မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်သားအင်အားရာနှင့်ချီ ပါဝင်ပြီး စစ်ကား အစီးရေ ၁၀၀ ကျော်ပါဝင်သည့် ယာဉ်တန်းပါ စစ်ကြောင်းရန်ကြောင့် ကျေးရွာပေါင်း တစ်ဒါဇင်ကျော်မှ လူဦးရေ တစ်သောင်းကျော် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရ သည်မှာ တစ်လကျော် ကြာမြင့်လာပြီး စားဝတ်နေရေး အခက်ကြုံနေကြောင်း ဒေသခံများထံမှသိရသည်။
မေလနောက်ဆုံးပတ်က ပခုက္ကူမြို့မှ ထွက်လာသည့် ထိုစစ်ကြောင်းသည် လက်ရှိတွင် ကမ္မမြို့ အနောက်ဘက်ကျေးရွာများ ကို ရောက်ရှိနေပြီး စစ်ကြောင်းရန်ကြောင့် ပခုက္ကူ – ပေါက် လမ်းပိုင်းမှ ကျေးရွာများမှာ နေရပ်တွင်မနေရဲဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
စစ်ဘေးရှောင်အများစုမှာ ပေါက်၊ ပခုက္ကူ၊ မြိုင်နယ် အတွင်းရှိ နီးစပ်ရာကျေးရွာများ၊ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရပြီး စစ်ဘေးရှောင်ချိန်ကြာမြင့်လာသည်နှင့်အမျှ အကျပ်အတည်း ပိုများလာကြောင်း အညာမြေအရပ်ဘက် လူမှုအဖွဲ့အစည်း မြိုင်မှ သိရသည်။
“၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီတစ်ခါ စစ်ရှောင်ရတာက အကြာဆုံးနဲ့ အဆိုးရွားဆုံးပေါ့”ဟု အညာမြေ အရပ်ဘက် လူမှုအဖွဲ့အစည်း မြိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ စားဝတ်နေရေးကတော့ ကြာလာ တော့မလွယ်တော့တာ။ တချို့ကတော့ အလှူရှင်ပေးတဲ့ဆန်လေးတွေ ဝေစုကျ ချက်စားတာရှိတယ်။ ကိုယ့်ဘာသာ အိတ်ထဲက စိုက်ချက်တာရှိတယ်။ တချို့ဘုန်းကြီး ကျောင်းတွေမှာလူဦးရေ ထောင်ဂဏန်း ကျွေးရတာ နှစ်နေရာ၊ သုံးနေရာ လောက်ရှိတယ်။ မြို့နယ် လူသားစာနာပေးတာရှိသလို၊အလှူရှင်တွေ ကိုအားကိုးရတာပေါ့”ဟု ၎င်းက ဆိုသည်။
အင်အားအလုံးအရင်းပါဝင်သည့်စစ်ကြောင်းမှာ ဖြည်းဖြည်းချင်းသာလှုပ်ရှားနေပြီး ကမ္မမြို့ အနောက်ဘက် မကျီးသုံးပင်၊ သံဖိုရွာဝန်းကျင်တွင် ဇွန် ၂၄ ရက် ကတည်းက အခြေချထားပြီး လက်ရှိအချိန်ထိတပ်စွဲထားကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
“ ကမ္မအနောက်ဘက်ရောက်သွားပြီ နောက်ချန်အင်အားတွေလည်းချန်ခဲ့တယ်။ ရှေ့မှာလည်းမတက်နိုင်ဘူး။ မရွေ့နိုင်ဘူး ဖြစ်နေတာ။ (သာကြီးတောင်ရေနံမြေကို) ရလည်းဘာမှလည်းမထူးဘူး။ သူတို့ကလည်း သာကြီးတောင်ရေနံမြေကို ယူနေတာထက် လမ်းကြောင်း လုံခြုံရေးယူနေတာ။ အဓိကတော့ သာကြီးတောင် တစ်ကြောကိုမဖြတ်ရဲဖြစ်နေတာ”ဟု ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုစစ်ယာဉ်တန်းပါ တပ်ဖွဲ့သည့် ပြီးခဲ့သည့်နှစ်က တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် သာကြီးတောင် ရေနံမြေ ကို ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေသည်။
စစ်ကောင်စီတပ် အခြေစိုက်တပ်စွဲခဲ့သည့် သာကြီးတောင်ရေနံမြေ ရဲကင်းစခန်းကို ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် တော်လှန်ရေး အင်အားစုများက စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က ဆုတ်ခွာသွားသဖြင့် ထိုရေနံမြေကို ထိန်းချုပ်နိုင်ခဲ့သည်။
စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ပါ အချက်အလက်များအရ ပခုက္ကူနှင့်ပေါက်မြို့ နယ်စပ်ရှိ သာကြီးတောင် ရေနံမြေသည် ရေနံတွင်းပေါင်း ၂၀ ရှိပြီး တစ်နေ့လျှင် ရေနံစိမ်းစည် ၁၁၉ စည်နှင့် သဘာဝ ဓါတ်ငွေ့ (၂.၄၉၈) ကုဗပေသန်း ထုတ်လုပ်နိုင်သည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် လအတန်ကြာသည်အထိ သာကြီးတောင်ရေနံမြေမှာ လည်ပတ်နိုင်ခဲ့သော်လည်း လက်နက်ကိုင်တော် လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုပိုမိုအားကောင်းလာချိန်တွင် ထုတ်လုပ်ရေးရပ်တန့်သွားကြောင်း ဒေသခံများက ပြောကြားသည်။
တော်လှန်ရေးအင်အားစုများ လက်နက်ခဲယမ်းပြည့်စုံမှု မရှိသည့် လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းနှစ်များတွင် စစ်တပ်က ရိက္ခာ၊လူအင်အားပို့ ရန် ယာဉ်တန်းရှည်ကြီးများဖြင့် စစ်ကြောင်းထိုးလေ့ရှိသော်လည်း မိုင်းဆွဲတိုက်ခိုက်မှုများ၊ ကြားဖြတ်ခြုံခိုတိုက်ခိုက်မှုများကြောင့် ၂၀၂၃ နှောင်းပိုင်းကစပြီး ယာဉ်တန်းများဖြင့် စစ်ကြောင်းထိုးမှုများ သိသိသာသာလျော့နည်းသွားသည်။
ပခုက္ကူနှင့် ပေါက်မြို့နယ်အတွင်း ယာဉ်တန်းဖြင့် စစ်ကြောင်းထိုးမှုများမှာ ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ပြည်သူ့စစ် (ပျူစောထီး) ရွာများအတွက် ရိက္ခာရှာရန် စစ်ကြောင်းထိုးမှုများသာရှိခဲ့သည်။ အင်အားရာချီပါသည့် ယာဉ်တန်းရှည်ဖြင့် စစ်ကြောင်းထိုးလှုပ်ရှားမှုများကို ယခုတစ်ကြိမ် တကျော့ ပြန်လုပ်လာခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့စစ်ကြောင်းတွေက လှုပ်ရှားတာက မြန်တယ်၊ ကားတန်းနဲ့မဟုတ်ဘူး၊ ပျူရွာတွေအတွက် ရိက္ခာရှာဖို့ စစ်ကြောင်းထိုးတာ။ စစ်ကြောင်းလာရင် ပြည်သူတွေကရှောင်တယ်။ ရှောင်တော့ ဒီကောင်တွေက ပြည်သူတွေ ပစ္စည်းတွေကိုယူပြီး ပြည်သူ့စစ်ရွာကိုသယ်တယ်။ အခုက ကားတန်းနဲ့လာတယ်။ ထူးခြားတာ ကတော့ ကားတန်းနဲ့လာပြီး လချီရှိနေပြီ။ နေရာကိုဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း လေးပဲရွေ့နေတယ်။ အနေအထားက အင်အားကွာတယ်၊ ချီတက်လာပုံချင်း ကွာတယ်”ဟု ပေါက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
မြေတူး၊ မြေကော်စက်များ၊ ကုန်တင်ကားများပါဝင်သည့် ထိုယာဉ်တန်းသည် ပေါက်မြို့နယ်ရှိ အလူမီနီယမ်အကြမ်း ထည်များထုတ်လုပ်သည့် အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) သို့ ဦးတည်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
စစ်တပ်က ပေါက်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အတွင်း သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ အင်ဂျင်တပ်လေထီးများ၊ ဒရုန်းများသုံးပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေကြောင်း ဒေသခံများထံမှသိရသည်။
“ပြီးခဲ့တဲ့ရက်တွေက နေ့တိုင်း ဂျက်ဖိုက်တာလာတယ်။ Y 12 လာတယ်။ အဲ့ဒါမလာရင် ပါရာမော်တာလာတယ်။ စစ်ကြောင်းရှေ့တိုးချင်တိုင်း လေကြောင်းပစ်ကူယူပြီး တစ်လှမ်းချင်းတိုးလာတဲ့အနေအထားမျိုးရှိတယ်” ပေါက်မြို့နယ်မှ တော်လှန်ရေးအင်အားစုများနှင့်နီးစပ်သည့် ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။
တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များအပြင် စစ်မှုထမ်းသင်တန်းဆင်းများ အများအပြား ပါဝင်ကြောင်း ထိုစစ်ကြောင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သိရသည့်အချက်အလက်ကိုကိုးကားပြီး တော်လှန်ရေးအင်အားစုများက ပြောသည်။
နိုင်ငံအနှံ့စစ်မျက်နှာဖွင့်ပြီး အင်အားပြုန်းတီးမှုနှင့်ရင်ဆိုင်နေရသည့် စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်ပြီး အရွယ်ရောက်ပြီးလူငယ်များကို အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ ဆက်တိုက်လုပ်နေပြီး လက်ရှိအချိန်ထိ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁၄ ထိ ခေါ်ယူပြီးဖြစ်သည်။
လနှင့်ချီမြေပြင်စစ်ကြောင်းများမထိုးနိုင်ခဲ့သည့်စစ်တပ်သည် ယခုနှစ် မေလဝန်းကျင်ကစပြီး မြေပြင်စစ်ကြောင်းလှုပ်ရှား မှုများ ခပ်စိတ်စိတ်လုပ်ဆောင်လာကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
ချင်းပြည်နယ်၏ နယ်မြေ ၈၀ ရာခိုင်နှုန်းကျော်ကိုလက်လွှတ်ဆုံးရှုံးထားရသည့် စစ်တပ်သည် မေလ တတိယပတ်က စပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်ဘက်သို့ စစ်ကြောင်း ထိုးနေသည်။
စစ်ကား ၁၅ စီးနှင့် အင်အား ၂၀၀ ကျော်ပါဝင်သည့် တပ်ဖွဲ့သည် ကလေးမြို့မှ တဆင့် ချင်းတောင်ဘက်သို့ တက်လာရာ ချင်းတော်လှန်ရေးအင်အားစုများ၊ တပ်ရင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေပြီး စစ်တပ်ဘက်ကလည်း ကလေး မြို့မှတဆင့် လက်နက်ကြီးများဖြင့်ပါ ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
နှစ်ဆန်းပိုင်းကစပြီး တရုတ်၏ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ရှမ်းမြောက်တွင် စစ်ရေးအရှိန် လျော့ကျသွားပြီးနောက် မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း စစ်တပ်က စစ်ရေးလှုပ်ရှားမှုများ သိသိသာသာ လုပ်ဆောင်လာသည်။
နိုင်ငံတဝန်းတွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၃ ဒသမ ၅ သန်းခန့်ရှိပြီး စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာမှုများ ဆက်ဖြစ်နေကြောင်း လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့က ဇွန်လ နောက်ဆုံးပတ်ကထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။



