သတင်း

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်တွင် အရပ်သားသုံးဦး ပစ်သတ်ခံထားရ

အိမ်ခြေရာခြေမဲ့ အမျိုးသား ၃ ဦး၏ အလောင်းများ ဖားကန့်မြို့ လမ်းဘေးတွင် စွန့်ပစ်ခံထားရသည်၊ ထိန်းချုပ်နယ်မြေ လျော့နည်းလာသည့် စစ်ကောင်စီက ဖားကန့်ကို ဆက်လက်ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသည့်  ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်တွင် ယနေ့ (ဇွန် ၁၂) နံနက်က   ပစ်သတ်ခံထားရသည့် အမျိုးသား သုံးဦး၏ အလောင်းများကို မှော်စီစာကျေးရွာအတွင်း တွေ့ရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

နံနက် ၆ နာရီခန့်က ဖားကန့်မြို့၊ မှော်စီစာရွာတွင်းရှိ လမ်းဆုံတစ်ခုတွင်  ထိုနေရာအနီး နေထိုင်သော ဒေသခံများက တွေ့ကြခြင်း ဖြစ်သည်။

အသတ်ခံရပြီးမှ ကားဖြင့် လာရောက်စွန့်ပစ်ထားခြင်းဖြစ်ကြောင်း၊ သေဆုံးသူများမှာ မှော်စီစာရွာတွင်း လှည့်လည်နေထိုင်သည့် အိမ်ခြေရာမဲ့များဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

မည်သူမည်ဝါဖြစ်ကြောင်း အတိအကျမသိရသေးသော်လည်း ဒေသခံတချို့ကမူ အရပ်သားများကို ပစ်ခတ်လေ့ရှိသည့် စစ်ကောင်စီတပ်၏ လက်ချက်ဖြစ်နိုင်ကြောင်း ယူဆနေကြသည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ညက (သေနတ်)အသေးသံတွေကြားရတယ်၊ ဘယ်သူပစ်မှန်းမသိပေမယ့် ဘုရားကုန်းပေါ်က စကစတွေ အောက်ဆင်းလာပြီး ပစ်တာလို့လည်း ပြောကြတယ်။ သေတဲ့သူတွေက လျှောက်သွားနေတဲ့သူတွေဆို တော့ တွေ့ပြီး ပစ်လိုက်တာဖြစ်နိုင်တယ်” ဟု သူက ပြောသည်။

တိုက်ပွဲများကြောင့် မတည်မငြိမ်ဖြစ်နေသည့် ဖားကန့်တွင် မကြာခဏဆိုသလို အရပ်သားများ အသတ်ခံ ရတတ်သည်။

ပြီးခဲ့သည့် မေ ၂၇ ရက်နေ့က ဖားကန့်မြို့ကို စစ်ကောင်စီတပ်  အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာကာ  မြို့ပေါ်တွင် တိုက်ပွဲများပြင်းထန်လာပြီး ယနေ့အထိ သေဆုံးသူ ဒေသခံအရေအတွက် ၂၀ ကျော် အထိ ရှိလာပြီဖြစ်သည်။

ယနေ့နံနက် ၁၁ နာရီခန့်မှ စတင်ကာ မှော်စီစာအနီးရှိ တောင်ယာကုန်း၊ သာယာကုန်း၊ အောင်သာယာစသော ကျေးရွာများအနီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး KIA, ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသည်။

ဖားကန့် မှော်စီစာရွာတွင်းရှိ လမ်းဆုံတစ်ခုတွင်   စွန့်ပစ်ခံထားရသော အရပ်သား အမျိုးသားအလောင်းများ ။ (ဓာတ်ပုံ- Tarlin mg)

တိုက်ပွဲဧရိယာ ပိုကျယ်ပြန့်လာနိုင်သည့် အခြေအနေရှိကြောင်းနှင့် ဒေသခံများ ကြိုတင်ရှောင်ရှားနိုင်ရန် အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်သူအချင်းချင်း သတိပေး ဆော်ဩနေကြသည်ဟု အသက် ၃၀ ခန့် အရွယ် ဖားကန့်မြို့ခံ အမျိုးသား နောက်တစ်ဦးက ပြောသည်။

“လက်ရှိအချိန်အထိကတော့ အင်နဲ့အားနဲ့ တိုက်ပွဲကြီးဖြစ်နေတာမျိုးမဟုတ်ပါဘူး၊ ထိတွေ့မှုလို့ပဲ ပြောနေ ကြတာပေါ့။ ဒါပေမယ့် စိုးရိမ်ကြတာပေါ့။  ပြည်သူတွေအနေနဲ့ လက်နက်ကြီးကျပြီး ဆုံးသွားတာမျိုးတွေ ဖြစ်မှာစိုးလို့ ဝိုင်းပြီးတော့မှ အော်နေကြတာပေါ့။  ရွှေ့ကြဖို့ ရှောင်ကြဖို့ ပြောနေကြတာပါ” ဟု ၎င်းက ဆက် ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်ပြီး ပိုမို သိရှိဖော်ပြနိုင်ရန် ဖားကန့် KPDF နှင့် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူတို့ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

KIA ပူးပေါင်းတပ်များက ဖားကန့်မြို့အနီး စခန်းအများစုကို သိမ်းပိုက်ပြီး မြို့ကို ဝန်းရံပိတ်ဆို့ထားသည့် အတွက် စစ်ကောင်စီတပ်က ၎င်း၏ ဝင်ငွေရလမ်းဖြစ်သော ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ကို အင်အား ၆၀၀ ခန့်ပါသည့် စစ်ကြောင်းတစ်ခုဖြင့် အနီးဆုံး ကာမိုင်းမြို့မှ ရောက်ရှိလာခြင်းဖြစ်သည်။ 

ထိုစစ်ကြောင်းသည် မြို့ပေါ် လက်ကျန်တပ်များနှင့် ပူးပေါင်းကာ မေ ၂၇ ရက်နေ့တွင် ဖားကန့်မြို့ပေါ်ကို စတင်စစ်ကြောင်းထိုးခဲ့သည်။

မြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့နေပြီး ကျောက်စိမ်းကုမ္ပဏီတို့၏ လုပ်ကွက်နှင့် ပစ္စည်းများလည်း မီးရှို့ဖျက်ဆီးခံရသလို အရပ်သားသေဆုံးမှုများလည်း တစ်နေ့ထက် တစ်နေ့ ပိုမို မြင့်တက်လာသည်။

KIA က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်မြို့တွင်မူ  ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ငြိမ်သက်နေ သော်လည်း လပေါင်းများစွာတိုက်ပွဲငြိမ်သက်ခဲ့သည့် ဖားကန့်မြို့တွင်  တိုက်ပွဲများပြန်လည်ပြင်းထန် လာသည်မှာ သီတင်းနှစ်ပတ်ကျော်လာပြီဖြစ်သည်။

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးနေသည်ဟု သိရသည်။

ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

Related Articles

Back to top button