိုင်နိုင်ခြင်းက မင်္ဂလာတစ်ပါး ဖြစ်ပေသည်။  မိသားစု အများအပြားက မိသားစုဝင်တစ်ဦး၏ အသက် ၈၀ ပြည့်နှစ် မွေးနေ့ကို ထူးခြားဝမ်းမြောက်စွာ ကျင်းပပေးကြပေလိမ့်မည်။

မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ အသက် ၈၀ ပြည့်နှစ် မွေးနေ့ကို အကျဥ်းထောင်ထဲ ခက်ခဲပင်ပန်းစွာ ဖြတ်သန်းနေရသည်။ ပြင်ပနှင့် အဆက်အသွယ် လုံးလုံးလျားလျား ဖြတ်တောက်ခံထားရသဖြင့် ကျန်းမာရေးအခြေအနေ မည်သို့ရှိနေမည်ကိုလည်း ပြင်ပကမ္ဘာက မသိရပေ။  မွေးနေ့တွင် အဝေးတွင်ရှိနေသော သားနှစ်ဦးက မိခင်ကို တွေ့ဆုံခွင့်မရခြင်း၊ မိသားစုဝင် ဆွေးမျိုးသားချင်း တစ်ဦးမျှ ရှိမနေဘဲ အထီးကျန်စွာ ဖြတ်သန်းရခြင်း တို့က သူ့ကို ချစ်ခင်လေးစားကြသော ပြည်သူများအတွက် စိတ်ထိခိုက်စရာ မွေးနေ့တစ်ခု ဖြစ်သလို၊ သူ လွတ်မြောက်ရေး မျှော်လင့်နှိုးဆော်မှုများ တစ်ဖန်နိုးကြားလာသည့် မွေးနေ့လည်း ဖြစ်စေပါသည်။ 

ထိုအချက်ကပင် သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) Kim Aris က မိခင်၏ အသက် ၈၀ ပြည့်နှစ်မွေးနေ့ကို မြန်မာပြည်နှင့် ကမ္ဘာအနှံ့မှ မြန်မာပြည်သူများ ပါဝင်ဆုတောင်းနိုင်မည့် ရိုးရှင်းသော မွေးနေ့ဆုတောင်း လှုပ်ရှားမှု တစ်ခုကို ဦးဆောင်လှုပ်ရှားရန် တွန်းအားဖြစ်လာစေသလား တွေးဆစရာ ဖြစ်ပါသည်။

“မေမေဟာ သူ့ရဲ့ တစ်ဘဝလုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများအတွက် နှစ်မြှုပ်ခဲ့ပြီး၊ ဘဝရဲ့ လေးပုံတစ်ပုံကိုလည်း ထောင်ထဲ ဒါမှမဟုတ် အိမ်အကျယ်ချုပ်နဲ့ ဖြတ်သန်းခဲ့ရပါတယ်၊ ဒီလို ဖြတ်သန်းခဲ့ရတာဟာ မြန်မာပြည် နဲ့ ပြည်သူတွေအပေါ် ထားရှိတဲ့ ဂရုဏာတရားနဲ့ ငြိမ်းချမ်းစွာနဲ့ နေနိုင်မယ့် ဒီမိုကရေစီဆန်ပြီး လွတ်လပ်တဲ့ မြန်မာပြည်အတွက်ဆိုတဲ့ တစ်ခုတည်းသော ရည်မှန်းချက်အတွက်ပဲ ဖြစ်ပါတယ်” ဟု ကိုထိန်လင်းက ၎င်း၏ Facebook စာမျက်နှာကတစ်ဆင့် “Suu 80 Birthday Wish” လှုပ်ရှားမှုတွင် အများပြည်သူသို့ အသိပေး ပြောကြားခဲ့သည်။

၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေးကို ဦးဆောင်ပါဝင်ချိန်က ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၄၃ နှစ် အရွယ်၊ အရွယ်ကောင်းဟု ဆိုရမည် ဖြစ်သည်။ သို့သော် သူ၏ နိုင်ငံရေးဘဝက ခက်ခဲကြမ်းတမ်းလှသည်။ ယခင် စစ်အာဏာရှင်ဟောင်း သန်းရွှေအစိုးရ ၂၂ နှစ်ကျော် သက်တမ်းအတွင်း နေအိမ်အကျယ်ချုပ် ၃ကြိမ်ဖြင့် ၁၅ နှစ်ကြာ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံခဲ့ရဖူးသည်။ 

ထိုစဥ်က မြန်မာနိုင်ငံမှ ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦးသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ အတွက် မကြောက်မရွံ့၊ မဆုတ်မနစ်၊ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေခြင်းတို့ကြောင့် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် နေ့တွင် “နိုဘယ်ငြိမ်းချမ်းရေး” ဆုတံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရပြီး၊ အရှေ့တောင်အာရှဒေသတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်လာခဲ့သည်။ ၁၉၉၆ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် ထိုဆုကို အရှေ့တီမောနိုင်ငံခေါင်းဆောင် José Ramos-Horta နှင့် ဖိလစ်ပိုင်နိုင်ငံသူ သတင်းစာဆရာ Maria Ressa တို့  ရရှိခဲ့သည်။ 

စစ်အစိုးရ၏ အကျဥ်းသားဘဝ ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော ဆုတံဆိပ်ပေါင်း ရာကျော်ရှိသည့် အနက် နိုဘယ်ငြိမ်းချမ်းရေးဆုသည် ဂုဏ်သိက္ခာ အကြီးမားဆုံး ဆုတံဆိပ် ဖြစ်ပြီး၊ သူကိုယ်တိုင် ရေးသားခဲ့ပြီး ထိုနှစ် တွင် ထုတ်ဝေခဲ့သည့် “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” (Freedom from Fear) စာအုပ်သည် ကမ္ဘာကျော်ခဲ့သည်။     

သို့သော် ယခင် ဒီမိုကရေစီအရေး လှုပ်ရှားရုန်းကန် တိုက်ပွဲဝင်သူတစ်ယောက်အဖြစ် ရှိစဥ်က တကမ္ဘာလုံး၏ အာရုံစိုက်ခြင်း ခံခဲ့ရချိန်နှင့် ယနေ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကျဥ်းသားအဖြစ်   အကျဥ်းကျခံနေရသည်မှာ ၄နှစ်နှင့် ၄လကျော် ရှိနေပြီး၊ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဥ်းသား တစ်ဦး ဖြစ်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာကြီး၏ အာရုံစိုက်မှု များစွာကွာခြားသွားခဲ့လေသည်။ 

ကမ္ဘာကြီးက မြန်မာ့အရေးထက် ပို၍အရေးကြီးသော ဖြစ်ရပ်ကြီးများကို ရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။ ကမ္ဘာကြီး၏ အပြောင်းအလဲ မည်သို့ပင်ရှိစေကာမူ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မြတ်နိုး လေးစားတန်ဖိုး ထားသော မြန်မာပြည်သူ အရေအတွက်မှာမူ လွန်ခဲ့သော ၃၇နှစ်အတွင်း လျော့ကျမသွားခဲ့ပါ။ ယင်းသည် ကမ္ဘာ့ နိုင်ငံရေးခေါင်းဆောင်များထဲ ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားသော ဆွဲဆောင်အားဖြစ်ပြီး၊ မြန်မာပြည်သူများက နိုင်ငံတော်၏ မိခင်သဖွယ် “အမေ” ဟု အမြတ်တနိုး ခေါ်ကြဆဲ၊ တမ်းတကြဆဲ၊ မျှော်လင့်နေကြဆဲ ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။   

အာဏာရှင်စစ်ဗိုလ်ချုပ်များကို လက်နက်မဲ့ခုခံနေသော “သံမဏိနှင်းဆီ”

ဒီမိုကရေစီယောင်ပြ အသွင်ကူးပြောင်းရေးခေါင်းစဥ်ဖြင့် စနစ်တကျရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် နိုင်ငံရေးအပြောင်းအလဲလုပ်ပြီး စစ်တပ်အာဏာကြီးစိုးရေးကို စစ်ခေါင်းဆောင်များ စနစ်တကျ ကြိုးပမ်းခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည် မသိ၍ မဟုတ်ပါ။ စစ်ဗိုလ်ချုပ်များ ဆင်ထားသော ထောက်ချောက်ထဲ သိသိ နှင့် တိုးဝင်ခဲ့သော သူ့ကို “သံမဏိ နှင်းဆီ” ဟု ပြည်သူများက ဂုဏ်ပြု အမည်ပေးခဲ့သည်။ 

စစ်တပ်ကို အကြမ်းမဖက် ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး သုံးကြိမ်သုံးခါ နေအိမ်အကျယ်ချုပ်ဖြင့် အကျဥ်းချခြင်းခံရပြီးနောက် တိုင်းပြည်ကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရန် ထိခိုက်နစ်နာမှု အနည်းဆုံးနည်းလမ်း ကို ရွေးချယ်ခဲ့ပြီး၊ ဒီမိုကရေစီမကျသော ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ရွေးကောက်ပွဲကိုဝင်ရန် ဆုံးဖြတ်ခဲ့ သည်။ 

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ခြင်းသည် ၁၉၈၈ ခုနှစ်ကတည်းက ရပ်တည်ခဲ့ သော အတိုက်အခံခေါင်းဆောင်ဆိုသည့် အနေအထားမှ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ နိုင်ငံရေးခေါင်းဆောင်မှု အခန်းကဏ္ဍ ပြောင်းလဲမှုများ၏ အချိုးအကွေ့အစ ဖြစ်ခဲ့သည်။  

အန္တရာယ်ရှိသော ထိုဆုံးဖြတ်ချက်အတွက် ထိုအချိန်က ပါတီခေါင်းဆောင်ပိုင်းအတွင်း၌ပင် သူနှင့် သဘောထား ကွဲလွဲမှုရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး၊ အထင်ရှားဆုံးမှာ ပါတီအတွင်းရေးမှူးဖြစ်သူ ဦးဝင်းတင် ဖြစ်သည်။ ဦးဝင်းတင်သည် သတင်းစာဆရာနှင့် စစ်အာဏာရှင်တို့၏ နှစ်ရှည်နိုင်ငံရေးအကျဥ်းသား ဖြစ်ခဲ့ပြီး၊ စစ်ခေါင်းဆောင်များကို ကျောက်စိုင်ကျောက်သားကဲ့သို့ အခိုင်အမာ နိုင်ငံရေးအံတုခဲ့သူတစ်ဦးဖြစ်သည်။ 

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး စစ်ဗိုလ်ချုပ်ကြီးများ နှစ်ပေါင်းများစွာ ထိန်းချုပ်လာခဲ့သော အာဏာကို ၎င်းတို့ လက်ထဲမှ ဒေါ်အောင်ဆန်းစုကြည် အသာအယာ ရယူပြနိုင်ခဲ့သည်။ နိုင်ငံတော်အာဏာကို စစ်ခေါင်းဆောင် များထံက တရားနည်းလမ်းကျကျ ပြည်သူ့ထောက်ခံမှု အင်အားဖြင့် ငြိမ်းချမ်းစွာ ရယူပြခဲ့သည်။ သို့သော် စစ်ခေါင်းဆောင်များအတွက် ခါးသီးသော သင်ခန်းစာ ဖြစ်ခဲ့သည်။  

ဒီမိုကရေစီစနစ်တွင် အာဏာသည် ပြည်သူမှဆင်းသက်ပြီး၊ ပြည်သူများ၏ ဆန္ဒမဲသည် မည်မျှအစွမ်းထက် ကြောင်း ဒေါ်အောင်ဆန်းစုကြည် သက်သေပြနိုင်ခဲ့ပြီး၊ သူပြောခဲ့ဖူးသော ထိခိုက်နစ်နာမှုအနည်းဆုံးနည်းလမ်းပင် ဖြစ်သည်။ သို့သော် တိုင်းပြည်ကို ဒီမိုကရေစီစစ်စစ် ဆီသို့ ပြောင်းလဲနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဦးတည်ကြိုးပမ်းလာသည့်အခါ အာဏာအလုံးစုံလက်လွှတ်ရမည်ကို ကြောက်ရွံ့လာသော စစ်တပ်၏ လက်နက်အားကိုးပြီး အာဏာပြန်သိမ်းခြင်းကို ခံခဲ့ရသည်။ 

မအောင်မြင်ခဲ့သော ရင်ကြားစေ့ရေး “မူ”

ဒေါ်အောင်ဆန်းစုကြည် အာဏာရပြီ ဆိုသည်နှင့် ကမ္ဘာ့တဝှမ်း အစိုးရများက အံ့ဩဘနန်း ထောက်ခံခဲ့ကြ သည်။ ပြည်သူများအပေါ် လွန်စွာရက်စက်ကြမ်းကြုတ် ဖိနှိပ်မှုများကြောင့် မြောက်ကိုရီးယား၊ အီရန်တို့နှင့် တတန်းတည်းထား အရေးယူခံခဲ့ရသော မြန်မာစစ်အာဏာရှင်များကို အကြမ်းမဖက် ရင်ဆိုင်အနိုင်ယူပြခဲ့သည့် ဖြစ်ရပ်က စိတ်ကူးယဉ်ကမ္ဘာထဲက နတ်သမီးပုံပြင်အလား ကမ္ဘာကြီးက အံ့ဩချီးကျူး ထောပနာ ပြုခဲ့ကြသည်။ 

အာဏာရှင်၏ အကျဥ်းသားဘဝမှ နောက်ဆုံး မိမိလက်ထဲ အာဏာရရှိလာသည်အထိ စွမ်းဆောင်နိုင်ခဲ့သော အောင်ဆန်းစုကြည်ကို တောင်အာဖရိက၏ အသားအရောင်ခွဲခြားရေး (Apartheid) ကို ဆန့်ကျင်တိုက်ပွဲဝင် ခဲ့မှုကြောင့် ကမ္ဘာကျော် တစ်ကျွန်းစံ အကျဥ်းသားဘဝမှ သမ္မတဖြစ်လာသော နယ်လ်ဆင်မင်ဒဲလားနှင့် မကြာခဏ ထပ်တူပြု နှိုင်းယှဥ်ပြောဆိုလေ့ ရှိခဲ့ကြသည်။ 

သို့သော် နယ်လ်ဆင်မင်ဒဲလား မကြုံတွေ့ခဲ့ရသော၊ အာဏာမှလွဲလျှင် မည်သည့်အရာကိုမျှ ဂရုမစိုက်သော မြန်မာနိုင်ငံရှိ စစ်ဗိုလ်ချုပ်များ၏ ရက်စက်ကြမ်းကြုတ်မှုမျိုး ဒေါ်အောင်ဆန်းစုကြည် ကြုံတွေခဲ့ရပြီး၊ နိုင်ငံရေး အကျဥ်းသားအဖြစ် ကာလရှည် ပြန်လည် ရင်ဆိုင်နေရသည်။

သူ၏အသက်အန္တရာယ်ကို တစ်ကြိမ်မက လုပ်ကြံခဲ့ဖူးသော စစ်ခေါင်းဆောင်များကို သူအာဏာရရှိလာချိန်တွင် အပြုံးမပျက် လက်ဆွဲနှုတ်ဆက်ပြီး၊ စစ်တပ်၏ အတိတ်က ကျူးလွန်ခဲ့မှုများအပေါ် “အမျိုးသားရင်ကြားစေ့ရေးမူ” ဖြင့် အာဃာတ မထားကြောင်း ပြသခဲ့သော်လည်း၊ စစ်ဗိုလ်ချုပ်များသည် ဒီမိုကရေစီစနစ်ကို မကြိုက်ကြသလို၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မယုံကြည်ကြပါ။ 

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နှစ်ပေါင်းများစွာ စစ်တပ်၏ မတရားဖိနှိပ်ရက်စက်မှုများကို ခံစားခဲ့ရသော လုပ်ဖော်ကိုင်ဖက်များက စစ်ခေါင်းဆောင်များကို ၎င်းတို့၏ အတိတ်ကာလ ကျူးလွန်ခဲ့မှုများအတွက်  အနည်းဆုံး တာဝန်ယူတာဝန်ခံမှု ရှိစေချင်ကြသည်။ စစ်ဗိုလ်ချုပ်များ ကျူးလွန်ခဲ့သော ပြစ်မှုများ၏ အမှန်တရား ဖော်ထုတ်ရေးအတွက် ဆန္ဒရှိကြသော်လည်း၊ သူ၏ခေါင်းဆောင်မှုကို ယုံကြည်သော ပြည်သူလူထုသည် “အမျိုးသား ရင်ကြားစေ့ရေးမူ” ကို စောဒက မတက်ခဲ့ကြပါ။ 

တိုင်းပြည်၏ “အဆိုးသံသရာ” အတိတ်ကို ပြန်လှည့်ခြင်းထက် အနာဂတ်ကို မျက်နှာမူပြီး၊ နိုင်ငံသားများ လူ့ဂုဏ်သိက္ခာနှင့်အညီ လွတ်လပ်လုံခြုံစွာ နေထိုင်နိုင်ရေးကို ရှေ့ရှုကာ တိုင်းပြည်ပြန်လည် တည်ဆောက်ရေး သူ၏ ကြိုးပမ်းဆောင်ရွက်လိုစိတ်ကြောင့်သာ မျိုသိပ်ခဲ့ကြသည်။    

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားရင်ကြားစေ့ရန် ကြိုးပမ်းခဲ့မှုအပေါ် တန်ဖိုးထားလက်ခံခဲ့ခြင်း အလျင်းမရှိ ခဲ့သော စစ်ဗိုလ်ချုပ်များသည် လက်နက်အားကိုးဖြင့် အတိတ်က “အဆိုးသံသရာ” ထဲ တစ်ဖန်ပြန်လည်နစ်မွမ်းစေရန် အာဏာသိမ်းပြီး တိုင်းပြည်ကို ဖျက်ဆီးခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အညှိုးကြီးစွာဖြင့် ဒေါ်အောင်ဆန်းစုကြည် မကျူးလွန်ခဲ့သော အမှုပေါင်းများစွာဖန်တီး၍ သူ၏ လက်ကျန်လူ့သက်တမ်းကို အကျဥ်းထောင်အတွင်း ကုန်ဆုံးစေရန် အစီအစဥ်ရှိရှိ ချုပ်နှောင်ထားခဲ့သည်။ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သေဒဏ် စီရင်နေခြင်း ဖြစ်သည်။

တောရိုင်းတိရစ္ဆာန်ဆန်ဆန် ပြုမူလျက်ရှိသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လက်နက်မဲ့ စေ့စပ်ညှိနှိုင်း၍ မရတော့မှန်း ရှင်းလင်းပြတ်သားစွာ သိမြင်ခဲ့ကြသော၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော မြန်မာပြည်သူများသည် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲလာခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် မြင်တွေ့လိုသော ထိခိုက် နစ်နာမှု အနည်းဆုံးနည်းလမ်းနှင့် ဆန့်ကျင်ဖက် ပျက်စီးဆုံးရှုံးမှုကြီးမားမှုများကို နေ့စဥ်နေ့တိုင်း တွေ့မြင်နေရသည်မှာ ၄နှစ် ၄လကျော်ခဲ့ပြီ ဖြစ်သည်။ 

ဒီမိုကရေစီမဟာမိတ်များ ထင်းစည်းပြေခြင်း  

ဒေါ်အောင်ဆန်းစုကြည် အာဏာရရှိလာချိန်မှာ ၁၉၈၈ ခုနှစ်ကတည်းက ဒီမိုကရေစီအရေး လက်တွဲတိုက်ပွဲဝင်ခဲ့ကြသော မဟာမိတ် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များက ဒီမိုကရေစီအောင်ပွဲအဖြစ် ခံယူခဲ့ ကြသည်။ စစ်တပ်၏ အုပ်ချုပ်မှုအောက် အကျဥ်းထောင်အသီးသီးတွင် နှစ်ရှည်အကျဥ်းကျခံဖူးခြင်းမရှိသော နိုင်ငံရေးခေါင်းဆောင် မရှိသလောက်ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးသည် စစ်ခေါင်းဆောင်များ အပေါ် ခါးသီးသော ခံစားချက်များ ရှိကြသည်။ 

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးမူကို ကိုင်စွဲမည်ဟု ကြေညာချိန်တွင်၊ အတိတ်က  စစ်တပ်ကျူးလွန်ခဲ့မှုများအတွက် စစ်ဗိုလ်ချုပ်များ ထုတ်ဖော်ပြောဆို ဝန်ခံကြရုံဖြင့် တာဝန်ယူမှုကို ပြသသင့်သည်ဟု သဘောထားရှိ‌ကြသည်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို မျှော်လင့်ခဲ့ကြခြင်းသည် သူ့ကို စစ်ခေါင်းဆောင်များနှင့် အသစ်တစ်ဖန် ထိပ်တိုက်ရင်ဆိုင် စီးချင်းထိုးရန် တွန်းအားပေးနေသကဲ့သို့ ရှိခဲ့သည်။ ထိုလမ်းကို ဒေါ်အောင်ဆန်းစုကြည် မရွေးချယ်ခဲ့ပါ။ 

တဖက်တွင် မြန်မာနိုင်ငံရေးတွင် စစ်တပ်ပါဝင်နေမှုကို အဆုံးသတ်နိုင်မည်ဆိုပါက ဒီမိုကရေစီအရေး၊ လူ့အခွင့် အရေးတို့သည် အလိုအလျောက်ထွန်းကားလာမည်ဖြစ်၍ စစ်တပ်နှင့် ယုံကြည်မှုတည်ဆောက်ပြီး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး အရင်ဆုံး ရွေးချယ်ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းကိုပင် အငြိမ်းချမ်းဆုံးနည်းလမ်းဟု သူယုံကြည်ခဲ့သည်။

ဤသို့ဖြင့် တချိန်က ဒီမိုကရေစီအရေး လက်တွဲတိုက်ပွဲဝင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်/အဖွဲ့အစည်းတချို့၏ သူ့အပေါ် နားလည်မှု လွဲမှားခြင်းများ စတင်ဖြစ်ပေါ်လာသည်။ အထူးသဖြင့် တိုင်းရင်းသားမဟာမိတ် နိုင်ငံရေး ပါတီများက အာဏာရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်နှင့်သာ ရင်ကြားစေ့ရေးကြိုးပမ်းမှုများ တွင် အချိန်ကုန်နေပြီး၊ သူတို့ကို လစ်လျှူရှု့ခဲ့ လက်တွဲဖြုတ်ခဲ့သည်ဟု ယူဆခဲ့ကြသည်။

ဒီမိုကရေစီမဟာမိတ်များ ထင်းစည်းပြေချိန် စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ကို “ဒီမိုကရေစီအာဏာရှင်” ဟု စတင် ဝါဒဖြန့် အမည်ဖျက်လာပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်တွင် ဆောင်ရွက်ချက်များကို “ဒီမိုကရေစီအနိုင်ကျင့်ခြင်း” အဖြစ် တံဆိပ်ကပ်ခဲ့သည်။ စစ်တပ်၏ အဆိုပါ ဝါဒဖြန့်လှုံ့ဆော်မှုများကို နိုင်ငံရေး ခေါင်းဆောင်တချို့ကပါ ကျေနပ်စွာ သဘောတူ ဝေဖန်ပြောဆိုခဲ့ကြသည်။

အာဏာရခေါင်းဆောင်တစ်ဦး၏ မချောမွေ့သော နိုင်ငံရေးခရီး

သို့သော် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ နိုင်ငံတော်အာဏာကို စတင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးက မချောမွေ့ခဲ့ပါ။ အာဏာရပြီး ၆လခန့်အကြာ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ရခိုင် ပြည်နယ်တွင် ယခင်က မကြားဖူးသော ARSA (Arakan Rohingya Salvation Army) ၏ တိုက်ခိုက်မှုကို စတင် ကြုံတွေ့ရပြီး၊ ယင်းဖြစ်စဥ်သည် နောက်တနှစ်ခန့်အကြာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့များမှ ရိုဟင်ဂျာလူမျိုး ၇သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေး ခိုလှုံခဲ့ရသည်အထိ နိုင်ငံတကာပြဿနာကြီးအဖြစ် ကြီးထွားခဲ့သည်။  

စိတ်ဝင်စားစရာကောင်းသည်မှာ အာရက္ခတပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းတို့တပ်ဖွဲ့ ရခိုင်တွင်  ခြေကုပ်မယူနိုင်ရန် ARSA ကို စစ်တပ်ကိုယ်တိုင် မွေးမြူ ခဲ့ပြီး၊ နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အစိုးရ ပြုတ်ကျရေးအတွက် အသုံးချခဲ့သည်ဟု ဆိုသည်။  နိုင်ငံရေးသမား အများအပြားကလည်း ထိုသို့ သံသယဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီပြီး၊   အထောက်အထားများ ထုတ်ဖော်ပြသနိုင်ကြမည်ဆိုလျှင်  နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က  မင်းအောင်လှိုင်ကို စစ်ရာဇဝတ်ကောင်အဖြစ်   ဝရမ်းထုတ်နိုင်မည် ဖြစ်သည်။ 

စင်စစ် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရ ပြီးပြီးချင်း တစ်လမပြည့်မီ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်ကို အမြန်ဆုံး ဖွဲ့စည်းပြီး၊ ရိုဟင်ဂျာအရေး အကောင်းဆုံးအဖြေရှာရန် ကြိုပမ်းခဲ့သည်။ ရိုဟင်ဂျာပြဿနာ၏ အတိမ်အနက်ကို ရိပ်စားမိသောကြောင့် ဖြစ်နိုင်သည်။ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းရေးကို နိုင်ငံတကာအရေးဖြစ်ရန် လုပ်ဆောင်နေသည်ဟု ယူဆ ဆန့်ကျင်ခဲ့ပြီး၊ ထိုကော်မရှင် ဖွဲ့စည်းရာတွင် နိုင်ငံခြားသား ဦးဆောင်မှုအပေါ် မကျေနပ် ကန့်ကွက်ခဲ့သည်။ 

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့သည် နယ်စပ်ရဲကင်းစခန်းအများအပြားကို ARSA က ဝင်ရောက်တိုက်ခိုက်မှုသည် ကိုဖီအာနန်ကော်မရှင်က ရိုဟင်ဂျာအရေးဖြေရှင်းရန် အချက် (၈၈) ချက်ပါဝင်သော အကြံပြုအစီရင်ခံစာ ထုတ်ပြန်ချိန်တွင် တိုက်ဆိုင်စွာ ဖြစ်ပွားခဲ့သည်။ သို့သော် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီသည် ARSA က အလုံးအရင်းနှင့် တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နယ်စပ် ရဲကင်းစခန်း နေရာများကို ထိုစဥ်က သူကိုယ်တိုင် ရောက်ရှိလေ့လာခွင့်ရခဲ့ပြီး၊ စစ်တပ်ပြောသကဲ့သို့ ဖြစ်ပွားခဲ့သည်ဟု သူ မယုံကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ဖူးသည်။  

ထိုဖြစ်ရပ်ကို အကြောင်းပြုပြီး၊ ရက်စက်ကြမ်းကြုတ်မှုတွင် အမည်ဆိုးဖြင့်ကျော်ကြားသော မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး (Clearance Operation) ကြောင့် ရာနှင့်ချီသော ရိုဟင်ဂျာကျေးရွာများ မီးလောင်ပြာကျ ခဲ့ရပြီး၊ ရိုဟင်ဂျာ ၇ သိန်းခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။  

လက်ရှိဖြစ်ပေါ်နေသော စစ်ကိုင်းနှင့် မကွေးတိုင်း၊ ကရင်၊ ကယား၊ ကချင်၊ ချင်းနှင့် ရခိုင်ပြည်နယ် များတွင် စစ်တပ်၏ ဗြောင်ကျကျ ကျူးလွန်ခဲ့ ကျူးလွန်နေဆဲဖြစ်သော မြို့များ၊ ကျေးရွာများကို မီးရှို့ပြာချနေသည့် လုပ်ရပ်က ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် ရိုဟင်ဂျာကျေးရွာများကို မီးရှို့ခဲ့သည့်လုပ်ရပ် စစ်တပ်ကျူးလွန်ခြင်းဖြစ်ကြောင်း အတည်ပြုပေး လျက်ရှိသည်။

တိုင်းပြည်၏လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်၏ ဆောင်ရွက်ချက် များအပေါ် အရပ်သားအစိုးရက ဝင်ရောက်စွက်ဖက်ခွင့်မရှိခြင်း၊ စစ်တပ်၏ စစ်ဆင်ရေးလုပ်ငန်းများအပေါ် အရပ်သားအစိုးရက မေးမြန်းစွက်ဖက်ခွင့်မရှိသော အခြေအနေတွင် စစ်တပ်က အင်အားသုံး အကြမ်းဖက် နှိမ်နှင်းမှုကြောင့် ရိုဟင်ဂျာလူမျိုး ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ရသည့် ဖြစ်စဥ်အပေါ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏အစိုးရက မည်သို့မျှ တားဆီးနိုင်ခြင်း မရှိခဲ့ပါ။ 

၂၀၂၂ ခုနှစ် နွေဦးတော်လှန်ရေး တစ်နှစ်ပြည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် NLD အစိုးရလက်ထက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတာဝန်ယူခဲ့ပြီး၊ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက ရခိုင်ပြည်နယ်မှာ ARSA ရဲ့ တိုက်ခိုက်မှုကို စစ်တပ်က ပြောပြသမျှသာ အစိုးရအဖွဲ့အကြီးအကဲများ သိရှိရကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

စစ်တပ်၏ နိုင်ငံရေးလုပ်ကြံမှုများနှင့် အကျွမ်းတဝင်ရှိသော မြန်မာပြည်သူတို့က စစ်တပ်သည် ရိုဟင်ဂျာများကို တဖက်နိုင်ငံသို့ တမင်မောင်းထုတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကြပ်အတည်း ကြုံစေရန် ထိုမှတစ်ဆင့် တိုင်းပြည်မတည်ငြိမ်မှုကို အကြောင်းပြပြီး အာဏာသိမ်းရန် ကြံစည်မှုဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ 

ပြည်သူများ ယုံကြည်ခဲ့သည်မှာ မမှားခဲ့ပေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရပ်သားအစိုးရလက်ထဲမှ အာဏာကို ရယူနိုင်သော တစ်ခုတည်းသောနည်းလမ်းဖြစ်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်း အဝေးကို NLD အစိုးရက တစ်ကြိမ်မျှ မခေါ်ယူခဲ့ခြင်းအပေါ် မကြာသေးမီက မင်းအောင်လှိုင်ကိုယ်တိုင် မကျေ မနပ် ထုတ်ဖော်ဝန်ခံ ပြောဆိုခဲ့သည် မဟုတ်ပါလား။ 

ဤသို့ဖြင့် စစ်တပ်၏ ခြိမ်းခြောက်မှုများအောက်မှ ဒေါ်အောင်ဆန်းစုကြည်သည်   အာဏာငန်းဖမ်းနေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်အာဏာ သိမ်းမှုကို ရှောင်ရှားနိုင်ခဲ့ခြင်း မရှိပါ။ စစ်တပ်အာဏာသိမ်းခြင်းကို ရှောင်ရှားရန် မင်းအောင်လှိုင်နှင့် ညှိနှိုင်း ဖြေရှင်းသင့်သည်ဟု သူ့ကို အပြစ်တင်သော ဝေဖန်မှုများကို နိုင်ငံရေးခေါင်းဆောင်တချို့က ထုတ်ဖော်ပြော ဆိုခဲ့သည်၊  ၎င်းတို့ထဲ ထင်ရှားသူတစ်ဦးမှာ ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီး ဖြစ်သည်။

ဦးကိုကိုကြီးသည် ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချိန်ကလည်း ဆန့်ကျင် ဝေဖန်ခဲ့ဖူးသလို၊ ဒေါ်အောင်ဆန်းစုကြည်ပါတီမှတစ်ဆင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင်ပြိုင်ရန်လည်း ကြိုးစားခဲ့ဖူးသူ ဖြစ်သည်။ ယခုတစ်ဖန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပူးပေါင်းပြီး၊ ယခုနှစ်ကုန်ပိုင်း စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ 

ဒီမိုကရေစီအတိုက်အခံ ခေါင်းဆောင်တစ်ဦးဘဝမှ အာဏာရခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးက မချောမွေ့လှပါ။ စစ်တပ်နှင့် အကြမ်းမဖက် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသော ကာလ တစ်လျှောက်လုံး လက်တွဲတိုက်ပွဲဝင်ခဲ့ကြသော လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးခေါင်းဆောင်များ၏ အထင်အမြင် လွဲမှားခြင်း၊ ဝေဖန်ပြစ်တင်ခြင်းများကို ရင်ဆိုင်ခဲ့ရသည်။ ဒီမိုကရေစီအင်အားစုများအတွင်း စည်းလုံးမှု ပြိုကွဲခဲ့ခြင်းက စစ်ခေါင်းဆောင်များ အာဏာသိမ်းရန် တွန်းအားဖြစ်စေခဲ့ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

၂၀၁၉ ဒီဇင်ဘာလက ရန်ကုန်တွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - EPA)
၂၀၁၉ ဒီဇင်ဘာလက ရန်ကုန်တွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ – EPA)

ဒီမိုကရေစီအသွင်ကူးပြောင်းရေး နောက်ပြန်လန်ခဲ့သော သင်ခန်းစာများ 

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဥ် အချိန်မရွေးနောက်ပြန်လန်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်ပခရီးစဥ်များအတွင်း နိုင်ငံတကာအသိုင်းအဝန်းကို သတိပေးပြောဆိုခဲ့ဖူးသည်။ ထို့ကြောင့်လည်း သူသည် စစ်ခေါင်းဆောင်များနှင့် ယုံကြည်မှုတည်ဆောက်ရန် ပထမဦးစားပေး ရွေးချယ်ခဲ့ပြီး၊ ဒီမိုကရေစီ နောက်ကြောင်းပြန်မလှည့်ရေး အထူးကြိုးစားခဲ့သည်။ သို့သော် သူ၏ စိုးရိမ်မှုများအတိုင်း ဖြစ်လာခဲ့သည်။

ဤနေရာတွင် သင်ခန်းစာယူသင့်သည့်အချက်အဖြစ် ဝေဖန်သုံးသပ်ထောက်ပြမှုတချို့မှာ စစ်ခေါင်းဆောင် များနှင့် ယုံကြည်မှုတည်ဆောက်နေစဥ် တပြိုင်နက်ထဲမှာပင် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအနေဖြင့် နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံ ခြင်းဖြင့် ယုံကြည်မှုတည်ဆောက်ခဲ့သင့်သည် ဟု ဆိုသည်။ NLD ပါတီဖက်ကလည်း မတရားအသင်း အက် ဥပဒေ ဖြင့် နိုင်ငံရေးပါတီများကို လက်နက်ကိုင်အဖွဲ့အစည်းနှင့် မဆက်ဆံနိုင်ရန် ကန့်သတ်ထားခဲ့သည် ဟု ဆိုသည်။ 

သို့သော် အမျိုးသားရင်ကြားစေ့ရေး “မူ” ကို “မဟာဗျူဟာ ရည်မှန်ချက်များ” နှင့် “လုပ်ငန်းစဥ်များ” အထိ NLD က အတိအကျချမှတ်ပြီး အဆင့်လိုက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သင့်သည်။ ထိုသို့ဖော် ဆောင်ရန်မှာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းဖြင့် မဖြစ်နိုင်ဘဲ၊ NLD ခေါင်းဆောင်မှုပိုင်းက တတ်ကြွစွာ နည်းလမ်းရှာဖွေ ဖော်ဆောင်ခဲ့သင့်သည်။ ခေါင်းဆောင်၏ ရင်ကြားစေ့ရေး “မူ” ကို နိုင်ငံရေးမျက်နှာစာတိုင်း တွင် ဟန်ချက်ညီ ကျယ်ကျယ်ပြန့်ပြန့် လိုက်ပါအကောင်အထည်ဖော်ရန် NLD ပါတီအနေဖြင့် ပျက်ကွက်ခဲ့သည် ဟု လေ့လာထောက်ပြမှုများလည်း ရှိခဲ့သည်။ 

တဖက်တွင်လည်း နှစ်ပေါင်း ၅၀ ခန့်ကြာပြီးမှ ပထမဆုံး ပေါ်ပေါက်လာသော အရပ်သားအစိုးရသည် အခြေခံ အုတ်မြစ်ခိုင်မာစွာ အမြစ်တွဲနေသော အာဏာရှင်အုပ်ချုပ်ရေးယန္တရားကို ဒီမိုကရေစီစံနှုန်းများ ကျင့်သုံးလာစေရေးအတွက် ပြုပြင်ပြောင်းရန် ကျားကုတ်ကျားခဲ ကြိုးပမ်းနေရသည်။ အရပ်ဖက်အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးကို လည်ပတ်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတစ်ခုလုံးကို စစ်တပ်၏ ထိန်းချုပ်မှုအောက်မှ အရပ်သား အစိုးရထိန်းချုပ်မှုအောက်သို့ လွှဲပြောင်းရယူနိုင်ခဲ့ခြင်းက NLD အစိုးရ၏ ရှားရှားပါးပါး အောင်မြင်မှုဖြစ်ခဲ့ပြီး၊ ထိုအတွက် များစွာကြိုးပမ်းအားထုတ်ခဲ့ရကြောင်း ခန့်မှန်းသုံးသပ်နိုင်ပါသည်။ 

သို့သော် ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပါက မြန်မာပြည်ကြီး ချက်ချင်းတိုးတက်သွားမည်ဟု မဖြစ်နိုင် သော အခြေအနေတခုကို စနစ်တကျ တွင်တွင်ဝါဒဖြန့်ပြီး၊ အခြားတဖက်တွင် ထိုကဲ့သို မဖြစ်လာခြင်းကြောင့် NLD အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်သည် အရည်အချင်း မရှိကြောင်း ပြည်သူများ စိတ်ပျက်လာစေရန်နှင့် အပြစ်တင်လာစေရန် စစ်တပ်က စနစ်တကျ ဝါဒဖြန့်လှုံ့ဆော်ခဲ့သည်။  

ဤနည်းဖြင့် အစိုးရကို ဝေဖန်ပြစ်တင်ခြင်းကပင် ဒီမိုကရေစီ အခွင့်အရေး အဖြစ် တွင်တွင်ကျယ်ကျယ် အသုံးချ လာကြပြီး၊ NLD ခေါင်းဆောင်ပိုင်းကလည်း အစိုးရကို ကြောက်စရာမလိုဘဲ ဝေဖန်ခွင့်ရှိခြင်းကပင် ဒီမိုကရေစီ လွတ်လပ်ခွင့် ရလာခြင်း၏ တိုးတက်မှုပြယုဂ်အဖြစ် ပြန်လည် တုန့်ပြန်ခဲ့ကြသည်။ 

သို့သော် သားကောင်၏ အားနည်းချက်ကို တိတ်တဆိတ် ချောင်းမြောင်း လေ့လာနေသော သားရဲ စစ်တပ်က  အချိန်မရွေးအန္တရာယ်ပြုနိုင်သော အခြေအနေ ရှိကြောင်း သတိမမူခဲ့ကြပါ။ စစ်တပ်သည် ပြည်နယ် ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်ကသာ ရွေးချယ်ခန့်ထားရေးကိစ္စတွင် တိုင်းရင်းသားပါတီများနှင့် NLD အကြား၊ စနစ်တကျ သွေးခွဲခဲ့မှုက ထင်သာမြင်သာအရှိဆုံး ဖြစ်ရပ် ဖြစ်သည်။ သွေးခွဲမှန်းသိလျက်နှင့် သွေးကွဲ ခဲ့ကြသည်မှာ ဒီမိုကရေစီအင်အားစုများ ဖြစ်သည်။

ဒီမိုကရေစီအင်အားစုများအကြား ကွဲပြားမှု ပိုမိုနက်ရှိုင်းလာလေလေ၊ စစ်တပ်က အာဏာချုပ်ကိုင်မှု ပြန်လည် ရရှိနိုင်မည့် ယုံကြည်မှု စစ်ခေါင်းဆောင်များအကြား ပိုမို ရရှိလေလေ ဖြစ်စေခဲ့သည်။ ထိုခွန်အားများဖြင့် ယခု အခါ နိုင်ငံတကာ၏ အမေ့လျော့ခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း တဒါဇင်ကျော်ဖြင့် တရား လက်လွတ် စွဲချက်တင် အကျဥ်းချထားသည်မှာ ၄နှစ် နှင့် ၄လကျော်ပြီ ဖြစ်သည်။  

ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် တစ်နှစ်ပြည့်ခါနီးအချိန်ကျမှ သူ့ကို ငြိမ်းချမ်းရေးနိုဗယ် ဆု ချီးမြှင့်ခဲ့သော နော်ဝေနိုင်ငံ နိုဗယ်ဆုပေးရေးကော်မတီက နှုတ်ဆိတ်နေခဲ့မှုကို ရပ်တန့်ခဲ့ပြီး၊ သူ၏ အခြေ အနေကို စိုးရိမ်ကြောင်းနှင့် သူ့ကို မတရားဖမ်းဆီး ပြစ်ဒဏ်ချမှတ်နေခြင်းကို ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ဖော် ပြောခဲ့သည်။ ယင်းသည် နိုဗယ်ကော်မတီ၏ တစ်ခုတည်းသော ကြေညာချက်ဖြစ်ပြီး၊ ယင်းနောက်ပိုင်း ယနေ့အချိန်ထိ နှုတ်ဆိတ်နေခဲ့ကြသည်။   

ကမ္ဘာကြီးက စစ်အာဏာရှင်ဟောင်း သန်းရွှေလက်အောက် ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်ကျော်ခဲ့ဖူးသော အရှေ့တောင်အာရှ၏ ပထမဆုံး ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အမျိုးသမီးကို နောက်ထပ်တစ်ကြိမ် ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်မျိုးဆက်လက်ထဲ အကျဥ်းသားအဖြစ် ထပ်မံကျရောက်နေခြင်းကို အလေးထား ဂရုပြုသင့်ပါသည်။ 

သို့သော် ကမ္ဘာကြီးက သူ့အပေါ် မည်သို့ပင်သဘောထားပါစေ၊ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူများ၏ မျှော်လင့်ချက်၊   မြန်မာနိုင်ငံ ဒီမိုကရေစီရုန်းကန်မှု၏ “ပြယုဂ်” အဖြစ်မှ ယုတ်လျော့သွားခြင်း မရှိခဲ့ပါ။ 

မြန်မာပြည်သူ အများအပြားက “အမေ” ဟု လေးစားချစ်ခင်မြတ်နိုးဆဲ ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၈၀ ပြည့် မြောက်လာသည့်တိုင်အောင် စစ်အာဏာရှင်စနစ်ကို  “ပြည်သူနှင့်အတူ” နေပြည်တော် အကျဥ်းထောင်ထဲမှ ဆက်လက်တိုက်ပွဲဝင်နေသည်ကို ကမ္ဘာကြီး ကြားသိနိုင်ပါစေကြောင်း သူ၏ မွေးနေ့ဆောင်းပါးအဖြစ် သုံးသပ် တင်ပြလိုက်ရပါသည်။

၂၀၂၃ ဒီဇင်ဘာ ၁၇ ရက်နေ့က ဘန်ကောက်မြို့ လှုပ်ရှားမှုတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ နှာခေါင်းစည်း တပ်ဆင်ထားသူတစ်ဦး။  (ဓာတ်ပုံ - EPA)
၂၀၂၃ ဒီဇင်ဘာ ၁၇ ရက်နေ့က ဘန်ကောက်မြို့ လှုပ်ရှားမှုတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ နှာခေါင်းစည်း တပ်ဆင်ထားသူတစ်ဦး။ (ဓာတ်ပုံ – EPA)

Related Articles

Back to top button