ဆောင်းပါးသတင်း

တော်လှန်ရေးအင်အားစုကို ထိတ်လန့်စေသည့် အိန္ဒိယနယ်စပ် ပကဖ ၁၀ ဦး အသတ်ခံရမှု  

နယ်စပ်ခြံစည်းရိုးကာမှုကို ဟန့်တားနေကြစဉ် တော်လှန်ရေးသမား အများအပြား အိန္ဒိယဘက်ခေါ်ယူ သတ်ဖြတ်ခံရခြင်းကြောင့် နယ်စပ်လုံခြုံရေး၊ အိန္ဒိယနှင့် ဆက်ဆံရေးတို့တွင် ပိုမို သတိထားစရာ ဖြစ်လာသည်။

စစ်ကောင်စီကိုဆန့်ကျင်တိုက်ခိုက်နေသည့် တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(တမူး-ပကဖ) တပ်ဖွဲ့ဝင် ၁၀ ဦးကို အိန္ဒိယနယ်စပ်လုံခြုံရေးတပ်၊ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်သည့်သတင်းက အိန္ဒိယနယ်စပ်မှ တော်လှန်ရေးအင်အားစုအတွင်း တုန်လှုပ်ခြောက်ခြားစရာဖြစ်လာခဲ့သည်။

ထို ၁၀ ဦးသည် ၂၀၂၁ တွင်အာဏာသိမ်းခဲ့သည့်စစ်တပ်ကို လက်နက်ကိုင် ဆန့်ကျင်ပုန်ကန် ကြသူများထဲမှ တိုင်းတပါးစစ်တပ်တစ်ခု၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြသည့် ပထမဆုံးသော တော်လှန်ရေးတပ်သားများဖြစ်လာသည်။

အိန္ဒိယစစ်တပ်နှင့် အာသံရိုင်ဖယ်တပ်တို့က ထို ၁၀ ဦးသည် မေလ ၁၄ ရက်နေ့ အိန္ဒိယဘက် ကျူးကျော်ဝင်ရောက်ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မေလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တမူးပကဖ တို့ကမူ အိန္ဒိယစစ်တပ်၏ အကြောင်းပြချက်ကို ပယ်ချခဲ့သည်။ ၎င်းတို့တပ်ဖွဲ့ဝင်များကို အိန္ဒိယစစ်တပ်လက်အောက်မှ အာသံရိုင်ဖယ်တပ်က ရည်ရွယ်ချက်ရှိရှိဖြင့် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု တန်ပြန်စွပ်စွဲခဲ့သည်။ 

အဆိုပါအဖြစ်အပျက်၏နောက်ကွယ်တွင်  တော်လှန်ရေးတပ်များနှင့် အိန္ဒိယနယ်ခြားစောင့်တပ်များ အကြား နယ်စပ် နယ်နိမိတ်အငြင်းပွားမှု၊ အိန္ဒိယအစိုးရက နယ်စပ်ခြံစည်းရိုးကာရံခြင်း စသည်တို့နှင့် ဆက်စပ်နေသည်ဟု အိန္ဒိယနယ်စပ်အခြေစိုက် တော်လှန်ရေးတပ်များနှင့် ဒေသခံအချို့က ဆိုသည်။

မေ ၁၂

နယ်စပ်မျဉ်းအနီးမှ စခန်းသစ်

တမူးမြို့နယ်၊ ခမ်းပတ်မြို့အနီးဝန်းကျင်မှ တော်လှန်ရေးစခန်းတည်နေရာကို စစ်ကောင်စီဘက်က သိရှိသွားသည်ဆိုသည့် ထောက်လှမ်းရေးသတင်းရခဲ့ပြီးနောက် ထိုစခန်းမှ တမူးပကဖ တပ်ဖွဲ့ဝင်များက  နေရာသစ်သို့ပြောင်းရန် ပြင်ဆင်ခဲ့ကြသည်။

ခမ်းပတ်မြို့နှင့် အိန္ဒိယနယ်စပ်မှစခန်းများ

တမူးပကဖမှာ စစ်ကောင်စီကိုတိုက်ခိုက်ရေးထက် ကာကွယ်ရေးကို အဓိကလုပ်ဆောင်ကြသည့်  NUG အောက်မှ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။ 

အသက် ၁၈ မှ ၃၅ ဝန်းကျင်အရွယ် တပ်ဖွဲ့ဝင် ၁၀ ဦးအတွက် စခန်းသစ်နေရာကို   ကမ္မကြီးရွာအနီးသို့ ရွေးချယ်ခဲ့ကြသည်။  ကမ္မကြီးရွာမှာ နယ်စပ်မျဉ်းနှင့် ဘောလုံးကွင်းသုံးကွင်းစာခန့်သာ ကွာဝေးသည်။  စစ်တပ်က ထိန်းချုပ်ထားသည့် တမူးမြို့နှင့်လည်း မိုင် ၃၀ခန့် ကွာဝေးသည်။ 

ကမ္မကြီးရွာ (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

စစ်ကောင်စီ၏ မြေပြင်တပ်များ ရုတ်တရက်ရောက်မလာနိုင်သလို၊ နယ်စပ်မျဉ်းနှင့် နီးကပ်စွာ တည်ရှိသဖြင့် ဗုံးကြဲမည့် တိုက်လေယာဉ်များရန်မှ ကင်းလွတ်နိုင်ခြေ ရှိသဖြင့် အလုံခြုံဆုံးသောနေရာအဖြစ် သတ်မှတ်ခဲ့ကြသည်။

တမူး-ပကဖခေါင်းဆောင်များနှင့် ဒေသတွင်းမှ လက်နက်ကိုင် ခေါင်းဆောင်အချို့သည် မေလ ၁၂ နေ့လယ်ပိုင်း အထိ ထိုစခန်းသစ်နေရာတွင် ထို ၁၀ ဦးနှင့်အတူရှိနေခဲ့ပြီး ညနေပိုင်းမှပြန်လာခဲ့ကြသည်ဟု တမူးပအဖ ခေါင်းဆောင်တစ်ဦးကပြောသည်။

မေ ၁၃

တပ်ဖွဲ့ဝင်များပျောက်ဆုံးခြင်း

စခန်းနေရာရွှေ့ပြီး နောက်တနေ့ မေ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်တွင် တစ်ဘက်ခြမ်း အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အခြေစိုက် အာသံရိုင်ဖယ်တပ်က ချင်းအမျိုးသား စကားပြန်မှတဆင့် လာရောက်နှုတ်ဆက် စကားပြောခဲ့သည်ဟု ထိုအခြေအနေကို သိရှိထားသည့် တော်လှန်ရေးအင်အားစုက ပြောသည်။ 

  NUG ၏ မေလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း တမူးပကဖ တပ်ဖွဲ့ဝင်များ စခန်းပြောင်းရွှေ့မည့် အကြောင်း   နယ်စပ်မှအိန္ဒိယတပ်များထံ သတင်းကြိုတင်ပေးပို့ခဲ့သည်ဟု ထပ်မံအတည်ပြုထားသည်။ 

စခန်းသစ်ပြောင်းပြီး ၂၄ နာရီခန့်အကြာ၊ မေလ ၁၃ ရက်မှစတင်ပြီး တပ်ဖွဲ့ဝင်များသည် လူမြင်ကွင်းမှ စတင်ပျောက်ကွယ်သွားခြင်းဖြစ်သည်ဟု မိခင်တပ်ဖွဲ့ တမူးပကဖ ဘက်က ဆိုသည်။

အဆိုပါစခန်းသို့ ဒေသတွင်းတော်လှန်ရေးခေါင်းဆောင်တစ်ဦးက မေလ ၁၃ ရက် နေ့လယ်ပိုင်းတွင် သွားရောက်ခဲ့ရာ စခန်းတွင် တစ်ဦးတယောက်မှမတွေ့ရတော့ကြောင်း   တမူးခရိုင်-ပအဖမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

“ပကဖတပ်ဖွဲ့ဝင်တွေ တယောက်မှမတွေ့ခဲ့ဘူး၊ သူပြန်လှည့်လာတယ်။ ကမ္မကြီးကျေးရွာကလူတွေကို မေးတယ်၊ ‘PDF တွေတွေ့သေးသလား’ လို့မေးတယ်၊ ‘မတွေ့ပါဘူး’ လို့ဖြေတယ်။ အဲ့ဒါနဲ့ သူလည်းအိမ်ပြန်ခဲ့တယ်” ဟု ၎င်းကပြောသည်။

မေ ၁၄

“မင်းတို့လူတွေသေကုန်ပြီ” ဟူသော အာသံရိုင်ဖယ်တပ် ပြောဆိုချက်

စခန်းပြောင်းပြီး ၄၈ နာရီခန့်အကြာ၊ မေလ ၁၄၊ နေ့လယ် ၂ နာရီခန့်တွင် တမူးခရိုင် ပအဖ နှင့် ပကဖ တပ်ဖွဲ့ဝင်များသည် စခန်းသစ်ဆီသို့ ထပ်မံသွားရောက်လည်ပတ်ခဲ့ကြသည်။

၎င်းတို့စီးလာသည့်ကား စခန်းအနီးရောက်သွားသော်လည်း ကြိုမည့်သူမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည့် ကင်းစခန်းကိုသာ တွေ့ခဲ့ရသည်ဟုဆိုသည်။ 

“ဆိုင်ကယ် နှစ်စီးရပ်ထားတယ်။ ဆိုလာပြားတစ်ပြားထောင်ထားတယ်။ ကြက်တစ်ကောင်တွေ့တယ်။ လူတစ်ယောက်မှ မရှိတော့ဘူး” ဟု ထိုနေ့က စခန်းသို့သွားရောက်ခဲ့သူများထဲမှ တစ်ဦးက ဆိုသည်။

တဲထဲတွင်မူ မဖြန့်ရသေးသည့် အိပ်ရာလိပ်များ၊ ချက်ပြုတ်ထားသည့် ဟင်းအိုးတို့ကို တွေ့ရသည်၊  တပ်ဖွဲ့ဝင်များနှင့်လက်နက် ခဲယမ်းများကို မတွေ့ခဲ့ရပေ။ 

လက်နက်ခဲယမ်းများနှင့်အတူ တပ်ဖွဲ့ဝင် ၁၀ ဦးစလုံး ပျောက်ဆုံးနေသည့်အတွက် ဖမ်းဆီးခံလိုက်ရသည်ဟု ယူဆပြီး ကပ်လျက် အိန္ဒိယတပ်ခွဲရုံးကို သွားရောက်မေးမြန်းခဲ့ကြသည်။ 

“(အိန္ဒိယတပ်ခွဲရုံးကဗိုလ်မှူးက) တွေ့တွေ့ချင်း သူကဘာပြောလဲဆိုတော့ PDF တွေက ငါတို့ကိုသေနတ်နဲ့ စပစ်တယ်ကွ။ ငါတို့ကလည်း ပြန်ပစ်တဲ့အခါကျတော့ PDF တွေ ၁၀ ယောက် သေကုန်တယ်ဆိုပြီး သူက ပြောတယ်” ဟု တမူးခရိုင် ပအဖမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

မေ ၁၄ ရက်နေ့တွင် အိန္ဒိယ-မြန်မာ နယ်ခြားမှတ်တိုင် အမှတ် ၆၁ အနီးတွင် PDF များဘက်က စတင်ပစ်ခတ် သည့်အတွက် နံနက် ၆ နာရီခွဲမှ ၉ နာရီခွဲအထိ   ပစ်ခတ်မှုဖြစ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း ၁၀ ဦးစလုံးသေဆုံးသွားသည်ဟု အိန္ဒိယစစ်တပ်အရာရှိက ပြောလာကြောင်း ၎င်းကဆိုသည်။  

ထို့နောက် တိုက်ပွဲဖြစ်ခဲ့ရာ နေရာဘက်သို့ သွားရဦးမည်၊ နောက်တစ်နေ့မှ ပြန်လာစေလိုသည်ဟု  ပြောဆိုခဲ့ကြောင်း အထက်ပါ ခရိုင် ပအဖ တာဝန်ရှိသူက ဆိုသည်။ 

NUG နှင့် တမူးပကဖ တို့ကမူ အိန္ဒိယစစ်တပ်အရာရှိ၏ ပြောကြားချက်များကို ပယ်ချခဲ့သည်။ 

NUG အစိုးရက  တပ်ဖွဲ့ဝင်များသည် အိန္ဒိယဘက်တွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် သေဆုံးခြင်းမဟုတ်ဘဲ အိန္ဒိယစစ်တပ်လက်အောက်မှ အာသံရိုင်ဖယ်တပ်၊ တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ်ပြည်နယ်က ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်၊ သတ်ဖြတ် ခြင်းဟု ဆိုသည်။

နယ်စပ်မျဉ်းအနီးမှ စစ်စခန်းသို့ရောက်ခဲ့သူများကလည်း အဆိုပါအချက်ကိုထောက်ခံခဲ့ကြပြီး တိုက်ပွဲအတွင်း သေဆုံးခြင်းမဖြစ်နိုင်ဟု ဆိုကြသည်။

“တဲထဲကို ဝင်ရောက်ကြည့်ရှုတဲ့အခါမှာလည်း အိပ်ရာခင်းတွေ မပြင်ရသေးဘူး။ အိပ်ရာခင်းတွေ ခေါက်ထားတုန်းပဲ။ စောင်တွေခေါက်ထားတုန်း။ အဲ့ဒီတော့ ၁၂ ရက်နေ့ ညပဲ အိပ်လိုက်ရတယ်။ ၁၃ ရက်နေ့ ညမအိပ်လိုက်ရဘူး။ ၁၃ ရက်နေ့ ညအစောပိုင်းမှာ ခေါ်ဆောင်သွား ပြီလို့ သုံးသပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ည သို့မဟုတ် မနက်အစောကြီးမှာ ခေါ်ဆောင်သွားတယ် ဆိုရင် အိပ်ရာတွေသိမ်းချိန် ရမှာ မဟုတ်ပါဘူး”ဟု ထိုစခန်းကို သွားရောက်ကြည့်ရှုရာတွင် ပါဝင်ခဲ့သည့် တမူးခရိုင် ပအဖမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

ထို့အပြင်  နယ်ခြားမှတ်တိုင် အမှတ် ၆၁ အနီး မေ ၁၄ ရက်နေ့ နံနက်ပိုင်းတိုက်ပွဲဖြစ်ပွားသည်ဟု အိန္ဒိယစစ်တပ်ဘက်က ထုတ်ပြန်ထားသော်လည်း သေနတ်သံများ မည်သူမှ မကြားခဲ့ကြသလို ဒေသခံများအကြား ယင်းတိုက်ပွဲအကြောင်း ပြောဆိုခြင်းလည်းမရှိဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

မေ ၁၅

ရုပ်အလောင်းများလွှဲပြောင်းရန်ညှိနှိုင်းခြင်း

မေ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ထိုစစ်စခန်းသို့ ထပ်မံသွားချိန်တွင် မအားလပ်ကြောင်း တုံ့ပြန်သဖြင့် တမူး ခရိုင် တာဝန်ရှိသူများ ပြန်ခဲ့ရသည်။ 

တစ်နာရီခန့်အကြာတွင် ဒေသတွင်းလှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက တဆင့် ထပ်မံဆက်သွယ်လာသဖြင့် တမူးခရိုင် တာဝန်ရှိသူများသည် အာသံရိုင်ဖယ် တပ်မှ အရာရှိတစ်ဦးကို အိန္ဒိယ မြန်မာ နယ်စပ်တွင် တွေ့ဆုံပြီး ရုပ်အလောင်းများ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ 

ထိုအရာရှိမှာ ၁၀ မိနစ်ခန့်စောင့်ရန် ပြောပြီး နှစ်နာရီကျော်ကြာမြင့်သည်အထိ ရောက်မလာသည့်အတွက် ဒုတိယအကြိမ် ပြန်ခဲ့ရသည်။ ထို့နောက် ညနေ ၅ နာရီခွဲတွင် ရုပ်အလောင်းများကို လွှဲပြောင်းပေးမည်ဟု ဆိုသည့် အတွက် နယ်စပ်ရှိ ရန်လင်းဖိုင်ရွာတွင် သွားရောက်စောင့်ဆိုင်းခဲ့ကြသည်။

တစ်နာရီခန့်ကြာမြင့်သည်အထိ အကြောင်းမထူးသဖြင့် အိန္ဒိယဘက်မှ ရွာသူကြီးကို အကျိုးအကြောင်း ပြောပြီး သွားရောက် စုံစမ်းခိုင်းရာ စစ်တပ် ပြန်သွားပြီဟု အကြောင်းပြန်လာသည့်အတွက် နောက်ကြောင်းပြန်လှည့်ခဲ့ရပြန်သည်။ 

မေ ၁၆

နယ်စပ်ခြံစည်းရိုးနှင့်ရုပ်အလောင်းများလဲလှယ်ခြင်း

မေ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရုပ်အလောင်းကို လွှဲပေးမည်ဟုဆိုလာသဖြင့် ထပ်မံသွားချိန်တွင် နယ်စပ် ခြံစည်း ရိုးခတ်သည့်ကိစ္စကို မကန့်ကွက်ကြောင်း ဆိုသည့်အချက် ပါဝင်သော စာချုပ်ကို လက်မှတ်ရေးထိုးမှသာ ရုပ်အလောင်းကို လွှဲပြောင်းပေးမည်ဟု အကျပ်ကိုင်ပြန်သည်။ 

ထို့အတွက် နယ်စပ်ခြံစည်းရိုးခတ်မည့် နေရာမှာ နယူးဆမ်တာရွာအနီး ဖြစ်သည် ဟူသော စကားလုံးကို ထည့်သွင်းကာ သဘောတူလက်မှတ်ထိုးခဲ့ရကြောင်း ထိုအခြေအနေကို သိရှိသည့် မြို့နယ် ပအဖ အဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

နယ်စပ်ခြံစည်းရိုးခတ်သည့်ကိစ္စကို  ကန့်ကွက်မည်မဟုတ်ဟူသောအချက် ပါဝင်သည့် စာချုပ်ကို လက်မှတ်ထိုးမှ ရုပ်အလောင်းများပြန်ပေးမည်ဖြစ်ကြောင်း အိန္ဒိယစစ်တပ်ဘက်က အကျပ်ကိုင်ခဲ့သည်ဟုဆိုသည်။ (ဓာတ်ပုံ – ပေးပို့)

ထို့နောက် အိန္ဒိယစစ်တပ်ကားဖြင့်တင်လာသည့် ရုပ်အလောင်းများမှာ ယာဉ်ပြောင်းလဲတင်ဆောင်ရန်ပင် ခက်ခဲနေသည့်အတွက် ထိုကားဖြင့်ပင် မြန်မာနိုင်ငံထဲဝင်ရောက်ပြီး တမူးခရိုင်၊ ခမ်းပတ်မြို့နယ် အမှတ် (၁) ရပ်ကွက်သုဿန်သို့ ပို့ ဆောင်ပေးခဲ့သည်။ 

တပ်ဖွဲ့ဝင်များ စခန်းမှ ပျောက်သွားပြီးနောက် သုံးရက်အကြာတွင် ရုပ်အလောင်းများ ပြန်လည်လွှဲပြောင်းပေးခြင်း ဖြစ်သည်၊ ထိုအချိန်တွင် ရုပ်အလောင်းများပုပ်ပွပျက်စီးနေသည့်အခြေအနေ ဆိုက်ရောက်နေပြီဖြစ်သည်။ 

ထို့ပြင် ရုပ်အလောင်းများတွင်  နှိပ်စက်ညှင်းပန်းခံထားရသည့် ဒဏ်ရာဒဏ်ချက်များကို တွေ့ရကြောင်း ခရိုင် ပအဖ တာဝန်ရှိသူကဆရာဝန် ဆေးစစ်ချက်ကို ကိုးကားပြီး  ပြောသည်။ 

“၁၀ ယောက်လုံးရဲ့ဆေးမှတ်ချက်ထွက်လာတဲ့ အခါမှာ တစ်ယောက်ဆိုရင် ဘယ်ဘက်ရင်အုံ၊ ညာဘက်ရင်အုံ၊ ဗိုက် သုံးနေရာ ပစ်ခံထားရတယ်။ နောက်တစ် ယောက်ဆိုရင် နောက်ကနေပြီးတော့ သေနတ်နဲ့တေ့ပစ်တယ်။ နောက်တစ်ယောက်က နဖူး ကနေ ကျည်ဝင်တယ်။ နောက်တစ်ယောက်ကတော့ ခြေ၊ လက်တွေမှာ ပစ်ချိုးထားတယ်”  ဟု သူက ပြောသည်။

အိန္ဒိယ စစ်တပ်၏ ထုတ်ပြန်ချက်နှင့်ကွဲလွဲမှုများ 

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချန်ဒယ်လ်ခရိုင်၊ နယူးဆမ်တယ် (New Samtal) ကျေးရွာအနီးတွင် လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများရှိကြောင်း ထောက်လှမ်းရေးသတင်းပေးချက်အရ မေ ၁၄ ရက်နေ့တွင် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့သည်ဟု အိန္ဒိယ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က မေ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။  ထိုလက်နက်ကိုင်များက ဦးစွာပစ်ခတ်လာသည့်အတွက် အာသံရိုင်ဖယ် တပ်က ပြန်တုံ့ပြန်ပစ်ခတ်ခဲ့ရာ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တမူးမြို့နယ်မှ ဒေသတွင်း တော်လှန်ရေးအင်အားစုကမူ အိန္ဒိယစစ်တပ်၏ ထုတ်ပြန်ချက်မှာ ဖြစ်စဉ်နှင့် ကွဲလွဲချက် အများအပြားရှိနေကြောင်း   ထောက်ပြသည်။ 

ထို့ပြင်တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှုများလုပ်ဆောင်လာပြီးနောက် အိန္ဒိယဘက်ဝင်လာသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကိုပါ တရားမဝင် ဝင်ရောက်မှုခေါင်းစဉ်ဖြင့် ဖမ်းဆီးလေ့ရှိသည့်အတွက် နယ်စပ်ဖြတ်ကျော်ချိန်တွင် ယူနီဖောင်းများ၊ လက်နက်ခဲယမ်းများ ယူဆောင်သွားခြင်းမရှိဟု တော်လှန်ရေး အင်အားစုက ဆိုသည်။  

နယ်စပ်ဖြတ်ပြီး အိန္ဒိယဘက် သွားကြသည့်အခါ စစ်ယူနီဖောင်းအပြည့်အစုံဖြစ်စေ၊ တစ်ဝက်တပျက် ဖြစ် ဝတ်ဆင်ခြင်း မပြုကြရန်၊ လွယ်အိတ်ကိုပင် စစ်ဘက်အရောင်ပါသည့်အိတ် မသုံးကြရန် အဖွဲ့အစည်းများက ဆင်ခြင်ခဲ့ကြကြောင်း   ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ 

“ယူနီဖောင်းအပြည့်အစုံနဲ့ အိန္ဒိယဘက် လုံးဝ မသွားဘူး။.. သတင်းထုတ်ပြန်တာမျိုး မဟုတ်ပေမယ့် ကိုယ့်အချင်းချင်း သူ့စည်းနဲ့ကိုယ့်စည်း တားလိုက် ပြီးတော့မှ ဖြစ်နိုင်မယ်ဆိုရင် black (အမည်းရောင်) ကို ဝတ်ပြီးမှ မဝင်နဲ့ဆိုပြီးမှ ကျွန်တော်တို့ အချင်းချင်းကြားမှာ စည်းထားတာ” ဟု သူက ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားသည်ဟု အိန္ဒိယစစ်တပ်က ထုတ်ပြန်သည့်နေရာမှာ နယ်စပ်မိုင်တိုင် ၆၁ နှင့် ၆၂ အနီးတွင် ဖြစ်ပြီး တော်လှန်ရေးအင်အားစု အခြေချထားသည့် ယာယီစခန်းနေရာမှာ နယ်စပ်မိုင်တိုင် ၅၉ အနီးတွင် ဖြစ်သည်။ 

“ရောက်တာတစ်ညပဲရှိသေးတဲ့နယ်မြေမှာ ၅၉ ကနေ (မိုင်တိုင်) ၆၀၊ ၆၀ ကနေ  ၆၁ သွားပြီးတော့ စစ်တပ်ကို တိုက်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”ဟု တမူးခရိုင် ပအဖ တာဝန်ရှိသူက ဆိုသည်။ 

ထို့ပြင် ခရိုင် ပကဖ မှာ တိုက်ခိုက်ရေးထက် ကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်သည့်အတွက် အိန္ဒိယ စစ်တပ်ဘက်မှ ပြောသလို သုံးနာရီကျော်ကြာရင်ဆိုင်တိုက်ပွဲဖြစ်နိုင်သည့် လက်နက်ခဲယမ်း ပမာဏ မရှိဟု တော်လှန်ရေးအင်အားစုက ဆိုသည်။ 

“သူတို့မှာလက်နက်အင်အားက battle ဆိုင်ပြီးပစ်ရတဲ့ လက်နက် အင်အား မရှိဘူး။ ရှိတာ ခါးချိုး ၅ လက်နဲ့၊ အော်တိုကလည်း ၇ လက်မှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ၃လက်ကပျက်နေတာ။ကျန် ၄ လက်ကလည်းကျည် အပြည့်အစုံထိပြီး ပစ်နိုင်တဲ့အနေ အထား မရှိဘူး”ဟု တမူးမြို့နယ် ပအဖ အဖွဲ့ဝင်တစ်ဦးကပြောသည်။

အိန္ဒိယ ဘက်က ထုတ်ပြန်သည့် တိုက်ပွဲမှ သိမ်းဆည်းရမိသည့်လက်နက်များတွင်  RPG လောင်ချာ ၁ လက်၊ နှင့် M 4 အမျိုး အစားသေနတ် ၁ လက်တို့မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ လက်နက် မဟုတ်ကြောင်း ခရိုင် ပအဖ တာဝန်ရှိသူက ပြောသည်။ 

ထို့ပြင် သုံးနာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့သည့်ဟု အိန္ဒိယစစ်တပ်က ပြောသည့် နယူးဆမ်တာရွာ အနီး ဝန်းကျင်မှ ဒေသခံများမှာလည်း သေနတ်သံကြားရခြင်းမရှိဟု ဒေသခံများကို ကိုးကားပြီးတော်လှန်ရေး အင်အားစု ကပြောသည်။ 

တမူးခရိုင် ပကဖ ရဲဘော် ၁၀ ဦးမှာ အိန္ဒိယဘက်ခြမ်းတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွင် သေဆုံးခြင်း မဟုတ်ဘဲ ယာယီစခန်းပြောင်းရွှေ့မှုကို ကြိုတင်အသိပေးထားသည့်ကြားက အာသံ ရိုင်ဖယ် တပ်ရင်း ၁ က အကြောင်းပြ ချက်မခိုင်လုံဘဲ ဖမ်းဆီးခေါ်ဆောင်နှိပ်စက်သတ်ဖြတ်ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

တမူးခရိုင် ပကဖအဖွဲ့ဝင်များ အသတ်ခံရမှုအတွက် အမှုမှန် ဖော်ထုတ်၊ အရေးယူပေးရန် တောင်းဆိုနေကြစဉ်။ (ဓာတ်ပုံ – GSCB)  

နယ်စပ်ခြံစည်းရိုးအရေး ရပ်တန့်ထားရန်လို 

အိန္ဒိယ အရှေ့မြောက်ခြမ်းပြည်နယ်များဖြစ်သည့် အရူနာချယ် ပရာဒေ့ရှ်၊ နာဂလန်း၊ မီဇိုရမ်၊ မဏိပူရ်တို့သည်  မြန်မာနိုင်ငံ အနောက်မြောက်ဒေသ ချင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့နှင့် ကီလိုမီတာ ၁၆၀၀ ကျော် (မိုင် ၁၂၀၀) ကျော် နယ်နိမိတ်ချင်းထိစပ်နေသည်။ 

နှစ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်သူများ ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ နှစ်နိုင်ငံကြား လွတ်လပ်စွာ သွားလာခွင့်ကို ဆယ်စုနှစ်တစ်ခုကျော် ခွင့်ပြုခဲ့သည်။ သို့သော်လည်း ယခုနှစ်ဆန်းတွင် အိန္ဒိယက ထိုသို့ သွားလာခွင့်ကို ကန့်သတ်လိုက်သည်။ 

ထို့ပြင် လုံခြုံရေး၊ မူးယစ်ဆေးဝါး၊ မှောင်ခိုလုပ်ငန်းများနှင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုတို့ကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် နှစ်နိုင်ငံနယ်စပ်ကို ခြံစည်းရိုးကာရန် ဗဟိုအစိုးရက ပြိးခဲ့သည့်နှစ်ပိုင်းကတည်းက စိုင်းပြင်း လာသည်။ 

မိုင်လေးရာကျော် နယ်စပ် ထိစပ်နေသည့် မဏိပူရ်ပြည်နယ်တွင်  မိုရေးမြို့နှင့် မြန်မာနိုင်ငံ တမူးမြို့နယ်ကြား နယ်စပ်ခြံစည်းရိုး ခြောက်မိုင်နီးပါးခတ်ပြီးဖြစ်သည်။ 

မြန်မာနိုင်ငံချင်းတွင်းမြစ်နှင့် အိန္ဒိယ နယ်စပ်ကြား ချိုင့်ဝှမ်းလွင်ပြင်ဒေသဖြစ်သည့် ကဘော်ဒေသတွင် ကလေး ခရိုင်နှင့် တမူးခရိုင် တို့ပါဝင်ပြီး ထိုနေရာသည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ၏ အရေးကြီးနယ်မြေဖြစ်သည်။ 

အိန္ဒိယနှင့် နယ်နိမိတ်ချင်းထိစပ်နေကာ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် စစ်ရေးအရ  အရေးပါသည့်  ကဘော်ဒေသလွတ်မြောက်ရေးအတွက် အထူးဦးစားပေး စဉ်းစားဆောင်ရွက်နေကြောင်း ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က မတ်လ တတိယပတ်တွင်ပြောကြားခဲ့သည်။ 

အိန္ဒိယ – မြန်မာ နယ်စပ်ဝင်ထွက်ပေါက်ဖြစ်ပြီး ကုန်သွယ်ရေးအရ အချက်အချာကျသည့် တမူးမြို့နယ်မှာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းရာဒေသဖြစ်သည်။ တမူးမြို့နယ်တွင် စစ်တပ်၊ ပျူစောထီး (ပြည်သူ့စစ်) ၊ စစ်တပ်နှင့် လက်တွဲနေသည့် ရှမ်းနီအမျိုးသားတပ်မတော်၊ ကသည်းသူပုန်များ လှုပ်ရှားသလို အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များအပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များလည်း လှုပ်ရှားသည်။ 

တမူးမြို့နယ်တွင်ပါဝင်သည့် မြောက်ဘက်ခြမ်းမှ မြို့သစ်မြို့၊ တောင်ဘက်ခြမ်းမှ ခမ်းပတ်မြို့တို့ကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်ထိန်းချုပ်ထားသည်။  စစ်တပ်နှင့် ၎င်းတို့၏ လက်နက်ကိုင်တပ်များမှာ တမူးမြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာအချို့ကို နယ်မြေစိုးမိုးထားသည်။  

ကျန်ရှိနေသေးသည့် တမူးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် တော်လှန်ရေးအင်အားစုက ပိတ်ဆို့ထိုးစစ်ဆင် နေချိန်တွင် အိန္ဒိယကလည်း နယ်စပ်ခြံစည်းရိုးခတ်ရန် အရှိန်မြှင့်လုပ် ဆောင်လာသည်။ 

တမူးမြို့မြောက်ဘက် မိုင်တိုင် ၈၁ နှင့် ၈၂၊ မြို့အနောက်ဘက် မိုင်တိုင် ၇၄ ၊၇၅၊ ၇၆ တို့တွင် နယ်မြေအငြင်းပွားမှု များရှိနေသည့်အတွက်ခြံစည်းရိုးခတ်မည့် အိန္ဒိယ၏အစီစဉ်ကို  PDF ခရိုင် တပ်ရင်း ၁ နှင့် တပ်ရင်း ၃ တို့က ကန့်ကွက်ထားသည်။ 

ထို့ပြင် နယူးဆမ်တာအနီး ခြံစည်းရိုးခတ်ရာတွင် မြန်မာနယ်နိမိတ် အတွင်း လယ်ကွက်များကို ဖြတ်ပြီး ခြံစည်းရိုးကာရန် ကြိုးပမ်းခဲ့သေးသည်။ 

ဒေသခံများ၏ တိုင်ကြားချက်အရ တမူးခရိုင်မှ အုပ်ချုပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီးနောက် ညှိနှိုင်း‌ ဖြေရှင်းခဲ့ကြသည်။ 

နယ်စပ်ခြံစည်းရိုး ခတ်သည့်ကိစ္စနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစု၏ ကန့်ကွက်မှုကြောင့်  အိန္ဒိယစစ်တပ်က တမူးခရိုင် ပကဖအဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်သည့်နည်းလမ်းဖြင့် လက်တုံ့ပြန်ခြင်းဖြစ်နိုင် ကြောင်း ဒေသတွင်းမှ တော်လှန်ရေးသမားများက သုံးသပ်သည်။ 

ရုပ်အလောင်းများကို ပြန်လည်လွှဲပြောင်းမပေးမီတွင် နယ်စပ်ခြံစည်းရိုးခတ်မှုကို ကန့်ကွက်မည်မဟုတ်ဟူသော အချက်ပါဝင်သည့် စာချုပ်ကို လက်မှတ်ထိုးရန် အိန္ဒိယဘက်က အကျပ်ကိုင်ခဲ့သည်။ 

“နောင်မကန့်ကွက်ရဲအောင် အကြောက်တရားရိုက်သွင်းတာ” ဟု တမူးခရိုင် ပအဖတာဝန်ရှိသူက သုံးသပ်သည်။ 

ညှိနှိုင်းမှု မပြီးပြတ်သေးချိန်တွင် တစ်ဘက်သတ်ခြံစည်းရိုးခတ်ခြင်းကို ယာယီရပ်ဆိုင်းထား ရန် အမျိုးသားညီညွတ်ရေးအစိုးရက အိန္ဒိယကို တောင်းဆိုထားသည်။ 

ထိုဖြစ်ရပ်အပြီးနောက်ပိုင်းတွင်  နယ်စပ်တလျှောက် ခြံစည်းရိုးခတ်သည့်လုပ်ငန်းများ ရပ်တန့်နေသည်ဟု ဒေသခံများထံက သိရသည်။ 

ပြီးခဲ့သည့်နှစ်များတွင် တော်လှန်ရေးအင်အားစုက နယ်စပ်ဒေသရှိ မြို့များအပါအဝင် ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာချိန်တွင် အိန္ဒိယက တော်လှန်ရေးအင်အားစုကို ထိတွေ့ဆက်ဆံမှုအချို့ရှိလာသည်။ သို့သော်လည်း အိန္ဒိယသည် အာဏာသိမ်း စစ်တပ်နှင့် မူလကတည်းကပင် နီးကပ်သည့် ဆက်ဆံရေးရှိထားပြီးဖြစ်သည်။  

ဧပြီလက ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဘင်းမ်စတက်ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဖြတ် ကျော် ရာဇဝတ်မှုများအရေး ဆွေးနွေးခဲ့ကြသည်။ 

ထို့ပြင် မြန်မာစစ်တပ်ကို ဒေါ်လာဘီလျီချီ တန်ကြေးရှိသည့် လက်နက်များရောင်းချနေသည့် အဓိက နိုင်ငံ ၅ ခုအနက် အိန္ဒိယမှာ စတုတ္တမြောက် အများဆုံး ရောင်းနေသည့်နိုင်ငံလည်းဖြစ်သည်။ 

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ၏ ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်သည့် ဒေါ်လာဘီလီယံချီသည့် သေမင်းတမန် လက်နက်ကုန်သွယ်ရေး အထူးအစီရင်ခံစာအရအိန္ဒိယ အခြေစိုက် ကုမ္ပဏီ ၂၂ ခုသည် မြန်မာစစ်တပ်အတွက် အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ဖိုး  စစ်လက်နက် နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခဲ့သည်။ 

၎င်းတို့အနက် အိန္ဒိယ အစိုးရပိုင် Bharat Electronics Limited  နှင့် Bahrat Dynmic Limited တို့မှာ ပမာဏ အများဆုံး ကုန်သွယ်သူများဖြစ်သည်။ 

တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကို မြန်မာပြည်ထဲ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ် သည့် လုပ်ရပ်မှာ နယ်စပ်ဒေသ အခြေပြုထားသည့် လက်နက်ကိုင်တော်လှန်ရေးအတွက် သက်ရောက်မှုများ ရှိကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။ 

“နောက်ကျောမလုံရတာတော့ အမှန်ပါ။ NUG အနေနဲ့ အိန္ဒိယနဲ့ဆက်ဆံရေး အတွက် စစ်ရေးအရအောင်မြင်မှုရှိဖို့ အထူးအားစိုက်သင့်သလို၊ ဒီနယ်မြေ မှာရှိနေတဲ့ ဌာနေတိုင်းရင်းသားအစု အဖွဲ့တွေကိုလည်း အမှန်တကယ် ကိုယ်စားပြုနိုင်လောက်အောင် တည်ဆောက်ထားဖို့ လိုပါတယ်”ဟု ကလေး – ကဘော်ဒေသတွင် လှုပ်ရှားသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက မှတ်ချက် ပြုသည်။ 

ထို့ပြင် ဗျူဟာအရအချက်အချာကျသည့် တမူးမြိုနယ်ကို တော်လှန်ရေးအင်အားစု အမြန်ဆုံး သိမ်းပိုက်ပြီး တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ 

နယ်စပ်ကို စိုးမိုး သိမ်းပိုက်လိုက်ပြီးနောက်တွင်  အိန္ဒိယဘက်မှသက်ဆိုင်ရာတပ်ဖွဲ့များသည် တော်လှန်ရေးအင်အားစုနှင့်  ဆက်ဆံရေး သိသိသာသာပြောင်းလဲသွားသည့်အတွက် တမူးမြို့ကို တော်လှန်ရေးအင်အားစုအနေဖြင့် အမြန်ဆုံး သိမ်းပိုက်ထိန်းချုပ်နိုင်ရန် လိုကြောင်း ကလေး – ကဘော်ဒေသတွင်း လှုပ်ရှားသည့် တော်လှန်ရေးသမားများက ထောက်ပြသည်။ 

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ သုံးပွင့်ဆိုင်ထိစပ်နေသည့် ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (အေအေ) က ၂၀၂၄ နှစ်ဆန်းပိုင်းတွင် သိမ်းပိုက်ခဲ့သလို ချင်းတော်လှန်ရေးအင်အားစုက နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ရိခေါရ်ဒါ အပါအဝင် နယ်စပ်မြို့များကိုသိမ်းပိုက်ထားသည်။ 

“အိန္ဒိယကတော့ စကစနဲ့ဆက်ဆံရေး ကောင်းနေတာ တောက်လျှောက်ပါ။ သူတို့ဆက်ဆံရေးကို ရှေးကလည်း မြင်ရတွေ့ရတာမို့ သိပ်ပြီး ထွေထွေထူးထူး ပြောင်းလဲသွားတယ်တော့ မမြင်ဘူး။ တလရအင်အားစုတွေနဲ့လည်း ဆက်ဆံ ရေးတစ်ခုတော့ရှိပါတယ်။ ဒီအနေအထားကို အပြောင်းအလဲ လုံး၀ဖြစ်ဖို့အတွက် ဒီနယ်မြေကို အမြန်သိမ်းနိုင်ဖို့ ထိန်းနိုင်ဖို့လိုတာပါပဲ” ဟု အထက်ပါ တော်လှန်ရေးအဖွဲ့ဝင်က ဆိုသည်။ 

အာသံရိုင်ဖယ်တပ် ကျူးလွန်ခဲ့သည့်လုပ်ရပ်မှာ  ရုပ်ဆိုးပြီး အကျည်းတန်လွန်းသည့် လုပ်ရပ်ဖြစ်သည့်အတွက် ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယနိုင်ငံ အနေဖြင့် စုံစမ်းစစ်ဆေး၊ အရေးယူပေးရန် တော်လှန်ရေးအင် အားစုများ၊ တက်ကြွလှုပ်ရှားသူများနှင့်မိသားစုဝင်များက တောင်းဆိုထားသည်။ 

“နွေဦးတော်လှန်ရေးမှာတော့ အိန္ဒိယ အနေနဲ့ ကျွန်တော်တို့ကို ပံ့ပိုးကူညီမှုတွေ ရှိဖို့ မျှော်လင့်ခဲ့ကြပါတယ်။ အကယ်၍ ပံ့ပိုးကူညီမှုတွေ မရှိရင်တောင်မှ အနှောင့်အယှက် မလုပ်ဖို့၊ ကဖျက် ယဖျက်မလုပ်ဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စဖြစ်လာတဲ့အခါမှာတော့ ကျွန်တော်တို့အနေနဲ့ တော်တော်ကိုပဲ စိတ်မကောင်းပါဘူး။ တကယ့်တကယ်တော့ အိမ်နီးချင်းနိုင်ငံ အနေနဲ့ တော်လှန်ရေးအလွန်ကာလမှာ လက်တွဲပူးပေါင်းဆောင်ရွက်ရမယ့်ကာလမှာ ဒီလိုကိစ္စမျိုး ဖြစ်လာတဲ့ အပေါ်မှာတော့ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်”ဟု ထိုတောင်းဆိုမှုတွင်ပါဝင်သည့် ကိုချစ်ဝင်းမောင်က ဆိုသည်။ 

တမူးပကဖအဖွဲ့တွင်၊ တစ်ဦးတည်းသောသားဖြစ်သူကို ဆုံးရှုံးခဲ့ရသည့် ဒေါ်ချိုကလည်း သူ့မျှော်လင့်ချက်ကို ခပ်တိုးတိုး ဖွင့်ဟသည်။ 

“ကျွန်မ သားက ဆုံးရှုံးသွားပြီ ပြန်မရနိုင်ဘူး။ ဒါပေမယ့် ကျန်ရှိနေတဲ့ ရဲဘော်တွေအတွက် အမှုမှန် (ပေါ်စေချင်တယ်)။ နောက်ကိုလည်း ဒီလိုဖြစ်ရပ်ဆိုးမျိုးတွေနဲ့ မကြုံတွေ့အောင် စီစဉ်ဆောင်ရွက်ပေးစေချင်တာ” ဟု ဒေါ်ချိုက ပြောလိုက်သည်။ 

Related Articles

Back to top button