သတင်း

မတ္တရာတွင် လေကြောင်းနှင့်လက်နက်ကြီးကြောင့် ၆နှစ်ကလေးနှင့် အဘိုးအိုသေဆုံး

စစ်ကောင်စီက မတ္တရာမြို့၏အနောက်ဘက် ဝေါရွာသစ်ကျေးရွာကို လေကြောင်းနှင့်လက်နက်ကြီးတို့ ပစ်ခတ်တိုက် ခိုက်စဉ်ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦးတို့ သေဆုံးသွားပြီး နို့စို့အရွယ်ကလေးအပါအဝင် ၁၇ ဦးထက်မနည်း ဒဏ်ရာ ရရှိသွားကြသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မတ္တရာမြို့၏ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာမှ ဝေါရွာသစ်ကျေးရွာကို  စစ်ကောင်စီတပ်က ယမန်နေ့ (ဇူလိုင် ၃)တွင် လေယာဉ်ဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ရာ ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦးတို့ သေဆုံးသွားပြီး နို့စို့အရွယ်ကလေးအပါအဝင် ၁၇ ဦးထက်မနည်း ဒဏ်ရာ ရရှိ ခဲ့သည်ဟု သိရသည်။

ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဗုံးကြဲခံရပြီး ထိုရွာအနီး တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF) တို့က ပြောသည်။

စစ်ရှောင်ရောက်နေသော မတ္တရာမြို့အရှေ့ပိုင်းကျေးရွာဒေသခံများဖြစ်သည့် အသက် ခြောက်နှစ်အရွယ် ကလေးနှင့်အသက် ၇၅ နှစ်အရွယ် အမျိုးသားတို့ ဖြစ်သည်ဟု အသက် ၃၀ ကျော်အရွယ် မတ္တရာမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“တိုက်ပွဲက အရှေ့ပိုင်းတွေမှာဖြစ်နေတာ။ ကျောက်တံတားရွာဘက်တွေမှာပါ။ အခု ဝေါရွာသစ်က မတ္တရာ အနောက်မြောက်ဘက် ..ကျတယ်။ တိုက်ပွဲလုံးဝ မရှိဘူး။ ဒီအတိုင်းသက်သက်မဲ့ တိုက်ခိုက်တာ ။ သူတို့ (စစ်တပ်) ကတော့ ပြည်သူလူထုတွေကို အေးအေးချမ်းချမ်း နေလို့မရအောင် လုပ်နေ၊သတ်ဖြတ်နေတာပါ ပဲ”

လေကြောင်းတိုက်ခိုက်မှုကြောင့် နို့စို့အရွယ်ကလေးအပါအဝင် ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း  သိရသည်။

တစ်ချိန်တည်းမှာပင် မတ္တရာမြို့ပေါ်အခြေစိုက် စစ်တပ်က ဝေါရွာသစ်ကျေးရွာအား လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇၅ နှစ်အရွယ် အမျိုးသား အသက်ဆုံးရှုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ သည်ဟု MDY-PDF က ယမန်နေ့ညနေတွင် ထုတ်ပြန်သည်။

မတ္တရာမြို့နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ကျေးရွာများကို အကြောင်းမဲ့တိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ကျူးလွန်နေကြောင်း၊ အရပ်သားများအပေါ်အဆင်အခြင်မဲ့ ဦးတည်တိုက်ခိုက်မှုများ မကြာခဏကျူးလွန်မှုများကြောင့် ဒေသခံအများအပြား တိမ်းရှောင်ထွက်ပြေးနေရကြောင်း ပါရှိသည်။

လက်ရှိတွင် ဝေါသစ်ကျေးရွာမှ ဒဏ်ရာရသူ  ၁၇ ဦးအား ဆေးကုသမှုခံယူနေသည်ဟု သိရှိရပြီး‌ အသေး စိတ်အခြေအနေများမသိရသေးပေ။

ခြောက်နှစ်ကလေးနှင့်  ၇၅ နှစ်အရွယ် အဘိုးအိုအလောင်း။ (ဓာတ်ပုံ-MDY-PDF)

စစ်ကောင်စီထိန်းချုပ်ရာ မန္တလေးမြို့မြောက်ဘက်၊ တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားရာ တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့တောင်ဘက် ကြားခံနယ်မြေဖြစ်သော မတ္တရာတွင် စစ်ကောင်စီက ဧရာဝတီမြစ်ကမ်းဘေး မြို့နယ်အနောက်ခြမ်းကို နယ်မြေစိုးမိုးထားသည်။

MDY-PDF နှင့်တော်လှန်ရေးအင်အားစုများက မြို့နယ်အရှေ့ခြမ်းကို နယ်မြေစိုးမိုးထားရာ ဒေသအတွင်း စစ်ရေးပြင်းထန်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

ယခင်လဆန်းမှစ၍ မန္တလေးမြို့နှင့်နီးကပ်နေသည့် မတ္တရာမြို့နယ် အရှေ့တောင်ဘက် ကျေးရွာများတွင် စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းများထိုးလာသဖြင့် တိုက်ပွဲများပြင်းထန်စွာ ပြန်ဖြစ်နေသည်ဟု စစ်ရေးရင်းမြစ်တစ်ဦးက ပြောထားသည်။

“မတ္တရာမြို့ပေါ်နဲ့ နီးတဲ့နေရာတွေ၊ မန္တလေးဘက်ကိုကပ်မယ့်ရွာတွေဘက်တွေမှာဖြစ်နေတာ။ စစ်တပ်က စစ်ကြောင်းထိုးလို့ ပါသွားတာရှိတယ် ။ အဲဒါတွေကိုပြန်သိမ်းတာတွေရှိတယ် ။ အခြေအနေက မငြိမ်သေး ဘူးခင်ဗျ”ဟု ၎င်းက ဇွန် ၉ ရက်နေ့က ပြောသည်။

စစ်ကောင်စီသည် ဧရာဝတီမြစ်ကြောင်းကို အားပြုကာ မတ္တရာအနောက်ခြမ်းမှတဆင့် မြို့နယ်အတွင်း နယ်မြေစိုးမိုးမှုပြန်ရယူရန် ကြိုးပမ်းနေသလို တော်လှန်ရေးတပ်များကလည်း နယ်မြေများ လက်မလွှတ်ရ ရေး ပြန်ခုခံနေသည်။

ဇွန် ၁၇ ရက်နေ့ နံနက်အစောတွင် မန္တလေးမြို့၏မြောက်ဘက် ၁၈ မိုင်အကွာ၊ မတ္တရာမြို့၏အရှေ့တောင် ဘက် ၆မိုင်ခွဲအကွာ ထန်းပင်ကုန်း၊ ဘိုကုန်း၊ ကင်း စသောရွာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ညပိုင်း၌ စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ်ဖြင့် အကြိမ်ရေများစွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။  

“အရှေ့ပိုင်းမှာက ကြိုးကြားကြိုးကြား တိုက်ပွဲတွေက ရှိတယ်။ အနောက်ပိုင်းကတော့ စကစ စိုးမိုးထားဆဲ ဗျ။ အရှေ့ပိုင်းဆို စစ်တပ်က မတ္တရာမြို့ပေါ်လောက်ပဲ သူတို့ထိန်းထားနိုင်တာ မြို့နယ်ရဲ့ ၃ ပုံ၂ ပုံက တော် လှန်ရေးဘက်က စိုးမိုးထားတယ်ဗျ”ဟု အသက်၂၀ ကျော်အရွယ် မတ္တရာမြို့ခံအမျိုးသားတစ်ဦးက ပြော သည်။

“ဘာ့ကြောင့်သူတို့(စစ်တပ်) မတ္တရာကို ပြင်းပြင်းထန်ထန်တိုက်ခိုက်၊ခုခံနေသလဲဆို မန္တလေးနဲ့ နီးကပ်လို့ ပေါ့ဗျာ။ မန္တလေးနဲ့နီးနီးကပ်ကပ် နောက်တစ်မြို့ထပ်ဆုံးရှုံးရမှာ၊ပေးလိုက်ရမှာကို သူတို့ စိုးရိမ်တယ်” ဟု ဆိုသည်။

၂၀၂၃  နှစ်လယ်မှ စတင်သော ဒေသတွင်းတိုက်ပွဲများကြောင့် မတ္တရာဒေသခံ လူဦးရေ တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု မတ္တရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏ ယမန်နှစ် ကုန်စာရင်းများအရ သိရသည်။

တော်လှန်ရေးတပ်များ ပြန်အခြေမချနိုင်စေရန် အနောက်ခြမ်းမြစ်ကမ်းဘေးကျေးရွာများကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည်။

မတ္တရာမြို့နယ်၏မြောက်ဘက်ကပ်လျှက်တည်ရှိသော စဉ့်ကူးမြို့ကို MDY-PDFက  ၂၀၂၄ ခု ဇွန်လတွင် တိုက်ခိုက်သိမ်းပိုက်ထားသလို စဉ့်ကူးမြောက်ဘက် သပိတ်ကျင်းမြို့နယ်အတွင်း လက်ကျန် စစ်ကောင်စီ တပ်များနှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်နေသည်ဟု တော်လှန်ရေးစစ်ရေးရင်းမြစ်များထံက သိရသည်။

အထူးသဖြင့် သပိတ်ကျင်းမြို့နယ် ခုနစ်မိုင်ရွာအနီးတဝိုက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တပ်များဖြစ်သော MDY-PDF၊ မိုးကုတ်ဗျူဟာနှင့်အတူ  တအာင်းတပ် (TNLA)၊ ဗမာပြည်ကွန်မြူနစ်ပါတီ ၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တို့ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေ သည်။

ထို့တူ လေးမိုင်၊ငါးမိုင်၊ခြောက်မိုင် တွင်ရှိသော ကျေးရွာများဘက်တွင်လည်း ယခင်လကုန်ခန့်က သပိတ်ကျင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အမှတ် (၁၂၂၂) တပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေးအဖွဲ့တို့က နယ်မြေဆုတ်ခွာပေးလိုက်ရသည်။ 

သို့သော် ရက်ပိုင်းအကြာတွင် တော်လှန်ရေးမဟာမိတ်တပ်များပြန်လည်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ် ပြန်ဆုတ်သွားရသည်ဟု စစ်ရေးရင်းမြစ်နောက်တစ်ဦးက ပြောသည်။

“ရန်သူက ခြောက်မိုင်ဘက်က ရွာတွေကို ဝင်စီးပြီး ရွာတွေမီးရှို့ပြီးတော့မှ ဒီဘက်ကလည်းပြန်တိုက်တော့ သူတို့တပ်တွေကို ပြန်ဆုတ်သွားပြီ။ အဲဒီဘက်မှာလည်း တိုက်ပွဲကအပြန်အလှန်အပြင်းထန်တွေဖြစ်ကြ တယ်။ စစ်ကောင်စီဘက်က သေတာအများကြီးပဲ။ အလောင်းတွေကို ကားလေးစီးလောက်နဲ့ကို ဆေးတပ် တို့ ကျောက်ကြီးတပ်ဘက်တို့ကို သယ်သွားတယ်။ အဲဒီဘက်မှာလည်း အခုထိ ပြင်းထန်နေတာ ပေါ့နော် ” ဟု စစ်ရေးသတင်းရင်းမြစ်အမျိုးသမီးက ဆက်ပြောသည်။

Related Articles

Back to top button