ကရင်နီဒေသသို့ ဝင်ရောက်ရာလမ်းကြောင်းတစ်ခုဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ ပြန်သိမ်း ပြီးနောက် စစ်ကောင်စီတပ်သည် မိုးဗြဲ-လွိုင်ကော်ကားလမ်းတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့များ မဝင် ရောက်နိုင်ရန် ရှင်းလင်းရေးများလုပ်နေသည်။
ကရင်နီတော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် ကယား (ကရင်နီ) ပြည်နယ် မြို့တော် လွိုင်ကော်ကို စစ်ကောင်စီက တိုက်ခိုက်သိမ်းယူပြီး နယ်မြေထိစပ်နေသော မိုးဗြဲမြို့ကို ယခုလဆန်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
မိုးဗြဲမြို့သိမ်းနိုင်သည့်သတင်းကို ယနေ့ (ဇူလိုင် ၇) ထုတ် စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာ တွင် ဖော်ပြခဲ့ပြီး နယ်မြေ၇ှင်းလင်းရေးလုပ်နေကြောင်းပါ ထည့်သွင်းဖော်ပြထားသည်။
မိုးဗြဲနှင့် လွိုင်ကော်မြို့တို့ကို ဆက်သွယ်ထားသည့် နှစ်မိုင်ကျော်အကွာအဝေး ကားလမ်းမတစ်လျှောက် ရှင်းလင်းရေးလုပ်နေကြောင်း စစ်ကောင်စီဘက်က ဆိုသည်။
ကရင်နီတော်လှန်ရေးတပ်များက မိုးဗြဲမြို့ကို တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထားခြင်းဖြစ်ပြီး ယခု နှစ်ဆန်း မှစတင်၍ စစ်ကောင်စီတပ်က စတင်ထိုးစစ်ဆင်ခဲ့သလို ခက်ခက်ခဲခဲ တိုက်ယူရကာ ယမန်နေ့ (ဇူလိုင် ၆) တွင် အပြီးပြတ်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး မြို့မြောက်ဘက် ၂ မိုင်ခန့်အကွာ မိုးဗြဲဆည်ဘေးရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၄၂၂) တပ် ကျန်ရှိ ခဲ့သည်။
စစ်ကောင်စီသည် ထိုတပ်ဘက်မှနေ၍ အပြင်းအထန် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ပြီး နှစ်ဝက်နီးပါး တိုက်ပွဲ များပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ်သာမက လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများ အများအပြား သုံးစွဲခဲ့သည်။
မိုးဗြဲမြို့ကို လက်မလွှတ်ရရေးအတွက် KNDF အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မိုးဗြဲ) ၊ မြို့ပြ တော်လှန်ရေးတပ်ဦး (URF) အပါအဝင် ကရင်နီတော်လှန်ရေးတပ်များဘက်က အပြင်းအထန် ခုခံခဲ့ကြပြီး ကျဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူအများအပြား ရှိခဲ့သည်။ မိုးဗြဲ PDF အမှတ် (၁၀၀၁) တပ်ရင်း၊ ကျွဲချိုတပ်ခွဲမှလည်း ကျဆုံးသူများရှိခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ တဆင့် ကရင်နီဒေသသို့ ဝင်ရောက်နိုင်သော အဓိက ကားလမ်း နှစ်ခုရှိရာ မိုးဗြဲ- လွိုင်ကော်လမ်း၊ ဆီဆိုင်-လွိုင်ကော်လမ်းတို့ဖြစ်ကြသည်။
ဆီဆိုင် -လွိုင်ကော်ကားလမ်းကိုလည်း စစ်ကောင်စီတပ်က ထိန်းချုပ်ထားရာ မိုးဗြဲ-လွိုင်ကော်လမ်းကိုပါ လက်လွှတ်လိုက်ရသဖြင့် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီဒေသသို့ ဝင်ရောက် နိုင်သည့် အဓိကလမ်းကြောင်း နှစ်ခုကို ပိတ်ဆို့စိုးမိုးခွင့်ရသွားသည်။
စစ်ကောင်စီတပ်အနေဖြင့် လွိုင်ကော်မှ မိုးဗြဲ ၊ ဖယ်ခုံ ၊ ပင်လောင်းမြို့များအထိ ကားလမ်းကြောင်း ပွင့်ရန် ရည်ရွယ်ကြောင်း ယနေ့ထုတ်သတင်းစာဖော်ပြချက်အရ သိရသည်။ အဆိုပါလမ်းကြောင်း ပြန်ပွင့်သွား ပါက မိုးဗြဲမြို့အတွင်း မြို့သူ၊ မြို့သားများပြန်လည်နေထိုင်နိုင်ရေးနှင့် အစိုးရယန္တရား အမြန်လည်ပတ်နိုင် ရေး ဆက်လက်ဆောင်ရွက်မည်ဟု စစ်ကောင်စီဘက်က ဆိုသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က စစ်ကောင်စီတပ်သည် မိုးဗြဲမြို့အတွင်း အရပ်သားနေအိမ်များ မီးရှို့နေခြင်းသာဖြစ်သည်ဟု Myanmar Now ကို ပြော သည်။
“ဒါကတော့ စစ်ကောင်စီလုပ်နေကျအတိုင်း ရောက်တဲ့အရပ်မှာ မီးရှို့တယ်။ အခိုင်အမာ စခန်းချနိုင်ဖို့ ရွာတွေမြို့တွေကို အပြောင်ရှင်းတယ်။ မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိထားပါတယ်” ဟု ၎င်းက ဆိုသည်။
နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် တော်လှန်ရေးတပ်တစ်ခုဖြစ်သော ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က စစ်ကောင်စီတပ်သည် ဇူလိုင်လ ၃ ရက်မှ ဇူလိုင် ၆ ရက်နေ့အထိ မိုးဗြဲမှ နေအိမ် ၂၀ ခန့်ကို မီးရှို့ထားကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

ကရင်နီတော်လှန်ရေးတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီတပ်အနေဖြင့် မိုးဗြဲ -လွိုင်ကော်ကားလမ်းကို အလွယ်တကူရှင်းလင်းကာ နယ်မြေစိုးမိုးနိုင်မည်မဟုတ်ကြောင်းပြောသည်။
“လွယ်လွယ်နဲ့တော့ ရမှာမဟုတ်ဘူးပေါ့။ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေဘက်က တစ်ခုခု ပြန်တုံ့ပြန် မှာပါ” ဟု ၎င်းက ဆိုသည်။
မိုးဗြဲမြို့ကို တိုက်ခိုက်စဉ် စစ်ကောင်စီတပ်သည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်များ ပူး ပေါင်း ပါဝင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
PNO နှင့် နီးစပ်သည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးကမူမိုးဗြဲတိုက်ပွဲတွင် PNO ပါသည်ဟူသော ပြော ဆိုချက်ကို ငြင်းဆန်သည်။ ဖယ်ခုံမြို့နယ် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ဆောင်နန်းခဲရွာအထိသာ PNO တပ်များပါဝင်ကြောင်း Myanmar Now ကို ပြောသည်။
တော်လှန်ရေးတပ်များ ထိန်းချုပ်ထားစဉ်ကတည်းက မိုးဗြဲမြို့ပေါ် တွင် လူနေထိုင်မှုမရှိဘဲ ကရင်နီ ဒေသ အတွင်းပိုင်း ကျေးလက်ဒေသသို့ တိမ်းရှောင်နေထိုင်နေကြကြောင်း ကရင်နီတော်လှန်ရေးတပ်များနှင့် နီးစပ်သူတချို့က ဆိုသည်။
မိုးဗြဲမြို့နှင့်အနီးဝန်းကျင်ရွာများမှ နေရပ်စွန့်ခွာ ထွက်ပြေးလာသူ သုံးသောင်းခွဲကျော်ရှိပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများလိုအပ်နေကြောင်း IEC ထံက သိရသည်။
ကရင်နီပြည်နယ်ထဲမှ သံလွင်မြစ်ကူးတံတား ရှိရာ ဖားဆောင်းမြို့တွင်မူ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း အမှတ် (၁၃၄) တပ်ကို ဇွန် ၃၀ ရက်တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့ပြင် ဗုံးလာကြဲသည့် စစ်ကောင်စီ၏ တရုတ်ထုတ် FTC-2000G တိုက်လေယာဉ်တစ်စီးကိုလည်းပစ်ချခဲ့ သည်ဟု ဆိုသည်။
ဖားဆောင်းမြို့ကိုသိမ်းနိုင်ရေးအတွက် လက်ကျန် ခလရ(၁၃၅) တပ်ကို ကရင်နီတော်လှန်ရေးတပ်များက ဆက်လက်တိုက်ခိုက်နေသည်။
ကရင်နီဟု ဒေသခံအများက ခေါ်ဆိုကြသည့် နယ်မြေများတွင် ကယားပြည်နယ်အပါအဝင် နယ်မြေထိစပ် နေသော ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်များ ပါဝင်သည်။
တော်လှန်ရေးအဖွဲ့များအားကောင်းသလို ကရင်နီဒေသအများစုကိုလည်း တော်လှန်ရေးတပ်များက နယ် မြေစိုးမိုးထားရာ စစ်ကောင်စီက လက်လွှတ်လိုက်ရသောနယ်မြေများကို ပြန်လည်ရယူနိုင်ရန် ကြိုးပမ်း နေသည်။
မိုးဗြဲမြို့ကို ယခင်အစိုးရအဆက်ဆက်က ရှမ်းပြည်နယ်တောင်ပိုင်း၏ အုပ်ချုပ်ရေးတွင် ထည့်သွင်းထား သော်လည်း စစ်ကောင်စီကို ဆန့်ကျင်သည့် ကြားကာလ ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) ကမူ ကရင်နီပြည်နယ်၏အစိတ်အပိုင်းမြို့နယ်အဖြစ် ၂၀၂၄ ခုနှစ်တွင် သတ်မှတ်ထားသည်။




