သတင်း

ပေါက်မြို့နယ်ကို လေကြောင်းဗုံးကြဲ ၊ ပလဖ ဒုတာဝန်ခံ အပါအဝင် ၅ ဦး သေဆုံး 

တိုက်ပွဲများပြင်းထန်နေသည်မှာ တစ်လနီးပါး ရှိနေပြီဖြစ်ပြီး လေတပ်က နေ့စဉ်ဗုံးကြဲနေရာ မြို့နယ် တောင်ပိုင်းတွင် ယနေ့ နံနက်ဗုံးကြဲမှုအတွင်း ခရိုင်ပလဖ ဒုတာဝန်ခံ ၊ ဇနီး အပါအဝင် ၅ ဦး သေဆုံးခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်တောင်ပိုင်း ကျေးရွာ များကို ယနေ့ (ဇွန် ၂၃) နံနက်တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံးပြီး ကလေး ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။ 

ယနေ့ နံနက် ၈ နာရီခန့်တွင် ပေါက်မြို့နယ်တောင်ပိုင်းရှိ ကင်းမ၊ ဘို့မ ၊ လယ်ယာ၊ သက္ကယ်ကျင်း ၊ ခင်ရှည် စသည့် ကျေးရွာများကို စစ်ကောင်စီလေတပ်၏ Y 12 အမျိုးအစား ထောက်ပို့လေယာဉ်က ဗုံးသီးများဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ချတိုက်ခိုက်ခဲ့ရာ CDM ရဲဝန်ထမ်းနှင့် ၎င်း၏ ဇနီးဖြစ်သူ အပါအဝင်  ၅ ဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပခုက္ကူခရိုင် အမှတ် (၁၁) တပ်ရင်း တာဝန်ခံ ကိုတေဇက Myanmar Now ကို ပြောသည်။ 

“၁၁ ကြိမ်ကို ဗုံးအလုံးရေ ၃၀ ကျော်တယ်။ တစ်စီးတည်းနဲ့ ပတ်ချ သွားတာ။ Y 12 နဲ့ ချသွားတာ။ သက္ကယ် ကျင်း (ရွာ)က ၃ ယောက်၊ ဘို့မယ်က စည်သူအောင်တို့ လင်မယား ၂ ယောက် ၊ ပေါင်း ၅ ယောက် ပေါ့။ ဒဏ်ရာ ပြင်းထန်တာက ၃ ယောက်လောက်ရှိတယ်”  ဟု ၎င်းက ဆက်ပြောသည်။ 

စစ်ကောင်စီ၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများအနက် တစ်ဦးဖြစ်သော ကိုစည်သူအောင်မှာ ရဲ CDM တစ်ဦးဖြစ်ပြီး ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ဒုတာဝန်ခံအဖြစ် တာဝန်ယူ၍ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်နေသူဖြစ်သည်ဟု သိရသည်။ 

ကိုစည်သူအောင်၏ ဇနီး မအေးအေးလင်းမှာ ခြေထောက် ပြတ်တောက်သွားခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ချိန် ကွယ်လွန်သွားခဲ့သည်ဟု ကိုတေဇက ဆက်ပြောသည်။

“ခြေထောက်ပြတ်သွားတာကို ဆေးရုံပို့တဲ့ အချိန်မှာ မမီတော့ဘဲ သွေးထွက်လွန်ပြီး ဆုံးသွားတယ်။ သူတို့ ကလေးကတော့ ဒဏ်ရာရသွားတယ်။ သေတော့ မသေဘူး” 

စစ်ကောင်စီတပ်က ပခုက္ကူခရိုင် ပေါက်မြို့နယ်ကို အင်အား ထောင်ဂဏန်း နီးပါးဖြင့် ကမ္မမြို့မှ စတင်ပြီး စစ်ကြောင်းထိုးနေသည်မှာ ၁ လ နီးပါးကြာမြင့်နေ​ပြီးဖြစ်ပြီး လေကြောင်းမှ လည်း နေ့စဉ် ဗုံးကြဲတိုက်ခိုက် နေသည်။ 

အဆိုပါ စစ်ကြောင်းတွင် ရိက္ခာတင်ဆောင်ထားသည့် ကားစီးရေ ၁၅၀ ပါဝင်ပြီး ကမ္မမြို့မှ အထွက် ပေါက်- ကမ္မလမ်းပိုင်းရှိ သံဘိုရွာအနီး ဇွန် ၈ ရက်နေ့က ချုံခိုတိုက်ခိုက်ခံရမှုကြောင့် ပြန်လည်ဆုတ်ခွာသွားသည်ဟု ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။ 

ပခုက္ကူခရိုင် ၊ ကမ္မမြို့မှ ထွက်လာသည့် ရိက္ခာကားတန်း ထွက်ခွာနိုင်ရန် စစ်ကောင်စီတပ်က လေကြောင်း ဖြင့် နေ့စဉ် တိုက်ခိုက်နေခြင်းဖြစ်ပြီး ကမ္မမြို့နယ်နှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကို နေ့စဉ် လေကြောင်း တိုက်ခိုက်နေခြင်းဖြစ်သည်ဟု  အမှတ် (၁၁) ခရိုင်တပ်ရင်း တာဝန်ခံ ကိုတေဇက ပြောသည်။ 

“လေယာဉ် ပစ်ချမယ့် လက်နက်တွေ လိုချင်တာပေါ့ဗျာ။ မရှိလို့ပေါ့ ရှိရင် ပစ်ချလို့ ရတာပေါ့။ အဲဒါကြောင့် ခုက ပုန်းနေကြရတာပေါ့။ Y 12 ဆိုတော့ Point 5 နဲ့ လည်း မမီဘူး။ Point 5 က ဂျက်ဖိုက်တာတောင်မှ တော်တော်လေး နိမ့်ဆင်းလာမှ ပစ်လို့ရတာ” ဟု ၎င်းက ဆိုသည်။ 

ပခုက္ကူခရိုင် ပေါက်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့များအားကောင်းသည့် ဒေသဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ခြေကုပ်ယူထားနိုင်သည့် ချင်းတောင်တန်းနှင့်လည်း ချိတ်ဆက်နေရာ စစ်ကောင်စီက လေကြောင်းဖြင့် မကြာခဏ ဗုံးကြဲ တိုက်ခိုက်လေ့ရှိသည်။ 

မတ် ၁၁ ရက်က ဆိပ်ဖြူမြို့နယ် အခြေစိုက် အမှတ် ၂၂ ကာကွယ်ရေး ပစ္စည်းစက်ရုံ (က.ပ.စ ၂၂) မ ထွက်ခွာလာသည့် အင်ဂျင်တပ်လေထီး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်မြို့နယ် ထောက်ရှာပင် ရါာ စာသင်းကျောင်း ဗုံးထိမှန်ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ကလေးငယ် တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ 

ဇွန် ၆ မှ ဇွန် ၁၀ အထိ စစ်ကောင်စီလေတပ်က ပေါက်-ကမ္မလမ်းပိုင်းရှိ ဂျိုးပျံနှင့် မန်းကျည်း သုံးပင်ရွာ အနီးကို လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ သည်။ 

ထို့ပြင်  မေ ၂၇ ရက်တွင်  ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ မှ  မော်တော်ယာဉ် ၁၅၀ ကျော်သည့်   ရိက္ခာ ယာဉ်တန်း အပါအဝင် စစ်သည်အင်အား ၁၀၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်း ကလည်း ကမ္မမြို့တွင် အထိုင်ချပြီး ပေါက်မြို့နယ်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည်။ 

Related Articles

Back to top button