ငွေစက္ကူရွက်များ အသုံးပြုမှုလျှော့ချနိုင်ရေးအတွက် ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဝေရန် စီစဉ်နေကြောင်း စစ်ကောင်စီ ဗဟိုဘဏ်ထုတ်ပြန်ချက်နှင့် ဗဟိုဘဏ်တာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။
ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး (Central Bank Digital Currency-CBDC) ထုတ်ဝေရန် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌအပါဝင် အဖွဲ့ဝင် ၁၃ ဦးပါဝင်သည့် ကော်မတီတစ်ရပ် စစ်ကောင်စီခွင့်ပြုချက်ဖြင့် ဖွဲ့စည်းကြောင်း ပြီးခဲ့သည့် ဇွန် ၂၄ ရက်စွဲဖြင့် ဗဟိုဘဏ်က အမိန့်ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
ထိုဒစ်ဂျစ်တယ်ငွေကြေးအောင်မြင်စွာထုတ်ဝေရန် စီမံချက်ရေးဆွဲအကောင်အထည်ဖော်မည်ဖြစ်ပြီး အခြားနိုင်ငံများတွင် ထုတ်ဝေသည့် CBDC ဒီဇိုင်း၊ နည်းပညာ၊ ကွပ်ကဲမှုမူဘောင်၊ အသုံးပြုနေသည့် ငွေပေးချေစနစ်နှင့် ငွေကြေးမူဝါဒအပေါ် သက်ရောက်မှု၊ ငွေရေးကြေးရေးတည်ငြိမ်မှု ဆုံးရှုံးနိုင်ခြေ၊ စီးပွားရေးအပေါ်သက်ရောက်မှုများကို ထိုကော်မတီက လေ့လာသုံးသပ်ရမည်ဟု ထိုအမိန့်စာတွင် တွေ့ရသည်။
ထို့ပြင် လိုအပ်သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လူသားအရင်းအမြစ်၊ ရန်ပုံငွေ၊ နည်းပညာနှင့် အခြေခံအဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာအပါဝင် နိုင်ငံအများအပြားတွင် ငွေကြေးလှည့်ပတ်သုံးစွဲမှုအတွက် ငွေစက္ကူကိုသာ အဓိကထား၍ အသုံးပြုကြပြီး ထိုငွေစက္ကူများရိုက်နှိပ်ရသည့် လုပ်ငန်းစဉ်၊ ကုန်ကျစရိတ်၊ ငွေစက္ကူအတုအပအန္တရာယ်၊ ထိုငွေများသိမ်းဆည်းရန်အခက်အခဲ စသည့်အားနည်းချက်တို့ကြောင့် ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဝေရန် စီစဉ်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာဇော်ဦးက Myanmar Now ကို ပြောသည်။
“ဒစ်ဂျစ်တယ်နည်းနဲ့ အခုဆိုရင် Kpay တို့ဘာတို့ လွယ်လွယ်ကူကူဖြစ်လာတဲ့ဟာလည်းအဲ့ဒီသဘောပါပဲ။ ကျွန်တော်တို့က ဘဏ်တွေမှာ ငွေစက္ကူတွေထိန်းထားရတယ်။ ပြီးရင်ငွေစက္ကူတွေလည်းထုတ်ရတယ်။ ပြီးရင် သိမ်းရတယ်၊ ရေရတယ်ဆိုတဲ့ဟာတွေအားလုံးကို အွန်လိုင်းပေါ်ကလုပ်ထားလိုက်တဲ့အခါကြတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ငွေကြေးဖယ်လှယ်သုံးစွဲတဲ့အခါမှာလည်းလွယ်ကူသွားတယ်” ဟု ၎င်းက ပြောသည်။
“သိမ်းဆည်းရတာမှာလည်းလွယ်ကူသွားတယ်။ ဒီငွေစက္ကူထုတ်တဲ့ဟာတွေကလည်း အကုန်လုံး ကုန်ကျ စရိတ်ကအစ သက်သာသွားတယ်ဆိုတော့ ဒါဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဒီကိစ္စက အပူတစ်ပြင်း ဆောင်ရွက်နေတဲ့ကိစ္စပေါ့၊ အဲ့ဒီတော့ ကျွန်တော်တို့ကလည်း ဒါမြန်မာနိုင်ငံမှာလည်း ဒီကိစ္စကိုဖြစ်အောင် လုပ်ရတဲ့အခြေအနေလေးပါခင်ဗျာ”
စစ်ကောင်စီကို အကြံပေးနေသည့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) အဖွဲ့ဝင် ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာ ဇော်ဦးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၁၉) အရ မေ ၄ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ခန့်အပ်ကြောင်း မေ ၃၀ ထုတ် စစ်ကောင်စီ၏ မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။
CBDC ဒစ်ဂျစ်တယ်ငွေကြေးဆိုသည်မှာ အီလက်ထရွန်နစ်ငွေကြေး(E-Money)၊ ဘဏ်စာရင်းကဲ့သို့ ဒစ်ဂျစ်တယ်ငွေစာရင်းဖွင့်ကာ ငွေပေးချေလွှဲပြောင်းမှုပြုလုပ်နိုင်သောစနစ်နှင့် ခရစ်တိုငွေကြေးဟူ၍ သုံးမျိုးသုံးစားရှိကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီဗဟိုဘဏ်က ထုတ်ဝေမည့် CBDC ဒစ်ဂျစ်တယ်ငွေကြေးကို အသေးစိတ်မသိရသော်လည်း မြန်မာကဲ့သို့ ဘဏ်စနစ်အပေါ် ယုံကြည်မှုကျဆင်းနေသည့် နိုင်ငံတွင် အကောင်အထည်ဖော်ရန်ခက်ခဲပြီး ထိုစနစ်လည်ပတ်ရန် နည်းပညာ၊ အခြေခံအဆောက်အအုံ၊ လူသားအရင်းအမြစ်များစွာလိုအပ်ကြောင်း ၎င်းက ပြောသည်။
“သူက (စစ်ခေါင်းဆောင်)တစ်ခုခု တစ်နေရာမှာ ကြည့်လာပြီး တွေ့လာလို့ရှိရင် အဲ့ဒါကိုပြောလိုက်ရင် (စစ်ကောင်စီဝန်ထမ်းတွေက) ဟုတ်ပါတယ်၊ လုပ်ပါမယ်ဆိုပြီး အဖွဲ့အဖွဲ့တယ်။ အဲ့ဒါမျိုးပဲထင်တယ်။ အဲဒါတွေကို လုပ်မယ့် လူအင်အား၊ ဒစ်ဂျစ်တယ်မှာ အိုင်တီသမားတွေ အများကြီးလိုမှာလေ” ဟု ၎င်းက ပြောသည်။
လျှပ်စစ်မီးမမှန်သလို အင်တာနက်ဖြတ်တောက်ခံထားရသည့် မြန်မာတွင် ထိုဒစ်ဂျစ်တယ်ငွေကြေးကို အသုံးပြုရန်ခက်ခဲကြောင်း၊ ယုံကြည်မှုဖြင့် အလုပ်လုပ်ရသည့် ထိုငွေကြေးစနစ်ကို ပြည်သူလူထုက အသုံးပြုရန်လည်းမသေချာကြောင်း စီးပွားရေးကျွမ်းကျင်သူများက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ငွေစက္ကူအသစ်ရိုက်နှိပ်ထုတ်ဝေကာ ဘဏ္ဍာရေးလိုအပ်ချက်အတွက် အဓိက ဖြည့်ဆည်းလျှက်ရှိရာ ထိုငွေစက္ကူများပုံနှိပ်ရန် ကုန်ကြမ်းများဝယ်ယူခြင်းနှင့် လုပ်ငန်းစဉ်များ လျှော့သွားနိုင်ကြောင်း ၎င်းတို့က ဆိုသည်။
စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာအရေးယူပိတ်ဆို့မှု၊ အထွေထွေစီးပွားရေးပြိုကျမှုတို့နှင့် ရင်ဆိုင်နေရသလို ငွေကြေးဖောင်းပွမှုလည်း အမြင့်ဆုံးအခြေအနေ ဖြစ်ပေါ်နေသည်။ ယခုနှစ် ဧပြီလထိ မြန်မာတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၃၄ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
နိုင်ငံအနှံ့ စစ်မျက်နှာ ဖွင့်ထားရသဖြင့် စစ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲနေသည့် စစ်ကောင်စီအတွက် နှစ်စဉ် ငွေကြေးလိုအပ်ချက်လည်း စံချိန်တင်မြင့်တက်လာသည်။
အရေးပေါ်ဘတ်ဂျက်လိုငွေဖြည့်ဆည်းရန် နိုင်ငံတကာချေးငွေနှင့် ထောက်ပံ့ကူညီမှုများမရသည့် စစ်ကောင်စီက ငွေတိုက်စာချုပ်နှင့်ငွေတိုက်လက်မှတ်များ ရောင်းချသလို ငွေစက္ကူအသစ်များလည်း ရိုက်နှိပ်ထုတ်ဝေအသုံးပြုနေသည်။
အာဏာသိမ်းထားသည့် ၂၀၂၁ ဖေဖော်ဝါရီမှ ယမန်နှစ် မေလအထိ ၃ နှစ် ၃ လအတွင်း စစ်ကောင်စီ ထိန်းချုပ် ဗဟိုဘဏ်က ငွေစက္ကူအသစ် ကျပ်ဘီလျံ ၃၀,၀၀၀ နီးပါးရိုက်နှိပ်ထုတ်ဝေခဲ့ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG) ခန့်မှန်းထားသည်။
NLD အစိုးရလက်ထက်တွင် ၂၀၁၉ နှင့် ၂၀၂၀ အတွက် ဗဟိုဘဏ်က ကျပ်ဘီလျံပေါင်း ၃၆၅၆ သာ ရိုက်နှိပ်ထုတ်ဝေခဲ့ကြောင်း၊ စစ်ကောင်စီလက်ထက် သုံးနှစ်ကျော်အတွင်း ငွေစက္ကူသစ်ရိုက်ထုတ်မှု နှိုင်းယှဉ်လျှင် ၈ ဆကျော်ပိုများကြောင်း NUG က ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း NUG pay, နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank -SDB) စသည် ဖြင့် ဒစ်ဂျစ်တယ်ငွေကြေး သုံးစွဲမှုများ ရှိနေသည်။
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မည့် နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေရန် ရည်ရွယ်သည့် နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၃ ဇူလိုင်လအတွင်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။



