တရုတ် ဖိအားကြောင့် စစ်ကောင်စီတပ်အား ပြန်လွှဲပေးခဲ့ရသည့် လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်မှ အပ၊ မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများတွင် ကိုးကန့် (MNDAA) တပ်ဖွဲ့က တပ်သားသစ်များအဖြစ် တစ်အိမ်လျှင် အမျိုးသားတစ်ယောက် စတင်ကောက်ယူနေသည်ဟု လားရှိုးမြို့ခံများက ပြောကြသည်။
ယမန်နေ့ (ဇူလိုင် ၂) မှ စတင်ကာ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များအား ဆင့်ခေါ်ပြီး အသက် ၁၈ နှစ်မှ ၄၀ ကြားအရွယ် တစ်အိမ်လျှင် လူတစ်ယောက်ပေးရန် ပြောဆိုလာခြင်းဖြစ်သည်ဟု လားရှိုးမြို့ခံတစ်ဦးက ဆိုသည်။
“ပြီးခဲ့တဲ့လက သိန္နီမှာ တောင်းတယ်။ အခုက လားရှိုးမှာ တောင်းတာပေါ့။ လော်စပီကာနဲ့ပါ အော်ပြီး အသိပေးတာ။ တစ်အိမ် တစ်ယောက် သွားရမယ်တဲ့” ဟု ဆိုသည်။
စစ်မှုထမ်းသင်တန်းသားများအား ကိုးကန့် တပ်ဖွဲ့က သုံးလ၊ တစ်လခွဲ သင်တန်းများပေးပြီး သက်ဆိုင်ရာ မြို့နယ်များတွင် ပြန်၍ တာဝန်ထမ်းဆောင်ခိုင်းလေ့ရှိသည်ဟု MNDAA နှင့် နီးစပ်သူများက ဆိုသည်။
စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃ မတ်လစာရင်းများအရ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုတွင် လူတစ်သိန်းလေးသောင်းကျော် နေထိုင်ပြီး၊ လားရှိုးမြို့နယ်အတွင်း ကျေးရွာ ၇၅ ရွာတွင် လူတစ်သိန်းခွဲခန့် နေထိုင်သည်။
နိုင်ငံအနှံ့ စစ်ကောင်စီ၏ စစ်မှုထမ်း လူသစ်စုမှုကြောင့် အခက်တွေ့နေချိန် MNDAA သည် ယခုကဲ့သို့ လူသစ် တောင်းလာ၍ အခက်အခဲ ဖြစ်ရသည်ဟု လားရှိုးမြို့ခံ နောက်တစ်ဦးက ပြောသည်။
“စစ်တပ်က စစ်မှုထမ်းဥပဒေနဲ့ လူတွေလိုက်ဆွဲနေတာဗျာ။ တော်လှန်တပ်ဖွဲ့နေရာဆိုတော့ ကလေးတွေ စိတ်ချရမလားဆိုပြီး နေတာ။ အခု သူတို့ပါ ထပ်တောင်းနေတော့ ကလေးတွေ ဘယ်ပို့ရမှန်း မသိဘူး။ ကိုယ့်သား သမီးပဲဗျာ။ စိတ်ပူတာပေါ့” ဟု အသက် ၅၀ အရွယ် အထက်ပါလားရှိုးမြို့ခံက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် ၎င်းတို့ထိန်းချုပ်သော သိန္နီမြို့နယ်အတွင်း တပ်သားအသစ်များ ပေးရန် MNDAA က စတင် တောင်းခံခဲ့သည်ဟု ဒေသခံများက ဆိုသည်။
သိန္နီမြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း MNDAA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ကိုးကန့် အထူးဒေသ (၁) အတွင်း ထည့်သွင်းထားပြီး ကိုးကန့်တပ်များ ဆုတ်ခွာပေးရမည်ဟု သတင်းများထွက်နေ သော်လည်း ဆုတ်ခွာမည့်အရိပ်ယောင်များ မတွေ့ရသေးကြောင်း မြို့ခံများက ပြောထားကြသည်။
လူမရှိသည့် ကျေးရွာနှင့် ရပ်ကွက်များတွင် ငွေကြေးကောက်ခံပြီး ပြင်ပမှ လူသစ်များ ငှားရမ်း ထည့်နေ ရသည်ဟု သိန္နီမြို့ခံတစ်ဦးက ပြောသည်။
လားရှိုးတွင် တပ်သားသစ် တောင်းခံမှုကိစ္စနှင့်ပတ်သက်၍ MNDAA တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူများ အား Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
လားရှိုးမြို့အား စစ်တပ်က ပြန်လည် လွှဲပြောင်းယူပြီးနောက် စစ်တပ်ဘက်မှလည်း စစ်အင်အားများကို ပြန်လည် ဖြည့်တင်းခဲ့သည်။
ဇွန် ၂၁ ရက်နေ့တွင် အင်အား တစ်ထောင်နီးပါးရှိသည့် တင့်ကားအပါအဝင် စစ်ကောင်စီယာဉ်တန်း အစီးရေ ၅၀ နီးပါး ထပ်မံ ဖြည့်တင်းခဲ့သည်ဟု လားရှိုးမြို့ခံများက ပြောသည်။
ထိုသို့ အင်အား ဖြည့်တင်းရန် စစ်ကောင်စီနှင့် အချိန်အတော်ကြာ ညှိနှိုင်းခဲ့ကြသည်ဟု MNDAA နှင့် နီးစပ်သူများက ဆိုသည်။
ဇွန် ၃၀ ရက်နေ့တွင်လည်း MNDAA နှင့် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များသည် လားရှိုးမြို့နယ် ဟိုပိတ် ရွာတွင် တပ်နေရာချထားရေးကိစ္စနှင့်ပတ်သက်၍ နောက်တစ်ကြိမ် ထပ်မံညှိနှိုင်းခဲ့ကြသည်ဟု Myanmar Now က စုံစမ်းသိရှိရသည်။
“လားရှိုးအထွက် အေတီတံတားဘက်အခြမ်းမှာ စစ်တပ်ရဲ့ ဝန်တင်တပ်တို့၊ ၆၈ တပ်တို့ ရှိတယ်။ အဲနေရာ တွေက ကိုးကန့် ထိန်းချုပ်မှုအောက်မှာ ရောက်နေတော့ စစ်တပ်က အဲနေရာတွေ ပြန်ရချင်ပုံရတယ်” ဟု လားရှိုးမြို့ခံသတင်းရင်းမြစ် အခြားတစ်ဦးက ပြောသည်။
၂၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ဩဂုတ် ၃ ရက်နေ့တွင် MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ခဲ့ပြီး၊ တရုတ်ဖိအားကြောင့် ရှစ်လအကြာ ၂၀၂၅ ဧပြီလတွင် လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုအား စစ်ကောင်စီ လက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ရသည်။
လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုမှ အပ ကျန်ကျေးရွာများအား MNDAA က ၎င်းတို့အုပ်ချုပ်ရာ အထူးဒေသ (၁) သိန္နီခရိုင်အဖြစ် သတ်မှတ်ထားသည်။
နိုင်ငံအနှံ့ စစ်ပွဲများ ဖြစ်ပွားနေရာ စစ်သားလိုအပ်ချက်ရှိသော စစ်ကောင်စီက ဥပဒေပြဋ္ဌာန်းကာ စစ်မှုထမ်းများ အတင်းအကျပ်ခေါ်ယူနေသလို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ အဖွဲ့ဝင် အာရက္ခတပ်တော် (AA) ကလည်း အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ခေါ်ယူနေသည်။
အလားတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့် တော်လှန်ရေးအဖွဲ့များကလည်း တပ်သားသစ် များ ခေါ်ယူနေကာ တအာင်းတပ် (TNLA)ကလည်း တအာင်းအမျိုးသားတိုင်း စစ်မှုထမ်းရမည့် ဥပဒေကို ပြဋ္ဌာန်း ထားသည်။



