တရုတ်ဖိအားကြောင့် ကိုးကန့်တပ် (MNDAA) ဆုတ်ခွာပေးခဲ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး မြို့အတွင်း စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇွန် ၂၁ ရက်နေ့တွင် အင်အား တစ်ထောင်နီးပါး ထပ်မံ ဖြည့်တင်းခဲ့သည်ဟု လားရှိုးမြို့ခံများက ပြောသည်။
တင့်ကားအပါအဝင် စစ်ကောင်စီယာဉ်တန်း အစီးရေ ၅၀ နီးပါး လားရှိုးမြို့သို့ ထိုနေ့က ရောက်ရှိလာခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သားအင်အား တစ်ထောင်နီးပါး ပါဝင်နိုင်သည်ဟု မြို့ခံများက ခန့်မှန်းကြသည်။
ထိုယာဉ်တန်းများ လားရှိုးမြို့သို့ မဝင်ရောက်မီ MNDAA တပ်ဖွဲ့ တာဝန်ရှိသူများနှင့် စစ်ကောင်စီတပ်တို့ ညှိနှိုင်းခဲ့ကြသည်ဟု ဖြစ်စဉ်အခြေအနေ သိရှိသည့် လားရှိုးမြို့ခံတစ်ဦးက ဆိုသည်။
“မနက်ပိုင်းမှာ MNDAA တပ်နဲ့ စစ်တပ်ခေါင်းဆောင်တွေ မြို့အထွက် AD တံတားအကျော် ဟိုပိတ်ရွာမှာ တွေ့ကြတယ်။ ညနေပိုင်းတော့ စစ်ကားတွေ ဝင်လာတာပဲ။ ညှိနှိုင်းပြီးမှ ဝင်လာတဲ့ သဘောလို့ ပြောလို့ ရတယ်”
ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထောက်ပို့တပ်၊ ဆက်သွယ်ရေးတပ်၊ တင့်ကားတပ် တံဆိပ်ပါ ဝတ်စုံများကို ဝတ်ဆင်ထားကြသည်ကို တွေ့ရသည်ဟု ဆိုသည်။
အဆိုပါ ယာဉ်တန်းများသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်ရာ အမြောက်တပ်၊ ထောက်ပို့တပ် အတွင်းသို့ ဝင်ရောက်သွားသည်ကိုတွေ့ရသည်ဟု မြို့ခံများက ပြောသည်။
လာမည့် ဇွန်လကုန်တွင် သိန္နီမြို့အား စစ်ကောင်စီတပ်သို့ MNDAA တပ်ဖွဲ့က ပြန်လွှဲမည်ဟု သတင်းများ ထွက်နေချိန် ယခုကဲ့သို့ စစ်ကောင်စီယာဉ်တန်းများ အင်အားအလုံးအရင်းဖြင့် ရောက်လာသည့် အတွက် စောင့်ကြည့်ရမည့်အခြေအနေဖြစ်သည်ဟု ဆိုသည်။
“ ရမခ တိုင်းရဲ့စစ်အင်အားဖွဲ့စည်းပုံအတိုင်း အင်အား ပြန်ဖြည့်တာလား ဒါမှမဟုတ် သိန္နီ ကို ပြန်ပေးမယ် လို့ သတင်းထွက်နေတော့ အဲဒီအတွက်လားဆိုတာကို စောင့်ကြည့်ရမယ်” ဟု လားရှိုးမြို့ခံ အမျိုးသား နောက်တစ်ဦးက ပြောသည်။
သိန္နီမြို့ခံများကမူ ဇွန် ၂၃ ရက်နေ့အထိ မြို့ပေါ်တွင် အပြောင်းအလဲ တစ်စုံတရာမရှိဘဲ MNDAA တပ်ဖွဲ့ များ ပုံမှန်အတိုင်းအုပ်ချုပ်နေသည်ဟု ပြောသည်။
လားရှိုးမြို့မြောက်ဘက် လေယာဉ်ကွင်းအနီး တည်ရှိသော အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) လက်အောက်တွင် ခြေလျင်တပ်၊ ခြေမြန်တပ်၊ ဆေးတပ်ရင်း၊ ထောက်ပို့တပ်၊ ဆက်သွယ်ရေး၊ ပညာရေး၊ ဝန်တင်တပ်၊ အမြောက်တပ်၊ သံချပ်ကာတပ်၊ စစ်လက်နက်ပစ္စည်း၊ ယာဉ်သိုလှောင်ရေး၊ ဆောက်လုပ်ရေး စသည့် တပ်ရင်းများ အခြေစိုက်သည်။“ ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ဩဂုတ် ၃ ရက်နေ့တွင် လားရှိုးမြို့ရှိ ရမခ စစ်ဌာနချုပ်တစ်ခုလုံးအပါ အဝင် တစ်မြို့လုံးကို MNDAA တပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်ခဲ့သည်။

အဆိုပါမြို့သိမ်းတိုက်ပွဲကို MNDAA နှင့်အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA)၊ နိုင်ငံအနှံ့မှ စစ်အာဏာသိမ်းဆန့်ကျင်သူများဖြင့် ဖွဲ့စည်းထားသော တပ်မဟာ ၆၁၁ တို့ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။
တစ်လကြာတိုက်ပွဲအတွင်း ရမခ ဒုတိုင်းမှူးဟောင်း တစ်ဦးသေဆုံးခဲ့ကာ ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀၀ နီးပါးအား MNDAA တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အရပ်သား ထိခိုက်သေဆုံးမှုလည်းများပြားခဲ့သည်။
ထို့နောက် MNDAA သည် လားရှိုးမြို့အား ရှစ်လကျော်ကြာ အုပ်ချုပ်ခဲ့ပြီး တရုတ်ဖိအားကြောင့် ယခုနှစ် ဧပြီ ၂၁ ရက်တွင် စစ်ကောင်စီလက်သို့ ပြန်လည်လွှဲပြောင်းခဲ့ရသည်။
ကိုးကန့်တပ်များ ကားကြီးများပေါ်တွင် အသုံးအဆောင်ပစ္စည်းများတင်ကာ ဧပြီ ၃ ရက်နေ့မှ စတင်၍ အသုတ်လိုက် ထွက်ခွာသွားခဲ့ကြသလို စစ်ကောင်စီတပ်ကလည်း စစ်ကား အများအပြားဖြင့် ဧပြီ ၂၀ ရက်တွင် ဝင်ရောက်လာခဲ့ကြသည်။
စစ်ကောင်စီဘက်မှ လားရှိုးမြို့အား ပြန်လည်ထိန်းချုပ်ခဲ့ပြီး အင်အားများဖြည့်ထားသော်လည်း မူလ ရှိနေသည့် တပ်ရင်းတပ်ဖွဲ့များ ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်း မရှိသေးဟု မြို့ခံတစ်ဦးက ဆိုသည်။
“ ပထမဝင်လာတဲ့တပ်ဖွဲ့တွေက ထောက်ပို့တပ် ၆၂၆ နဲ့ ခြေလျင်တပ်တွေလောက်မှာပဲ စုပြီးနေကြတာ။ ပညာရေးတို့၊ သံချပ်ကာတို့လို တပ်တွေမှာ သူတို့နေတာ သိပ်မတွေ့ ရသေးဘူး။ ဝန်ထမ်းတွေလည်း သူ့ ဖွဲ့စည်းပုံအတိုင်း အကုန်မှမရှိသေးတာ။ အခုက အဲဒါတွေကို အဆင့်လိုက် ပြန်ဖြည့်နေတဲ့သဘောလို့ ပြောလို့ရတယ်” ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သည့် လားရှိုးမြို့ခံအခြားတစ်ဦးကလည်း ပြောသည်။
လားရှိုးမြို့တွင် မြို့ပေါ်ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၇၅အုပ်စုရှိကာ လူဦးရေ သုံးသိန်းကျော် နေထိုင်သည်။
MNDAA အနေဖြင့် လားရှိုးအား လက်လွှဲပေးခဲ့သည်ဟု ဆိုသော်လည်း မြို့ပေါ် ၁၂ ရပ်ကွက်ကိုသာ စစ်ကောင်စီက အုပ်ချုပ်ခွင့်ရထားပြီး ကျန်သည့် ကျေးရွာအုပ်စု ၇၅ အုပ်စု အား MNDAA နှင့် TNLA တပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။



