ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တောကြောင်ပေါက်ကျေးရွာ စာသင်ကျောင်းကို ဇူလိုင် ၅ ရက်နေ့က ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ကလေး နှစ်ဦး အပါအဝင် အရပ်သား ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသအခြေစိုက်တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။
ညနေ ၅ နာရီကျော်ဝန်းကျင်တွင် ကျေးရွာစာသင်ကျောင်းကို ဒရုန်းဖြင့် ဗုံး ၂ လုံးကြဲချခဲ့ရာ အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ အသက်တစ်နှစ်နှင့် ခြောက်နှစ်ကြား ကလေးငယ်နှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ် သည်။
စစ်ရှောင်များဖြစ်သော နတ်သံကွင်း(၆)ရပ်ကွက်နေ တီးမောင်သံစိန် (၆၅နှစ်)၊ ညားကြည်မြင့်(၆၄ နှစ်)၊ စောကျော်နိုင်ဝင်းအသက်(၃၅ နှစ်)၊ မနန်ဦး (၃၀ နှစ်) တစ်နှစ်သားအရွယ် စောကျော်နိုင်ထူး၊ ခြောက်နှစ် အရွယ် စောကောင်းသန့်ဇော်တို့ နေရာမှာပင်သေဆုံးခဲ့သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီး နော်သူးရေစေး (၃၀ နှစ်)၊ ညားဝင်းစိုး (၃၈ နှစ်) နေနော်လှယမင်းခိုင် (၂၅ နှစ်) တို့ ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ယနေ့ထုတ်ပြန်သည်။
အဆိုပါစာသင်ကျောင်းနေရာသည် စစ်ရှောင်အရပ်သားများ ခိုလှုံရာနေရာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းအဆောက်အဦးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံ တော်လှန် ရေးအဖွဲ့များက ပြောသည်။
“ညနေ ၅ နာရီ ဝန်းကျင်မှာ ဗုံးနှစ်လုံး ကြဲချခဲ့ပြီး အဲဒီထဲက တစ်လုံး ပေါက်ကွဲပြီး အရပ်သားတွေ သေ ကြေပျက်စီးခဲ့ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပဲခူးတိုင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့သူများအနက် အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေ တွင် ရှိနေကြောင်း သိရသည်။
ယင်းနေ့ ညနေ ၅း၅၀ မိနစ်တွင် စစ်ကောင်စီ၏ နတ်သံကွင်းအထိုင်တပ်မှ ဒရုန်းဖြင့် (၁၂၀)မမဗုံးသီး တစ်လုံးလာရောက်ပစ်ချမှုကြောင့် တောကြောင်ပေါက်ကျေးရွာစာသင် ကျောင်းထဲသို့ ကျရောက် ပေါက်ကွဲသဖြင့် စစ်ရှောင် ခြောက်ဦးနေရာမှာပင်သေဆုံးခဲ့သည်ဟု KNU ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် ကျေးရွာတောင်ဘက် တစ်မိုင်ခန့်အကွာ နတ်သံကွင်းရွာတွင် တပ်စွဲထား သော စစ်ကောင်စီတပ်က အရပ်သားများကို ရည်ရွယ်၍ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
“ရွာက ကျွန်တော်တို့ နယ်မြေထဲမှာ ရှိတယ်၊ ဒါပေမယ့် အဲဒီရွာမှာ ကျွန်တော်တို့ အခြေစိုက်စခန်း မရှိဘူး၊ တိုက်ခိုက်မှု ဖြစ်တဲ့အချိန်မှာ အနီးနားမှာ တိုက်ပွဲ မရှိဘူး” ဟု အထက်ပါပြောရေးဆိုခွင့်ရှိသူက ဆက်ပြော သည်။

ပဲခူးတိုင်းအနောက်ခြမ်းကျောက်ကြီးနှင့် ကျောက်တံခါမြို့နယ်များတွင် PDF တပ်ဖွဲ့များ တပ်စွဲထားသော် လည်း ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်ပွားချိန် ကျေးရွာအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိဟု ဆိုကြသည်။။
အဆိုပါပဲခူးအနောက်ခြမ်း ကျောက်ကြီးနယ်မြေသည် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် သက်တမ်း အရှည်ဆုံးနှင့်အထင်ရှားဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှတစ်ခုဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
ကျောက်တံခါးမြို့နယ်နှင့် နတ်သံကွင်းရွာဘက်သို့ ဆက်သွယ်ထားသည့် အဓိက လမ်းကြောင်းပေါ်တွင် စစ်ကောင်စီ တပ်စခန်းအများအပြား တည်ရှိသည်။
လွန်ခဲ့သည့်လက ကျောက်ကြီးမြို့တွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဦးဆောင်သည့် တော် လှန်ရေးတပ်ဖွဲ့များက ကင်းစခန်း အများအပြားကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ သည်။
အဆိုပါ ထိုးစစ်ကြောင့် ဇွန် ၂၆ ရက်နေ့တွင် ပဲခူးအနောက်ခြမ်းတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်သုံ့ပန်း ၂၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် စစ်မျက်နှာအနှံ့ ဖြန့်ကျက်ထားရ သဖြင့် မြေပြင်စစ်ကူ လျော့နည်းနေရာ ဒရုန်းများ၊ လေကြောင်းတိုက်ခိုက်မှုများကို ပိုမို အားပြုနေသည်။
မကြာခဏဆိုသလို အရပ်သားနေထိုင်ရာဒေသများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ ခိုအောင်းသည်ဟု ယူဆ၍ ပစ်မှတ်ထားပြီး လေကြောင်းမှ ချေမှုန်းမှုများ ပြုလုပ်နေရာ သေဆုံးသူအများစုသည် အရပ်သား များဖြစ်ကြသည်။
ပဲခူးတိုင်းအနောက်ခြမ်းနှင့် ကရင်ပြည်နယ် နယ်စပ် ကျောက်ကြီးမြို့နယ်တွင် စစ်တပ်နှင့် KNLA တို့ တိုက်ပွဲများကြောင့် ရာနှင့်ချီသော အရပ်သားများသည် အစားအစာ၊ အမိုးအကာ သို့မဟုတ် ဆေးဝါး ကုသခွင့်များ မရရှိဘဲ တောတောင်များအတွင်း ထွက်ပြေးခိုလှုံနေကြရသည်။
ဒရုန်းတိုက်ခိုက်ခံရသော တောကျောင်းပေါက်ရွာ တောင်ဘက် ခုနစ်မိုင်ခန့်အကွာရှိ ဟင်္သာဝကျေးရွာကို ဇွန် ၂၈ ရက်နေ့က စစ်လေယာဉ်က ဗုံးကြဲခဲ့ရာ ကလေးနှစ်ဦးအပါအဝင် အနည်းဆုံး လူငါးဦး ဒဏ်ရာရရှိ ခဲ့သည်။
အလားတူ မေလအတွင်းကလည်း တော်ကျောင်းပေါက်တောင်ဘက် ခြောက်မိုင်ခန့်အကွာရှိ ကျွန်းကြီး ကျေးရွာတွင် မင်္ဂလာဆောင်အခမ်းအနားတစ်ခု လေကြောင်းမှဗုံးကြဲခံရပြီး ကလေးငယ်များအပါအဝင် လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။



