မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာကို ယမန်နေ့ (ဇူလိုင် ၂) ရက် ညနေပိုင်းက စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မြေပြင်တိုက်ပွဲမရှိဘဲ ဗဟင်းရွာလယ်ပိုင်း လမ်းတောင်ဘက်ခြမ်းကို ညနေ ၅ နာရီဝန်းကျင်တွင် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ရာ နေအိမ်အတွင်းရှိ အမျိုးသားတစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။
“တံတားဦးက တက်လာတဲ့ဖိုက်တာဗျ။ ပေါင် ၃၀၀ ဗုံးလို့ယူဆရတယ်။ နှစ်လုံးတစ်ပြိုင်တည်း ဖြုတ်ချတာ။အကြီးစားပျက်စီးပြီးလုံးဝပြိုကျတာက နေအိမ်နှစ်လုံး။ သေဆုံးတာက အိမ်ထဲက အမျိုးသား တစ်ယောက်သေတယ်”ဟု ဒေသအခြေအနေသိရှိသည့် အညာမြေ အရပ်ဘက် လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရသည့်အနက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး လက်ပြတ်သွားကာ နောက်တစ်ဦးမှာ မစိုးရိမ်ရ ဒဏ်ရာအနည်းငယ်သာရရှိကြောင်းသိရသည်။
လေကြောင်းတိုက်ခိုက်သည့်နေရာမှာ အာဏာသိမ်းပြီးနောက် ဖွင့်လှစ်ခဲ့ဖူးသည့် ဆေးရုံနေရာဟောင်း၏ တောင်ဘက်ကို ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ဆေးရုံဆိုတာက ကနဦး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၂၀၂၃ မှာ ဖွင့်ပြီးလပိုင်းပဲရှိသေးတာ ဗုံးကြဲသွားတော့ ဆေးရုံကပိတ်ထားတာ။ မလည်ပတ်တော့ဘဲနဲ့ ရပ်ထားတာ ကြာပြီ။ အဲ့ဒီဆေးရုံရဲ့ တောင်ဘက် နားကို ချသွားတာ” ဟု ၎င်းကဆိုသည်။
မြိုင်မြို့ မြောက်ဘက် ၁၆ မိုင်ခန့်အကွာ အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ဗဟင်းရွာမှာ ပခုက္ကူ – မြိုင် – ဂန့်ဂေါ လမ်းပေါ်တွင် ရှိပြီး စီးပွားရေးဖွံ့ဖြိုးသည့်ကျေးရွာဖြစ်ပြီး စစ်တပ်က မကြာခဏ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လေ့ရှိသည်။
“ဒီနေ့တော့ လေကြောင်းတိုက်ခိုက်မှုမရှိသေးဘူး။ ဒါပေမယ့်လည်း မြိုင်နယ်က ဒေသခံတွေကတော့ စိုးရိမ်တကြီး ကျီးလန့်စာစားနေရတာပါပဲ။ လေကြောင်းဘယ်ကကြားလဲ၊ အိုင်ကွန် (စကားပြောစက်) က ဘာအော်နေလဲ။ လေကြောင်းရန်ဘာရှိလဲ ဒါနဲ့ပဲနေဝင်နေထွက် ဒီလိုပဲ အာရုံစိုက်နေကြရတာ”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်ကလည်း ဗဟင်းရွာ ထမင်းဆိုင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရီးမှအပြန် ထမင်းဝင်စားနေသည့် PDF တပ်ဖွဲ့ဝင်လေးဦးနှင့် ဆိုင်ပိုင်ရှင်သားအမိနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအသုံးပြုလာပြီး အရပ်ဘက်ပစ်မှတ်များဖြစ်သည့် ဆေးရုံ၊ စာသင်ကျောင်းတို့ကိုပါ တိုက်ခိုက်မှုများ ပိုမိုများပြား လာသည်။
လူပေါင်းထောင်ချီသေဆုံးခဲ့သည့် စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့သည့် မတ် ၂၈ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ နိုင်ငံအနှံ့ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၉၂ ဦးသေဆုံးပြီး ၁၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီး လေးနှစ်ကျော်အတွင်း အရပ်သားထောင်နှင့်ချီ သေဆုံးစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများ စစ်တပ်က ပြုလုပ်ခဲ့ကာ ပြီးခဲ့သည့် ရက်ပိုင်းက စစ်ခေါင်းဆောင်၏ ဘယ်လာရုစ်ခရီးစဉ်မှအပြန် ရုရှားနိုင်ငံကို Buryatia ဒေသကို ဝင်ရောက်ခဲ့ပြီး လေယာဉ်နှင့် မီးရထား စက်ရုံများ ဝင်ရောက်ကာ လေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိကြောင်း စစ်ခေါင်းဆောင်က ပြောဆိုထားသည်။




