သတင်း

ထိန်းချုပ်မြို့များကို ပြန်လည်ထူထောင်နေပြီဟု ချင်းညီနောင်တပ်ဖွဲ့ပြော

ချင်းပြည်နယ်တွင် မြို့နယ်အများအပြားကို တော်လှန်ရေးအင်အားစုက စီမံအုပ်ချုပ်နေချိန်တွင် စစ်ဘေးရှောင်နေသူများက လေတပ်ရန်ကြောင့် ပိုမိုလုံခြုံသည့်နေရာတွင် ဆက်ရှိနေကြသည်။

ချင်းညီနောင်အဖွဲ့က ၎င်းတို့ထိန်းချုပ်ထားသည့် ချင်းတောင်တန်းများပေါ်မှ  မြို့နယ် ၄ ခုနှင့် မြို့နယ်ခွဲမြို့အချို့တွင် ဒေသခံများ ပြန်လည် အခြေချနေထိုင်ရန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီဟု  ဇွန် ၁၈ ရက်နေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြို့နယ် ၉ ခုဖြင့်ဖွဲ့စည်းထားသည့် နိုင်ငံအနောက်ဘက်ရှိ ချင်းပြည်နယ်ထဲမှ မင်းတပ်၊ မတူပီ ၊ ကန်ပက်လက်၊ ဖလမ်း တို့ကို သိမ်းပိုက်ထားခြင်း ဖြစ်ပြီး ၎င်းတို့၏မဟာမိတ်ဖြစ်သည့် ရခိုင်တပ် (AA) က ချင်းပြည်နယ်ထဲမှ ပလက်ဝကို သိမ်းပိုက်ထားသည်။

ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ ပါဝင်သည့် ချင်းညီနောင်အဖွဲ့ သည် ချင်းပြည်နယ်ထဲမှ စစ်ကောင်စီစိုးမိုးထားသည့် နယ်မြေများနှင့် ပြည်နယ်နှင့်ထိစပ်နေသည့် မကွေးနှင့်စစ်ကိုင်း နယ်မြေများတွင်လည်း တိုက်ပွဲဝင်ရန် ပြင်ဆင်နေသည်ဟုဆိုသည်။

ချင်းညီနောင်အဖွဲ့ ရှင်းပြသည့် ၎င်းတို့၏ပြန်လည်ထူထောင်ရေးစီမံချက်ထဲမှ အချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

မင်းတပ်

ချင်းအမျိုးသားကောင်စီ (မင်းတပ်) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က မင်းတပ်မြို့တွင် မြေမြှုပ်မိုင်းရှင်းခြင်းနှင့် စစ်အကြွင်းအကျန်လက်နက်ပစ္စည်းများ ရှင်းလင်းခြင်း လုပ်ဆောင်ထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“စည်ပင်လုပ်ငန်းတွေ လုပ်နေပါတယ်။ လျှပ်စစ်မီးပြန်ရဖို့ကတော့ အချိန်ယူရဦးမယ်။ အိမ်တိုင်း ရေပြန်ရအောင် ရေသွယ်တာတွေ ၊ လှောင်ကန်တွေကို ပြန်သန့်ရှင်းတာတွေ၊ မြောင်းတွေဖော်တာ၊ မြို့ထဲက ခြုံနွယ်တွေ ရှင်းလင်းတာ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြို့သည် အာဏာသိမ်းမှုမဖြစ်ခင် အခြေအနေကကဲ့သို့ ပြန်လည် စည်ပင်မှုမရှိသေးပေ။

မင်းတပ်မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးဥပဒေကို ၂၀၂၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ရွာအုပ်ချုပ်ရေးမှူးနှင့် တိုက်နယ်အုပ်ချုပ်ရေးမှူးများကို မဲပေးရွေးချယ်တင်မြှောက်ထားကြောင်း ဆလိုင်းယောမန်က ပြောသည်။

တိုက်ပွဲအတွင်း   နေအိမ်ဆုံးရှုံးသွားသူများထဲမှ တချို့ကို ကူညီထောက်ပံ့ထားကြောင်း ချင်းအမျိုးသားကောင်စီ (မင်းတပ်) ထံက သိရသည်။

မြို့ပေါ်တွင် အရက် ၊ ဘီယာ ရောင်းချခြင်းကို ပိတ်ပင်ထားသည်၊  လိုင်စင်စနစ်ဖြင့် ပြန်လည်ခွင့်ပြုပေးရန် စဉ်းစားထားသည်၊ ဒေသခံများအတွက် ကော်ဖီနှင့် ထောပတ်စိုက်ပျိုးခြင်းကို အားပေးနေသည်၊ ဒေသတွင်း မွေးမြူကြသည့် နွားနောက်ကောင်ရေ ထောင်နှင့်ချီကို  ကာကွယ်ဆေးထိုးပေးထားသည်ဟု လိုင်းယောမန်ကပြောသည်။

ဒေသခံအများစုသည် စစ်ကောင်စီလေတပ်၏ အန္တရာယ်ကြောင့် မြို့ပေါ်ပြန်မလာဝံ့သေးဘဲ ဘေးလွတ်ရာတွင် ဆက်လက်နေထိုင်နေကြကြောင်း သူက ပြောသည်။

“ပြည်သူတွေလည်း တဖွဲဖွဲတော့ ပြန်လာနေကြပါတယ်။ ဒါပေမယ့် လေကြောင်းအန္တရာယ်ကြောင့် စိတ်ရှိသလောက်ပြန်မလာနိုင်ကြဘူးပေါ့။ အကုန်လုံးက ကျွန်တော်တို့ရဲ့ စစ်ရေးသတင်းလည်းနဲနဲကြားတော့ စောင့်လိုက်ဦးမယ်ပေါ့။ မကွေးတိုင်းမှာလည်း ဖြစ်လာနိုင်တာတွေ၊ စစ်ကိုင်းတိုင်းမှာလည်း ဖြစ်လာနိုင်တာတွေ ဒီတိုက်ပွဲတွေက ၆ လလောက်နေရင် ပြီးသွားမလားဆိုပြီး စောင့်ကြည့်ကြတဲ့ ပြည်သူတွေလည်းများပါတယ်” ဟု ဆလိုင်းယောမန်က ဆိုသည်။

မင်းတပ်မြို့ ရေပေးဝေရေး လုပ်ငန်းခွင်တစ်ခု။  (ဓာတ်ပုံ – ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

မတူပီ

CDF- မတူပီ တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ ကိုဗွေအုပ်က မတူပီမြို့ကို ၎င်းတို့ သိမ်းပိုက်ထိန်းချုပ်ထားသည်မှာ ၁ နှစ်ပြည့်ပြီဖြစ်ကြောင်း  သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြို့ပြင် ကျေးလက်ဒေသကို ချင်းပြည်ကောင်စီ (CC) ဩဇာခံ တပ်ဖွဲ့များက စိုးမိုးထားကြောင်း ကိုဗွေအုပ်က ဆိုသည်။

မြို့တွင်း ဗုံးကြဲခံထားရသည့် နေအိမ်များ ပြန်ပြင်ထားပြီး မင်းတပ်-မတူပီကားလမ်းပြင်ခြင်းနှင့် မြို့စည်ပင်သာယာရေး လုပ်ငန်းများ လုပ်နေကြောင်း၊ မြို့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းသည် မြို့တွင် ပြန်လည်အခြေချနေထိုင်နေပြီဖြစ်ကြောင်း  ကိုဗွေအုပ်က ပြောသည်။

ယခင်က CDF မတူပီ အမည်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့သော်လည်း ယခုတွင် Matupi Revolutionary Organization (MRO) ကို ဖွဲ့စည်း၍ အရပ်ဘက်နှင့် တပ်ဘက်ပေါင်းစည်းလုပ်ကိုင်နေကြောင်း ကိုဗွေအုပ်က ဆိုသည်။

ထို့အပြင် မတူပီမြို့နယ်၌ တရားဥပဒေစိုးမိုးရေးအတွက် ရဲလုပ်ငန်းဆောင်ရွက်နိုင်ရန် ပြည်သူ့လုံခြုံရေးဌာနဖွဲ့စည်းကာ အမှုအခင်းများကို ကိုင်တွယ်နေကြောင်း၊ ကုန်သွယ်ရေးဌာန ၊ အခွန်ဌာနတို့ကို ဖွဲ့ထားသလို လေယာဉ်ဗုံးဒဏ်သင့်ပြည်သူများအတွက် လူသားချင်စာနာမှုအကူအညီများ ရနိုင်ရေးလည်း လုပ်ဆောင်နေကြောင်းသိရသည်။

ကန်ပက်လက်

ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ် CDF (ကန်ပက်လက်) ကလည်း ကျင်ဒွေးနှင့် ကန်ပက်လက်မြို့ ၂ မြို့ကို အဓိက ထိန်းချုပ်ထားသည်ဟု ဆိုသည်။

ကျင်ဒွေးသည် မြို့သိမ်းတိုက်ပွဲအတွင်း မြို့၏ ၉၀ ရာခိုင်နှုန်းပျက်စီးသွားပြီး မြို့ပြင်ဘက်ရှိ နေအိမ်အချို့သာ ကျန်သည်။

ပျက်သွားသည့်မြို့တွင် တဲငယ်လေးများနှင့် အဆောင်များ ပြန်ဆောက်၍ မြို့ခံများကို ပြန်လည်နေထိုင်ခွင့်ပြုထားကြောင်း CDF – ကန်ပက်လက်ပြန်ကြားရေးဌာနမှ ပီတာသန်းရွှေက ပြောသည်။

ကျင်ဒွေးမြို့၌ ကျင်ဒွေးပြန်လည်ထူထောင်ရေးကော်မတီကို ဖွဲ့စည်းထားပြီး စားနပ်ရိက္ခာပံ့ပိုးပေးနေကြောင်း  သိရသည်။

ကျင်ဒွေးတွင် လယ်မြေများလည်း ရှိသဖြင့်  စိုက်ပျိုးရေးပြန်လုပ်နိုင်ရန် စီစဉ်နေသည်။

မြို့သည် အလုံးစုံနီးပါး ထိခိုက်သွားသဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းကို အစက ပြန်လည်လုပ်ကိုင်နေရကြောင်း CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူ ပီတာသန်းရွှေက ညည်းတွားသည်။

စစ်ကောင်စီဘက်က မိုင်းအများအပြား ထောင်ခဲ့သဖြင့် မိုင်းရှင်းလင်းရေး လုပ်နေရကြောင်း CDF – ကန်ပက်လက်က ဆိုသည်။

မြို့တွင် ခြုံနွယ်ပိတ်ပေါင်းရှင်းလင်းပြီး ဌာနဆိုင်ရာ ရုံးများကို သန့်ရှင်းရေး ဆက်လုပ်နေရသည်။ ကန်ပက်လက်မြို့ခံများမှာ စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် မြို့ကို ပြန်မလာကြသေး ဘေးလွတ်ရာတွင် ဆက်လက်နေထိုင်နေကြောင်း ပီတာသန်းရွှေက သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြသည်။

ဖလမ်း

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) သည် ဖလမ်းကို ထိန်းချုပ်ခွင့်ရသည်မှာ ၃ လသာ ရှိသေးသည်။

လက်ရှိတွင် မြို့စည်ပင်သာယာရေး လုပ်ငန်းများ ဆက်လုပ်နေရကြောင်း CNO ပြောခွင့်ရ ဆလိုင်းတင်မီထွဋ်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မိုးရာသီဖြစ်သောကြောင့် ဖလမ်းမြို့နယ်တွင် မြေပြိုမှုများဖြစ်နေပြီး ဖလမ်း-ကလေးလမ်း ၊ ကလေး-ဝေဘူလလမ်း ၊ ဖလမ်း-ရိခေါ်ရ်ဒါ၊ ဖလမ်း-ဟားခါးလမ်းတို့ ပျက်စီးနေသဖြင့် ပြုပြင်ရန် စီစဉ်နေသည်ဟု ဆိုသည်။

ဖလမ်းမြို့နယ်၌   ခွဲစိတ်မှုများလုပ်နိုင်သော ဆေးရုံ ၂ ရုံနှင့် ဆေးခန်း ၁၅ ခု ထူထောင်ထားသည်ဟု သိရသည်။

ဖလမ်းမြို့နယ်တွင် ချင်းလူမျိုးစုပေါင်း ၁၂ စုကြား ပဋိပက္ခမဖြစ်ရန် တစ်မြို့နယ်လုံးလွှမ်းခြုံသည့် အုပ်ချုပ်ရေးဆိုင်ရာ အခြေခံဥပဒေတစ်ရပ်ရေးဆွဲ နေကြောင်း ဆလိုင်းတင်မီထွဋ်က ပြောသည်။

ချင်းညီနောင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ချင်းအမျိုးသားကောင်စီ (မင်းတပ်) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ ဆလိုင်းယောမန်က ချင်းညီနောင်အဖွဲ့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် သစ်တော ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကျန်းမာရေး ၊ ပညာရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတကာအကူအညီများ လိုအပ်နေကြောင်းဆိုသည်။

နိုင်ငံတကာအကူအညီပေးရန်လည်း ၎င်းက ဖိတ်ခေါ်သည်။ ချင်းညီနောင်အဖွဲ့အနေနှင့် အဖွဲ့ဝင်များလှုပ်ရှားရာ နယ်မြေ၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်း ၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ရောက်ရှိနေသော စစ်ရှောင်များအနေနှင့် အမိမြေထံပြန်လာနိုင်ပြီဖြစ်ကြောင်း ဆလိုင်းယောမန်ကပြောသည်။

ပြုပြင်နေရသော မင်းတပ်-မတူပီ မိုင်တိုင် (၉၁) လမ်းပိုင်း။ (ဓာတ်ပုံ – Chin Defense Force – Matupi)

Related Articles

Back to top button