ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့က ကျရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အတွက် လူမှုကွန်ရက်တွင် ဆုတောင်းပေးခဲ့ကြသူများထဲမှ အနည်းဆုံးလေးဦးကို စစ်ကောင်စီကဖမ်းဆီးလိုက်ကြောင်း စုံစမ်းသိရှိရသည်။
ဖမ်းဆီးခံရသူများထဲမှ တဦးသည် နေပြည်တော်မှ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းဖြစ်ပြီး ကျန်သုံးဦးသည် မန္တလေးမြို့မှ အရပ်သားများဖြစ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို ဆုတောင်းပေးမှုဖြင့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းအိမ်ရာနေ ဝန်ထမ်း မနှင်းယဉ်ဖြူ (ခ)နှောင်းနှောင်း (၃၉ နှစ်) ကို ဇွန် ၂၁ ရက်နေ့ ညပိုင်းတွင်ဖမ်းလိုက်ကြောင်း ဇွန် ၂၂ ရက်တွင် စစ်ကောင်စီအာဘော်သတင်းစာများကထုတ်ပြန်ခဲ့သည်။
၎င်းက August Hnin အမည်ဖြင့် ဖေ့ဘွတ်ခ်လူမှုကွန်ယက်တွင် “Happy Birthday အမေစု၊ အသက်ရှည် အနာမဲ့ ပါစေ၊ ဘဝဆက်တိုင်းချစ်သောသူများနဲ့ ကွေကွင်းရခြင်းမှခြင်းဒုက္ခမှ ဝေးပါစေ၊ သူတော်ကောင်းများနဲ့သာ ကြုံတွေ့ပါစေ” ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။
သမီးတယောက်မိခင်၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းဖြစ်သူ မနှင်းဖြူ(ခ) နှောင်းနှောင်းကို လက်ရှိတွင် တပ်ကုန်းမြို့နယ်ရှိ မြို့မရဲစခန်း၌ ချုပ်နှောင်ခံထားရပြီး နောက်ဆက်တွဲ အခြေအနေကို မသိရှိ ရသေးပေ။
မန္တလေးမြို့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဆုတောင်းကြောင်း ရုပ်သံကို လူမှုကွန်ယက်ပေါ် တင်ခဲ့သူအမျိုးသမီးတဦးနှင့် အမျိုးသားနှစ်ဦးတို့ကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လှုံ့ဆော်ဝါဒဖြန့်သည်ဆိုကာ စစ်ကောင်စီက နေအိမ်များတွင် လာရောက်ဖမ်းဆီးခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေ သက်လတ်ပိုင်းအရွယ်များဖြစ်သော ကိုဖြိုးညီညီ(ခ) ဖက်တီးနှင့် ကိုစောလှနိုင်တို့ကို Tik Tok တွင် ရုပ်သံများတင်သည်ဟု ဆိုကာ ဇွန် ၁၉ ရက်နေ့ နေ့လယ်တွင် ဖမ်းဆီးသည်၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက်(၅၀၃)နေ ကျောက်ပွဲစား ဒေါ်ဌေးဌေးမော် (၃၉ နှစ်) ကို Tik Tok တွင် ရုပ်သံတင်၍ ယင်းနေ့ညပိုင်းတွင်ဖမ်းဆီးခံရသည်ဟု မြို့ခံ များက ပြောသည်။
“ဒေါ်ဌေးဌေးမော်ကတော့ သူက အမေစုမွေးနေ့မှာ မြန်မာဝမ်းဆက်နဲ့ နှင်းဆီပန်းပန်တဲ့ဗီဒီယိုတင်ပြီး ဆုတောင်းတာပေါ့နော်။ ဒါကိုပဲ နိုင်ငံရေးလှုံ့ဆော်တယ်ဆိုပြီး လာဖမ်းသွားတာ။အမျိုးသားနှစ်ဦးကလည်း အဲဒီလိုပဲ Tik Tok ဗီဒီယိုတင်ပြီးဖမ်းခံရတာလို့ပြောတယ်” ဟု ချမ်းမြသာစည်မြို့နယ်မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသော၊ ပန်းပန်ဆင်လေ့ရှိသောနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့တွင် ဘုရားပန်းကပ်လှူခြင်း၊ ပန်းပန်ခြင်း၊ ပန်းအလှ ဆင်ခြင်း၊ ပန်းသပိတ်လှုပ်ရှားမှုများ ပြုလုပ်ရန်တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားကြသည်။
စစ်ကောင်စီဝါဒဖြန့်သူများကလည်း မွေးနေ့ဆုတောင်း ပြုလုပ်သည်ကို တွေ့ရှိပါက သတင်းပေး တိုင်ကြား နိုင်ကြောင်း၊ အရေးယူနိုင်ကြောင်း လှုံ့ဆော်ခဲ့ကြသည်။
စစ်ကောင်စီက ထိုနေ့ရက်ရောက်တိုင်း နှစ်စဉ် ဖမ်းဆီးအရေးယူမှုများ ရှိနေသော်လည်း ပြည်သူအများစု က အခက်အခဲများအကြားမှ မွေးနေ့ဆုတောင်းပေးပို့ခဲ့ကြသည်။ ယခုနှစ်တွင်လည်း မွေးနေ့အလှူ လုပ်သူများ ရှိသလို ထင်ရှားကျော်ဇောသူတချို့က လူမှုကွန်ရက်တွင် မွေးနေ့ဆုတောင်းစကားဆိုခဲ့ကြသည်။
စစ်ကောင်စီ က မွေးနေ့နှင့်ပတ်သက်ပြီး ပါဝင်သူများကို နေပြည်တော်၊ မန္တလေးသာမက တခြားဒေသများ၌ ဖမ်းဆီးအရေးယူမှုများရှိနေကြောင်း ကြားသိရပြီး Myanmar Now အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ် သည်။
ဇွန် ၁၉ ရက်နေ့က ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့တွင် ကျန်းမာပါ စေကြောင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပြောခွင့်ရများ၊ နိုင်ငံတကာသံရုံးများနှင့် ပြည်သူများက ဆုတောင်းပေးခဲ့ကြသည်။
တက်ကြွလှုပ်ရှားသူများက Suu 80 Birthday Campaign အမည်ဖြင့် မွေးနေ့ဆုတောင်းပေးမှုအရေအတွက် ၁၀၀,၀၀၀ ကျော်ရရှိခဲ့ပြီး မွေးနေ့ရှင်တစ်ဦးအတွက် ဆုတောင်းပေးမှု အရေအတွက် အများဆုံးဖြင့် ဂင်းနက် ကမ္ဘာ့စံချိန်မှတ်တမ်းတင်နိုင်ရန် ပြင်ဆင်နေသည်။
၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထိန်းသိမ်းကာ ပုဒ်မ အများအပြားတပ်ကာ ထောင်နှစ်ရှည်ချထားသည်။



