ဆောင်းပါးလူမှုနယ်ပယ်

ငွေပေး ရန်မလိုသည့် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ခရီးသွားခြင်း

တည်ငြိမ်အေးချမ်းခဲ့ဖူးသည့် မြို့ချင်းဆက်လမ်းများသည် အကြောက်တရား၊ စစ်ဆေးရေးဂိတ်၊ ငွေတောင်းသူများ ကြီးစိုးသည့်နေရာ ဖြစ်လာပြီး တိုက်ပွဲများလည်း ရောက်လာသည်။

အာဏာသိမ်းတပ်၏ စခန်းငယ်များ တိုက်ခိုက်ခံနေရသည့်   ရန်ကုန်-မန္တလေးလမ်းဟောင်းကို မကြာသေးခင်က ဖြတ်သန်းသွားလာရန် အကြောင်းဖန်လာလေသည်။

ဇွန်လ ၂၄ ရက်နေ့တွင်  ထိုလမ်းဟောင်းပေါ်ရှိ   စခန်း ၉ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က စီးနင်းတိုက်ခိုက်ထားရာ ထိုလမ်းသည် သတိထား သွားလာကြရမည့်နေရာ ဖြစ်လာသည်။

ရန်ကုန်-မန္တလေးကားလမ်းမှာ ၂ လမ်း ရှိသည်။ ခရီးသည်တင်ယာဉ်လိုင်းများက  အမြန်လမ်းဟု ခေါ်ကြသော တဖြောင့်တည်း ဖောက်လုပ်ထားသည့် လမ်းသစ်တွင် ပြေးဆွဲကြသည်။ 

မြို့များကို ဆက်သွယ်ဖောက်လုပ်ထားသော လမ်းဟောင်းသည် ထိုမြို့များတွင် နေထိုင်သူတို့ ပိုမိုအသုံးပြုကြသည့်လမ်း ဖြစ်သည်၊ မိမိသည် ထိုလမ်းဟောင်းတွင် ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်နှင့် ရန်ကုန်ဘက်သို့ လိုက်ပါလာသည်။  

စစ်ကောင်စီ အုပ်ချုပ်ရေး အားကောင်းသည့် မိတ္တီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် နေပြည်တော်သို့ ဖြတ်သန်းသွားရာတွင် လမ်းပေါ်ရှိ မော်တော်ယာဉ်များထံမှ ဆက်ကြေးတောင်းခံနေသည့်   ယာဉ်ထိန်းရဲ၊ လက်နက်ကိုင်ရဲနှင့် စစ်သားများကို တွေ့ရသည်။

ထိုသို့ ငွေတောင်းကြခြင်းကြောင့် သယ်ယူပို့ခစရိတ်များပြားလာခြင်းမှာ ကုန်ပစ္စည်းများ ဈေးကြီးလာခြင်း၊ ပြည်သူတို့ ပိုမိုကျပ်တည်းလာခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

လမ်းဟောင်းတွင် မိတ္တီလာမှ နေပြည်တော်ကြား  စစ်ဆေးရေးဂိတ်များ ရှိသလို ပိုက်ဆံတောင်းခံသည့် ယာဉ်ထိန်းအဖွဲ့များ ၁၅ဖွဲ့နီးပါးရှိသည်။ တစ်ဖွဲ့လျှင် ၅ဦးထက်မနည်း ပါဝင်သည်။ ယင်းအဖွဲ့များကို တွေ့ချိန် အသိယာဉ်ထိန်းရဲတစ်ဦး  ပြောဆိုခဲ့ဖူးသည့် စကားတစ်ခွန်း သတိရသွားသည်။

 “ကုန်တင်ကားတွေသွားတဲ့လမ်းဟောင်းမှာ တာဝန်ကျဖို့ပဲလိုတာ၊ တစ်ရက်တစ်ရက် သိန်းနဲ့ချီရတယ်၊ သုံးလဆို ကားဝယ်စီးလို့ရတယ်” ဟူသော စကားပင်ဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ထိုသူနှင့်လည်း အဆက်သွယ်မရှိတော့ပေ။

လမ်းဟောင်းတစ်လျှောက်  မိတ္တီလာမှ နေပြည်တော်ကြား စစ်ဆေးရေးဂိတ်များတွင် ခရီးသည်တို့ကို မှတ်ပုံတင် စစ်ဆေးသည်။ 

တိုက်ပွဲများမှာ နေပြည်တော်မှ  မိုင်၅၀အကွာ ရေတာရှည်မြို့နယ်သို့ ရောက်လာတတ်သဖြင့်  နေပြည်တော်မှ အထွက် ပဲခူးမြို့အစပ် သာဝတ္တိနှင့် ရေနီ စစ်ဆေးရေးဂိတ်က ခရီးသည်များကို မှတ်ပုံတင်များပြခိုင်း၍ အထူးတင်းကျပ်သည်။

ထိုစစ်ဆေးရေးဂိတ်များသို့ မရောက်ခင် ယာဉ်အကူများက ဖုန်းများ သိမ်းထားရန်၊ ဓာတ်ပုံမရိုက်ရန် သတိပေးလေ့ရှိသည်။

“ဖုန်းတွေကို မသုံးပါနဲ့နော်၊ သုံးရင် စစ်ဆေးတာတွေ လုပ်ပါတယ်၊ အချိန်တွေကြာပြီး၊ လမ်းခရီး ကြန့်ကြာပါလိမ့်မယ်၊ သတိထားပေးကြပါ” ဟု ယာဉ်အကူတစ်ဦးက ဆိုသည်။

ရန်ကုန်မှ ဆန္ဒပြနေသူများကို ရိုက်နှက်၊ ပစ်ခတ်ရန် ပြေးလွှားနေကြသည့် စစ်ကောင်စီ လက်နက်ကိုင်များ။ (ဓာတ်ပုံ- Myanmar Now) 

ပဲခူးတိုင်းအရှေ့ပိုင်း  လမ်းဟောင်းတလျှောက်တွင် စစ်ယူနီဖောင်းဝတ်ထားသူများကို တွေ့ရသည်၊ အများအပြားက ထိုင်ခုံလေးများဖြင့် ထိုင်နေကြသည်။ PDF နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ််မတော်တို့၏ ပူးပေါင်းတိုက်ခိုက်မှု အချိန်မရွေး ပေါ်ပေါက်နိုင်သော နေရာလည်း ဖြစ်သည်။ 

လမ်းဟောင်း၏ အရှေ့ဘက် ၇မိုင်ခန့်အကွာတွင် စစ်တောင်းမြစ်ရှိသည်၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက  မြစ်အနောက်ခြမ်း အခြေစိုက် တပ်ရင်းများက မြစ်အရှေ့ခြမ်းရှိ KNU စိုးမိုးမှုအားကောင်းသော နယ်မြေများကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံတို့ သေဆုံး၊ ထိခိုက်နေကြသည်။

ထိုဒေသတွင် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေရာ   ဖြူး၊ မုန်း၊ ကျောက်ကြီး၊ ရေတာရှည်၊ ဝေါ၊ ညောင်လေးပင် နယ်မြေများမှာ တိုက်ပွဲဒေသ ဖြစ်လာသည်၊ ယခုနှစ်ဆန်းပိုင်းတွင်  တော်လှန်ရေး အင်အားစုက လမ်းဟောင်းပေါ်ရှိ စခန်းများကို စီးနင်းလာသဖြင့် တိုက်ပွဲနယ်မြေ ပိုမို ကျယ်ပြန့်လာသည်။

မိိမိတို့၏ မော်တော်ယာဉ်က ရေတာရှည်မြို့နယ် ဆွာမြို့    အမှတ်(၁၉ )ခြေမြန်တပ်ရင်းရှေ့သို့ ရောက်လာရာ ဂိတ်တွင် စစ်သား ၂ ဦးကို တွေ့ရသည်။  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင်  ထိုစခန်းမှ တပ်သား၅ဦး လက်နက်အပြည့်စုံဖြင့် ထွက်ပြေးကြကြောင်း အသက် ၄၀အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

အမြန်လမ်းနှင့် လမ်းဟောင်းကိုဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းပိုင်းများတွင် စစ်ကောင်စီလက်နက်ကိုင်များကို တွေ့ရသည်၊ စစ်သား အများစုမှာ အသက်ရွယ် အိုမင်းလွန်းသူများနှင့် ငယ်ရွယ်လွန်းသူများဖြစ်သည်၊ စစ်သားများနှင့်အတူ ပြည်သူ့စစ် ခေါ် ပျူစောထီးများ၊ ရဲများ ပူးတွဲ ရှိတတ်သည်ဟု ယင်းနယ်တစ်ဝိုက်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ပြောသည်။

နေပြည်တော်မှ ပဲခူးမြို့ထိ အင်အား ၁၀ဦးထက်မနည်းထားရှိသည့် စစ်ဆေးရေးဂိတ်သုံးခုကို ဖြတ်သန်းရပြီး ခရီးသည်များ မှတ်ပုံတင် စစ်ဆေးခံရသည်။

 ယင်းလမ်းပိုင်းတွင် ငါးနှစ်နီးပါး ယာဉ်အကူလုပ်လာသည့် အသက် ၂၈နှစ်အရွယ် အမျိုးသားတစ်ဦးက ပဲခူးတိုင်း အရှေ့ခြမ်း စစ်ဆေးရေးဂိတ်များတွင် စစ်သားတို့ကို ငွေများများ ပေးမှ အဆင်ပြေသည်ဟု  ပြောပြသည်။

“ပုံမှန်ထက်ငွေပေးတာနည်းရင် ကားပေါ်တက်ရစ်တော့တာပဲ၊ ပါဝါပြတာပေါ့ဗျ၊ ပိုက်ဆံများရင် ကားပေါ်တောင် မတက်ဘူး”ဟု ၎င်းက ဆက်ပြောသည်။

ယင်းလမ်းပိုင်းတွင် မကြာခဏသွားလာနေသည့် အသက် ၃၀ ကျော်အရွယ် ပဲခူးဒေသခံတစ်ဦးက ထိုဒေသတွင် တာဝန်ကျသူများ မကြာခဏ တိုက်ခိုက်ခံရနိုင်သည်ဟု ဆိုသည်။

“လမ်းဟောင်းမှာက အင်အားအများကြီးနဲ့ စခန်းကြီးတွေမရှိဘူး၊ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ လမ်းဟောင်းတလျှောက်နဲ့ ကျေးရွာချင်းဆက်လမ်းတွေမှာပဲ လုံခြုံရေးချထားတာ၊ အဲဒါကြောင့်မို့လည်း တိုက်ခိုက်ခံနေရတာ” ဟု သူက ပြောသည်။

စစ်သားများသည် စစ်ရေးထက် ငွေကြေးရှာခြင်းကိုသာ ဦးစားပေးနေသောကြောင့်   တိုက်ခိုက်ခံရလျှင် ရှုံးနိမ့်နေခြင်း ဖြစ်ကြောင်း နိုင်ငံအရေးကို စိတ်ဝင်စားသည့် ယင်းလူငယ်က ဆိုသည်။

ထိုသို့ တိုက်ပွဲများ မကြာခဏဖြစ်နေသော်လည်း တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်ရှိ မြို့နယ်များတွင် ဒေသခံများ ပုံမှန်လှုပ်ရှားသွားလာနေကြသည်။

တိုက်ပွဲဖြစ်လျှင်လည်း ယာယီသာဖြစ်သည်ဟု တောင်ငူမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“မြို့ပေါ်ထိ တိုက်ပွဲက မရောက်ဘူးလေ၊ ရထားသံလမ်းတို့ ကျေးရွာချင်းဆက်လမ်းက စစ်စခန်းတွေကို တိုက်ခိုက်ပြီးတော့ ပြန်ဆုတ်တာဆိုတော့ တိုက်ပွဲပြီးရင် လူသွားလူလာက ပြန်ရှိတာပါပဲ” ဟု သူက ပြောပြသည်။  

ထိုလမ်းနှင့် ရင်းနှီးသည့် အသက် ၄၀အရွယ် ခရီးသည်အမျိုးသားတစ်ဦးက တိုက်ပွဲများကို ကြောက်လန့်သော်လည်း မဖြစ်မနေသွားရမည့် ခရီးအတွက်   ဖြတ်သန်းသွားလာရမည့် မြို့အခြေအနေ၊ သတင်းအချက်လက်များကို ရှာဖွေဖတ်ရှု၊ စုံစမ်းမေးမြန်းရသည်ဟု ဆိုသည်။

ထိုလမ်းကို ဖြတ်သန်းလျှင် မှတ်ပုံတင် မဖြစ်မနေ ယူဆောင်သွားရသည်၊   ဖေဖော်ဝါရီလပိုင်းတွင်  စစ်သားတို့က အသက် ၂၀ကျော်အရွယ် ခရီးသည်အမျိုးသားတစ်ဦး  မှတ်ပုံတင် မပြနိုင်သဖြင့်   ခေါင်းပေါ် လက်မြှောက်စေကာ ဒူးထောက်ခိုင်းကြောင်း သူက ဆက်ပြောသည်။

“ဖုန်းထဲက ဘာတွေ့လဲမသိဘူး၊ တန်း အပြစ်သားပုံစံလုပ်ပြီး ဖုန်းတွေဆက်တာ၊ ကားကိုလည်း သွားခိုင်းပြီး အဲဒီအမျိုးသားလေးကို ထားခဲ့ခိုင်းတာ၊ ဘာဆက်ဖြစ်မှန်းတော့ မသိဘူး” ဟု သူက ဆိုသည်။

မည်သည့်စစ်ဆေးရေးဂိတ်မျှ မရှိသည့် အတိတ်ကာလကို ပိုမို အမှတ်ရစရာ ဖြစ်လာသည်။ 

အာဏာသိမ်းစစ်တပ် ရမ်းကားခွင့်ရသည့်ယနေ့အချိန်တွင် မည်သူမဆို ထိုလူငယ်၏ အဖြစ်မျိုးနှင့် ရင်ဆိုင်နိုင်ရာ ခရီးသွားနေသူများမှာလည်း အကြောက်တရားနှင့် သွားလာနေသူများ ဖြစ်လာသည်။

ဒိုက်ဦး၊ ကျောက်တံခါးမြို့နယ်များသို့ ရောက်ရှိချိန်တွင် ရထားသံလမ်းအနီး   အားကစားဘောင်းဘီတို၊ စွပ်ကျယ်တို့ကို ဝတ်ဆင်ပြီး သေနတ်လွယ်ထားကြသည့် လူငယ်အချို့ကို တွေ့မြင်ရသည်။ ဒေသခံများအဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြစ်ပြီး ရထားလမ်းလုံခြုံရေးယူနေခြင်း ဖြစ်ကြောင်း ဆိုကြသည်။ 

ပဲခူးမြို့ပေါ်သို့ ရောက်ရှိချိန်တွင် ယူနီဖောင်းဝတ်  စစ်သားများ၊  ယဉ်ထိန်းရဲများကို ပြန်လည်တွေ့မြင်ရသည်၊ မော်လမြိုင်နှင့် မန္တလေးဘက်သို့ သွားမည့် ကုန်ကားများ၊ ခရီးသည်များထံမှ ပိုက်ဆံတောင်းရန် တက်တက်ကြွကြွ ရှိနေကြသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလက ကယားပြည်နယ်၊ လွိုင်ကော်မြို့တိုက်ပွဲတွင် အဖမ်းခံလိုက်ရသော စစ်ကောင်စီတပ်သားများ။ (Photo: Min Htet San/EPA)

အနီးဝန်းကျင် ရွာများတွင် အုပ်ချုပ်ရေးမှူး အသတ်ခံရမှု၊  ပေါက်ကွဲမှု ပေါ်ပေါက်လျှင်  ပဲခူးတိုးဂိတ်တွင်  ခရီသည်များကို ကားပေါ်မှဆင်းခိုင်းပြီး တစ်ဦးချင်း  စစ်ဆေးတတ်ကြောင်း ယာဉ်အကူအမျိုးသားက ပြောသည်။ 

ပဲခူးတိုးဂိတ်ကို ကျော်ပြီးသည့်အခါ  မိမိတို့ယာဉ်ပေါ်တွင်  လမ်းခုလတ်မှ တက်လာပြီး ရန်ကုန်သို့သွားမည့် ခရီးသည် တချို့သာ ကျန်ရှိတော့သည်။

ယာဉ်အကူအမျိုးသားလေးကို နှုတ်ဆက်ရင်း ရန်ကုန်လမ်းကြောင်းအခြေအနေကို စပ်စုရာ  ရန်ကုန်အဝင် တံတားကြီး ဂိတ်တွင်လည်း စစ်သားများက ငွေတောင်းကြဦးမည်ဟု သူက ပြောသည်။

လမ်းဟောင်းနှင့် အမြန်လမ်းဆုံးသည့် ဇီးရိုးမိုင်တွင်လည်း စစ်သားများက  ကားတစ်စီးချင်းစီကို ရပ်တန့်စေပြီး စစ်ဆေးမေးမြန်းတတ်သည်။ ဇီးမိုင်ကို ကျော်လွန်၍ အောင်မင်္ဂလာကားကွင်းသို့ သွားသည့် အမှတ်(၃) လမ်းမကြီးတွင်လည်း ယာဉ်ထိန်းရဲများ၊ စစ်သားများ ရှိတတ်သည်၊  အဝေးပြေးယာဉ်များက ပိုက်ဆံပေးရသည့်အပြင် ခရီးသည်များအတွက် တင်ဆောင်လာသော  ရေဗူး၊ မျက်နှာသုတ်ပုဝါတို့ကိုလည်း ပေးရလေ့ရှိကြောင်း ယာဉ်အကူအမျိုးသားလေးက ပြောပြသည်။

ရန်ကုန်-မန္တလေးလမ်းတစ်လျှောက် ခရီးသွားလျှင် ငွေတောင်းရန်၊ ပစ္စည်းတောင်းရန်သာ ဦးစားပေးနေ၊ တက်တက်ကြွကြွ ကြိုးစားနေကြသည့် စစ်သားများ၊ ယာဉ်ထိန်းရဲများကို  အများအပြား တွေ့နိုင်သည်၊ ခရီးသည်တင်အဝေးပြေးယာဉ်မောင်းနှင်သူများကလည်း လုံခြုံရေးအကြောင်းပြပြီး ပိုမို စစ်ဆေး၊ မေးမြန်းခံရမည့်ရန်မှ ကင်းဝေးစေရန် ငွေလမ်းခင်း သွားလာနေကြလေသည်။

ခရီးသွားခြင်းသည် စိတ်အပန်းပြေစေသည်။ ယနေ့ခေတ် မြန်မာနိုင်ငံတွင်း ခရီးသွားလျှင်မူ ပိုမို စိတ်ဖိစီးစေသည်ဟု ဆိုရတော့မည်ဖြစ်သည်။

Related Articles

Back to top button