စစ်ကိုင်းမြို့၏မြောက်ဘက် မန္တလေးမြို့၏အနောက်မြောက်ဘက် စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာ တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ပြည်သူသုံးဦးသေဆုံးသွားသည်ဟု ဒေသခံများနှင့်မင်းကွန်းအခြေစိုက်စစ်ရေးရင်းမြစ်က ပြောသည်။
ယမန်နေ့(ဇွန်၁၁)မနက်အစောပိုင်းမှစကာ စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာမှ ထွက်လာသည့် အင်အား ၁၀၀ ခန့်စစ်ကြောင်းသည် မင်းကွန်းကျေးရွာအနီးတွင်ရှိသော ကင်းရွာနှင့်ချောင်းမကြီးရွာတို့ကို နှစ်ရက် ဆက် စစ်ကြောင်းထိုးခဲ့ပြီးနောက် ကင်းရွာဒေသခံပြည်သူသုံးဦးကိုသတ်ဖြတ်ခဲ့သည်ဟု မင်းကွန်းဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ကင်းရွာက ဆုတောင်းပြည့်ဘုန်းကြီးကျောင်းက ဘုန်းကြီးရဲ့မယ်တော်အသတ်ခံရတယ်။ နောက်ထပ် လင်မယားနှစ်ဦးရယ် သုံးဦးပစ်သတ်ခံရတယ်။ အသက်အရွယ်နဲ့အသေးစိတ်အခြေအနေတွေတော့ မသိရသေးဘူး။ စစ်ကြောင်းထိုးနေတုန်းဆိုတော့လေ”ဟု ယင်းအမျိုးသားက ဆက်ပြောသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ယနေ့(ဇွန်၁၂)၌ ကျေးရွာများကိုဆက်လက်စစ်ကြောင်းထိုးနေပြီး မင်းကွန်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များနှင့်ထိပ်တိုက်တွေ့ကာ တိုက်ပွဲများဖြစ်ပွားနေသည်ဟု အထက်ပါဒေသခံထံက သိရသည်။
မင်းကွန်းတွင်အခြေစိုက်သည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော People Servant Force တပ်ဖွဲ့က စစ်ကြောင်းထိုးလာသည့်စစ်တပ်နှင့် မင်းကွန်းအခြေစိုက် တပ်တို့ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီ ဘက်မှ သုံးဦးသေဆုံးသည်ဟု အတည်ပြုသည်။
ဒေသခံသုံးဦးကိုလည်း စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်ဟု အဖွဲ့တာဝန်ခံက ဆိုသည်။
“စကစဖက်က သုံးဦးသေတယ်ဗျ။ လက်ရှိသူတို့စစ်ကြောင်းထိုးနေတုန်းပဲ။တိုက်ပွဲလည်းဖြစ်နေတယ်။ ပြည်သူသုံးဦးက မနေ့ကအသတ်ခံရတာ။ ဘုန်းကြီးရဲ့မယ်တော်ပါတယ်လို့ကြားတယ် ။ အသေးစိတ် တော့မသိသေးဘူး”
မင်းကွန်းကျေးရွာနှင့်အနီးတဝိုက်တွင် မင်းကွန်းတိုက်နယ်ပကဖ၊ People servant Force၊ ချမ်းမြသာစည် မြို့နယ်ပကဖ၊ ရတနာပုံတပ်ဦးLPDF၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁) နှင့်(၂) ၊ စစ်ကိုင်းမြို့နယ်ပကဖနှင့်ပူးပေါင်းတပ်ဖွဲ့များ စသည်အဖွဲ့များက အခြေစိုက်၍လှုပ်ရှားလေ့ရှိသည်။
ပြီးခဲ့သည့် မေ ၂၈ ရက်နေ့ နံနက် ၆ နာရီခန့်ကလည်း စစ်ကိုင်းမြို့မြောက်ဘက် ၁၄ မိုင်ခန့်အကွာ မင်းကွန်း၊ ကင်း နှင့်ရှားရောင်း စသောကျေးရွာတို့ကို အင်အား၂၀၀ခန့်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးလာသဖြင့် အထက်ပါတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သေးသည်။
ထိုစဉ်က စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)ယူနီဖောင်းများ အယောင်ဆောင်ဝတ်ဆင် ကာ အလစ်အငိုက်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့များနှင့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွား ကာ အထိအခိုက်များဖြင့် ဆုတ်ခွာသွားသည်၊ ရှားရောင်းရွာမှ နေအိမ် ၂၀ ကျော်ကိုလည်း မီးရှို့ခဲ့သည်ဟု မင်းကွန်းဒေသခံများထံက သိရှိရသည်။
စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာတွင် မြသိန်းတန်စေတီနှင့်အနီးတဝိုက်၊ မင်းကွန်းရဲစခန်းတို့အပါအဝင် နေရာ ငါးနေရာခန့်၌ စစ်ကောင်စီက အင်အား ၂၀၀ ခန့်ဖြင့် ဖြန့်ကျက်၍ အထိုင်ချတပ်စွဲထားကာ အနီးအ နားမှ ကျေးရွာများကို မကြာခဏဆိုသလို စစ်ကြောင်းထိုးလေ့ရှိသည်။
ဒေသခံများသည် ငလျင်ဘေးအပြင် စစ်ကောင်စီ၏စစ်ကြောင်းထိုးမှုများကြောင့် ကြောက်ရွံ့စိုးရိမ်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ယူနီကွန်းတပ်ဖွဲ့ကလည်း ပြီးခဲ့သည့်လကMyanmar Now ကို ပြောထား သည်။
ငလျင်ဒဏ်ကြောင့် မင်းကွန်းဒေသအထိအခိုက်များခဲ့
မတ်၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီးဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ပြင်းအားရစ်ချက်စတာ ၇.၇ အဆင့် မြေငလျင်ဒဏ်ကြောင့် မန္တလေးမြို့နှင့်စစ်ကိုင်းမြို့တို့တွင် ထိခိုက်သေဆုံးမှုများပြားခဲ့သည်၊ စစ်ကိုင်းမြို့အနီး မန္တလေးမြို့၏အနောက်မြောက်ဖက် မင်းကွန်းကျေးရွာတွင်လည်း လူအသေအဆုံး အထိအခိုက်များပြားခဲ့ကာ မြသိန်းတန်စေတီအပါအဝင် ရှေးဟောင်းစေတီပုထိုးများလည်း ပျက်စီးခဲ့ရသည်။
လက်ရှိတွင် အဆိုပါငလျင်ဒဏ်ကြောင့်အပါအဝင် စစ်ရေးအခြေအနေများကြောင့် မင်းကွန်းဒေသမှ နေရပ်စွန့်ခွာတိမ်းရှောင်သူထောင်နှင့်ချီ၍ရှိနေကြောင်း ဒေသခံများကို ကိုးကား၍သိရသည်။
“လက်ရှိ ငလျင်ဘေးသင့်သူ ဒေသခံတွေကို ကျွန်တော်တို့ ကူညီထားတယ်။သူတို့တွေရဲ့ စားဝတ်နေရေး တွေအကုန်တာဝန်ယူပေးထားတယ်။ မိုးတွင်းဆိုတော့ အမိုးအကာတွေတော့ အခက်အခဲလိုအပ်ချက်တွေ ရှိတယ်ဗျ”ဟု မင်းကွန်းအခြေစိုက်စစ်ရေးရင်းမြစ်တစ်ဦးက ယခင်လက ပြောထားသည်။
ရှေးဟောင်းစေတီပုထိုးများ၊ သမိုင်းဝင် မင်းကွန်းခေါင်းလောင်းကြီးနှင့် မြန်မာ့လက်မှုပညာလက်ရာများ ကြောင့် နာမည်ကျော်သော မင်းကွန်းဒေသသည် စစ်တပ်အာဏာမသိမ်းမီက ပြည်တွင်းသာမက ပြည်ပ ခရီးသွားများကိုပါ ဆွဲဆောင်ထားနိုင်သည့်ဒေသဖြစ်သည်။
အာဏာသိမ်းပြီး၂၀၂၂ခုနှစ်နောက်ပိုင်းမှစကာ မင်းကွန်းဒေသ၏နာမည်ကျော် ပုထိုးတော်ကြီးနှင့် မြသိန်းတန်စေတီအနီး တပ်စွဲကာ ဒေသခံများကို ဖမ်းဆီးနှိပ်စက်လေ့ရှိသည့် စစ်ကောင်စီတပ်ကို
တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်လေ့ရှိသဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားကာ မင်းကွန်းဒေသသည် အလုံးအရင်းဖြင့်စစ်ဘေးတိမ်းရှောင်နေကြရသည်။
မင်းကွန်းဒေသရှိ သာ့သနာ့နွယ်ဝင် ၁၀၀၀ ကျော်နှင့်ထောင်နှင့်ချီသည့်ဒေသခံအများအပြား သည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစကာ စစ်ဘေးရှောင်နေကြရသည်။
“အရင်ကတော့ မင်းကွန်းစစ်ရှောင်တွေက မန္တလေးတောင်ခြေဖက်တွေ၊ တံခွန်တိုင်ဖက်တွေ၊ တချို့က မင်းကွန်းမိုးမိတ်ကုန်းမြေဘောလုံးကွင်းမှာ တဲထိုးနေတယ်။ မင်းကွန်းမှာဟိုပြောင်းဒီရွှေ့နေတဲ့ စစ်ရှောင် တွေကတော့ စစ်ကောင်စီက မထင်ရင်မထင်သလို စစ်ကြောင်းထိုး ဖမ်းသတ်နေတော့ အခု အကုန်ပြေးကြ တာ”ဟု မင်းကွန်းဒေသမှ နာမည်ကျော်လက်မှုပညာရှင်တစ်ဦးက ပြောသည်။



