ဆောင်းပါးအတွေးအမြင်

နိုင်ငံတကာအရေးအခင်းများအကြား မြန်မာ့တော်လှန်ရေး ရှေ့လားရာ

တော်လှန်ရေးအင်အားစုကို နိုင်ငံအများအပြားက ထောက်ခံချိန် စစ်တပ်ကလည်း သူ့ရွေးကောက်ပွဲ အသိအမှတ်ပြုမှု ရရန် ကြိုးပမ်းနေသဖြင့် နိုင်ငံတကာ၏ ရပ်တည်ချက်က လွန်စွာ အရေးပါလာသည်။

စစ်အာဏာသိမ်းထားသည်မှာ လေးနှစ်ကျော်လာပြီ ဖြစ်သော်လည်း ဤနှစ်များအတွင်း နိုင်ငံတကာတွင်လည်း ကြီးမား၍ မခန့်မှန်း နိုင်သော အရေးအခင်းများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ နိုင်ငံတကာအသိုက်အဝန်းအပေါ် သက်ရောက်မှုများပြားသောကြောင့် မြန်မာ့အရေးအပေါ် အာရုံစိုက်မှု နည်းပါးလာသည်ကို တွေ့မြင်နေရသည်။

အထင်ရှားဆုံး နိုင်ငံတကာအရေးအခင်းများမှာ ရုရှား-ယူကရိန်းစစ်ပွဲ၊ အစ္စရေး-ဟားမက်စ်စစ်ပွဲ၊ ယခုနောက်ဆုံး အစ္စရေး-အီရန်စစ်ပွဲ၊ ဆီးရီးယားအာဏာရှင်ဟောင်း အာဆတ်ကို ကာလကြာရှည် လက်နက်ကိုင်တော်လှန်ရေး အောင်ပွဲဆင်မှုနှင့်အတူ ဆီးရီးယားနိုင်ငံ၏ အပြောင်းအလဲများ၊ အရှေ့တောင်အာရှတွင် မထင်မှတ်သော ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနှင့် နယ်စပ်စစ်ရေးပြင်ဆင်မှုများတို့ ဖြစ်သည်။ ၎င်းအဖြစ်အပျက်များသည် ကမ္ဘာ့ အခင်းအကျင်းတစ်ခုလုံးကို လှုပ်ခါလျက် အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။ 

မြန်မာနိုင်ငံနှင့် ပထဝီအနေအထားအရ ဝေးကွာသော်ငြားလည်း၊ အထက်ပါ ကမ္ဘာ့ဖြစ်ရပ်များသည် အာဏာသိမ်း စစ်တပ်ကို တွန်းလှန်တိုက်ပွဲဝင်နေသော တိုင်းရင်းသားပေါင်းစုံ လက်နက်ကိုင် တော်လှန်ရေး၏ ရှေ့လားရာအပေါ် သွယ်ဝိုက်သော ဩဇာသက်ရောက်မှု အခြေအနေကို အလေးအနက်ထား ဆင်ခြင်သုံးသပ်သင့်သည် ဟု ယူဆမိပါ သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန်က နိုင်ငံတကာ အရေးအခင်း ကြီးများ ပေါ်ပေါက်နေခြင်း မရှိခဲ့ပါ။ ထိုအချိန်က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အသိုက်အဝန်းအတွင်း တည်ငြိမ်လျက်ရှိသောကြောင့် အာဆီယံခေါင်းဆောင်များသည် မြန်မာ့အရေးကို အလျင်အမြန် အာရုံစိုက်နိုင်ခဲ့ပြီး စစ်အာဏာသိမ်းမှုကို အသိအမှတ်မပြုသည့် ရပ်တည်ချက်ကို အလျင်အမြန် ချမှတ်နိုင်ခဲ့သည်။ 

သို့သော် လွန်ခဲ့သော လေးနှစ်အတွင်း ဒေသတွင်းအဖွဲ့အစည်းဖြစ်သော အာဆီယံအသင်းကြီးသည် မြန်မာ့အရေးကို ဖြေရှင်းရန် မစွမ်းဆောင်နိုင်ရုံမျှမက၊ ယခုအခါ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ နှင့် နှစ်နိုင်ငံ တင်းမာမှု အခြေအနေကို ထပ်မံရင်ဆိုင်နေရပြီ ဖြစ်သည်။ ထို့ကြောင့် အာဆီယံအဖွဲ့ကြီးထံမှ ထိရောက်သော အကူအညီများ မရရှိ၍ စိတ်ပျက်လက်ပျက်ရှိနေကြသော တော်လှန်ရေးအင်အားစုများသည် ပို၍မျှော်လင့်ကြလိမ့်မည် မဟုတ်ပါ။

ယခုနှစ် မေလ၉ရက် တွင် ကျရောက်သည့် ရုရှား၏ ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် ၈၀ ပြည့်အခမ်အနားကို ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရင်ပြင်နီတွင် ကျင်းပနေစဉ် (ဓာတ်ပုံ − EPA)

နိုင်ငံတကာအရေးအခင်းများကြောင့် မြန်မာ့အရေးအပေါ် အာရုံစိုက်မှု ပျောက်ဆုံးလာ 

မြန်မာတွင် စစ်အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့သဖြင့် ကမ္ဘာကြီးတစ်ခုလုံး အံ့အားသင့်ခဲ့ရပြီး ရုရှား-ယူကရိန်းစစ်ပွဲသို့ အာရုံ ပြောင်းလဲသွားခဲ့ကြသည်။ ထိုအချိန်ကစပြီး နိုင်ငံတကာအသိုက်အဝန်းအတွင်း မြန်မာ့အရေးအပေါ် အာရုံစိုက်မှု သိသိသာသာ လျော့ကျလာခဲ့သည်။

ရုရှား-ယူကရိန်းစစ်ပွဲတွင် ကမ္ဘာ့စစ်အင်အားကြီး နျူကလီးယားလက်နက် အမြောက်အများပိုင်ဆိုင်သော ရုရှား နိုင်ငံက အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့် အိမ်နီးချင်း ယူကရိန်းနိုင်ငံကို စစ်ဆင်နွှဲခြင်းကို နိုင်ငံတကာစနစ် ကို ချိုးဖောက်သော ကျူးကျော်စစ်အဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံ အများအပြားက ဝိုင်းဝန်းအရေးယူ ဒဏ်ခတ်ခဲ့ကြသည်၊ စစ်အင်အားနည်းသော ယူကရိန်းနိုင်ငံကို ဒေါ်လာဘီလီယံရာနှင့်ချီသော စစ်ရေးအကူအညီများ ပေးခဲ့ကြသည်၊ ပေးနေဆဲလည်းဖြစ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် စတင်ခဲ့သော အစ္စရေး-ဟားမက်စ်စစ်ပွဲတွင်လည်း အစ္စရေးနိုင်ငံထဲ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အဖြစ် သတ်မှတ်ခံထားရသော ဟားမက်စ်တို့၏ ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုကို နိုင်ငံတကာက အကြမ်း ဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့အပြင် အစ္စရေး၏ အဓိကမဟာမိတ်ဖြစ်သော အမေရိကန်နိုင်ငံ သည် အစ္စရေးလိုအပ်သော လက်နက်ခဲယမ်းများကို ထောက်ပံ့ပေးခဲ့သည်။

စင်စစ် အစ္စရေးသည် အရှေ့အလယ်ပိုင်းဒေသတွင် စစ်အင်အား၊ စစ်လက်နက်ပစ္စည်းနှင့် နည်းပညာပိုင်း ခေတ်မီမှုတို့တွင် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ပြီး ဟားမက်စ်တို့ထက် များစွာသာလွန်ကောင်းမွန်သည်။ သို့သော် အစ္စရေး ရင်ဆိုင်နေရ သည်မှာ ဟားမက်စ်တစ်ဖွဲ့တည်း မဟုတ်ပါ။ ဟားမက်စ်တို့ကို ထောက်ခံပံ့ပိုးနေသော လက်ဘနွန်နိုင်ငံမှ ဟစ်စဘိုလာပျောက်ကျားအဖွဲ့၊ ယီမင်နိုင်ငံမှ ယီမင်သူပုန်အဖွဲ့တို့အပြင် ထိုအဖွဲ့များအားလုံးနှင့် အဆက်အသွယ် ရှိပြီး နောက်ကွယ်မှ ထောက်ခံပံ့ပိုးနေသော အီရန်နိုင်ငံ၏ အန္တရာယ်များကိုပါ ရင်ဆိုင်နေရသည်။

ထို့အပြင် အီရန်၏ နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးစားနေသော ရည်မှန်းချက်သည် အစ္စရေးနိုင်ငံ၏ တည်ရှိမှုကို တိုက်ရိုက်ခြိမ်းခြောက်နေသည်ဟု အစ္စရေးခေါင်းဆောင်များက ခံယူထားသည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး လှုပ်ခါသွားနိုင်သည့် အီရန်၏ နျူကလီးယား လက်နက် ထုတ်လုပ်ရေး ရည်မှန်းချက်ကို ဖျက်ဆီးပစ်မည့် စစ်ဆင်ရေးကြီးတစ်ခုကို အစ္စရေးတို့ စတင်လိုက်သည်။

အစ္စရေးတို့သည် အီရန်၏ နျူကလီးယားလက်နက်ထုတ်လုပ်ရေးတွင် အဓိကကျသော ယူရေနီယမ်သန့်စင်စက်ရုံ များကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ရုံမျှမက အီရန်တော်လှန်ရေးအစောင့်တပ် စစ်ဦးစီးချုပ်အပါအဝင် ထိပ်တန်း စစ်ဘက်အကြီးအကဲများနှင့် နျူကလီးယားသိပ္ပံပညာရှင် ၁၂ ဦးကိုပါ ပစ်မှတ်ထားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

အီရန်နိုင်ငံကလည်း လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးနိုင်ငံထဲအထိ တာဝေးပစ်ဒုံးလက်နက်များနှင့် ဒရုန်းများ ရာနှင့်ချီ ပစ်လွှတ်တိုက်ခိုက်ခဲ့ရာ၊ အစ္စရေးတို့၏ နာမည်ကျော် Iron Dome ဒုံးခွင်းဒုံးစနစ်ကိုပင် ထိုးဖောက်၍ အစ္စရေးမြို့တော် တဲလ်အဗစ်နှင့် အခြားမြို့ကြီးများကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့သည်။

အစ္စရေး-အီရန်စစ်ပွဲ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးသို့ ပြန့်နှံ့သွားမလား စိုးရိမ်နေချိန်၊ အီရန်၏ နျူကလီးယား လက်နက်ထုတ်လုပ်ရန် မြေအောက်အနက်ပိုင်းတွင် အခိုင်အမာတည်ဆောက်ထားသော ယူရေနီယမ်သန့်စင် စက်ရုံ သုံးနေရာကို ပေ ၆၀ ထုထည်ရှိသော ကွန်ကရစ်အလွှာ သို့မဟုတ် ပေ ၂၀၀ ရှိသော မြေသားထုကို ထိုးဖောက်နိုင်စွမ်းရှိသည့်၊ ပေါင်ချိန်သုံးသောင်းရှိပြီး အမေရိကန်နိုင်ငံတစ်ခုတည်းတွင်သာ ပိုင်ဆိုင်သည့် ဘန်ကာ ဖျက် ဗုံးများဖြင့် အမေရိကန်လေတပ်က ဇွန်လ ၂၁ ရက်နေ့တွင် တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ 

ဤသို့ဖြင့် အလွန်ရှုပ်ထွေးသည့် ကမ္ဘာ့ပြဿနာများအကြားတွင် မြန်မာ့အရေးသည် နိုင်ငံတကာအသိုက်အဝန်း၏ အာရုံစိုက်မှု လုံးဝနီးပါး ပျောက်ဆုံးလုနီးပါး အခြေအနေသို့ ဆိုက်ရောက်လာပြီဟု မေးခွန်းထုတ်စရာ ဖြစ်လာပါ သည်။

ပုံစာ − ၂၀၂၄ ခုနှစ် မေလ ၁၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ Kampong Chhnang ပြည်နယ်တွင် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ကမ္ဘောဒီးယား စစ်တပ်တို့ စစ်ရေးပူးတွဲလေ့ကျင့်ခဲ့ကြစဉ်။ ဓာတ်ပုံများ − AFP

လက်နက်ကိုင်တော်လှန်ရေး အောင်မြင်နေ၊ သို့သော် စစ်ကောင်စီက နိုင်ငံတကာအကူအညီ တိုး၍ရနေ 

သို့ရာတွင် လွန်ခဲ့သော လေးနှစ်ကာလကို ပြန်လည်သုံးသပ်မည်ဆိုပါက နိုင်ငံတကာအရေးအခင်းများကြောင့် မြန်မာ့တော်လှန်ရေး နောက်ဆုတ်သွားခြင်းမရှိဘဲ၊ နိုင်ငံတကာ၏ အာရုံစိုက်မှု လျော့နည်းသွားသည့်ကြားမှပင် လက်နက်ကိုင်တော်လှန်ရေးက သမိုင်းတွင်မကြုံဖူးသော အောင်ပွဲကြီးများ ရရှိခဲ့သည်။

ဥပမာအားဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ ဂါဇာကမ်းမြှောင်ဒေသ၌ ဖြစ်ပွားခဲ့သော အစ္စရေး-ဟားမက်စ်စစ်ပွဲနှင့် မရှေးမနှောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အိမ်နီးချင်း တရုတ် နိုင်ငံနှင့် နယ်စပ်ထိစပ်နေသော မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းနယ်စပ်မှ စတင်သည့် “၁၀၂၇ စစ်ဆင်ရေး” ဖြင့် အာဏာသိမ်း စစ်တပ်ကို ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့က စတင်ထိုးစစ်ဆင်ခဲ့သည်။ ပြည်တွင်းစစ်သမိုင်းတွင် မကြုံဖူးသော စစ်တပ်၏ ပြိုလဲခြင်းများကို ၂၀၂၄ ခုနှစ် တစ်နှစ်လုံး မြင်တွေ့ခဲ့ရသည်။ 

ထိုအချိန်မှစ၍ စစ်တပ်သည် သမိုင်းဝင်စစ်ရှုံးနိမ့်မှုများမှ ပြန်လည်နလံထူရန် ယနေ့အချိန်ထိ ကြိုးစားနေဆဲ ဖြစ်ပြီး ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ခြင်းမရှိသေးပါ။ အာဏာသိမ်းစစ်ခေါင်းဆောင် စစ်ရှုံးရသည့် အဓိကအကြောင်းရင်းများထဲက တစ်ခုမှာ တော်လှန်ရေးအင်အားစုများ၏ ဒရုန်းတပ်ဖွဲ့များသည် စစ်မြေပြင်၌ ဝေဟင်ကို စိုးမိုးထားပြီး၊ ဗုံးများ အလုံးအရင်း ကြဲချတိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ စစ်တပ်သည် လေတပ် အင်အားရှိသော်လည်း၊ သေးငယ်သော ဒရုန်းအမြောက်အများဖြင့် ဗုံးများ ကြဲချသည့်ဒဏ်ကို အလူးအလဲခံရပြီး နောက် စစ်စခန်းအများအပြား ကျဆုံးခဲ့ခြင်း ဖြစ်သည်။ 

သို့ရာတွင် တော်လှန်ရေးအင်အားစုများ၏ အောင်ပွဲများက နိုင်ငံတကာ အသိုက်အဝန်းအကြား ကူညီထောက်ပံ့မှု များ တိုး၍ပေးလာစေရန် အကြောင်းတရား ဖြစ်မလာဘဲ၊ တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေမလား ဆိုသည့် စိုးရိမ်းမှုများကိုသာ မြင့်တက်စေခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ထိုကဲ့သို့ အဘယ်ကြောင့်ဖြစ်ခဲ့ရသည် ကို တော်လှန်ရေးခေါင်းဆောင်များ အလေးထား အဖြေရှာသင့်ပါသည်။

တစ်ဖက်တွင် ပြည်တွင်းစစ်တွင် ရှုံးနိမ့်နေသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် တန်ပြန်ဒရုန်းစစ်ဆင်ရေး ဆင်နွှဲနိုင်ရန်အတွက် စစ်တပ်တွင် ဒရုန်းတပ်ဖွဲ့များ ဖွဲ့စည်းခြင်း၊ ဒရုန်းများတပ်ဆင်ရန် ရုရှားနှင့် တရုတ်နိုင်ငံ တို့၏ အကူအညီများကို လွန်ခဲ့သောနှစ်အတွင်း ရယူနိုင်ခဲ့သည်။ စစ်ရှုံးနေသည့်ကြားမှ မဟာမိတ် အာဏာရှင်နိုင်ငံများ၏ အကူအညီကို မင်းအောင်လှိုင် တိုး၍ရရှိခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာဆက်ဆံရေးတွင် အမေရိကန်နှင့် ဥရောပ မဟာမိတ်များက ရုရှား-ယူကရိန်းစစ်ပွဲ၊ အစ္စရေး-ဟားမက်စ် စစ်ပွဲများကြောင့် အလုပ်ရှုပ်နေပြီး၊ မြန်မာအရေး အာရုံမစိုက်နိုင်ချိန် ရုရှားနှင့် တရုတ်ဦးဆောင်သော အာဏာရှင် နိုင်ငံအုပ်စုက အရှေ့တောင်အာရှဒေသက မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်တွင် စစ်ရေးအရ ထဲထဲဝင်ဝင် ကူညီနေကြောင်း လေ့လာတွေ့ရှိရပါသည်။ 

အထူးသဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံကို မြန်မာ့အရေးတွင် လွတ်လပ်စွာ ဝင်ရောက်စွက်ဖက်ရန် မင်းအောင်လှိုင် လမ်းဖွင့်ပေးခဲ့ပြီး အပြန်အလှန်အားဖြင့် တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထိန်းချုပ်ပေးရန် တရုတ်ကို အကူအညီတောင်းခံခဲ့သည်။

တရုတ်၏ ကြားဝင်စွက်ဖက်မှုကြောင့် လက်နက်ကိုင်တော်လှန်ရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နိုင်ခဲ့ ခြင်းမရှိဘဲ၊ လမ်းခုလတ်တွင် အရှိန်တန့်နေခဲ့သည်မှာ ၂၀၂၅ ခုနှစ်အတွင်း စတင်ဝင်ရောက်ခဲ့ချိန် ကတည်းက ဖြစ် သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော် လားရှိုးမြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီလက်ထဲ ပြန်လည်ပေးခဲ့ရ ခြင်းက တရုတ်စွက်ဖက်မှု၏ အတိုင်းအတာ မည်မျှကြီးမားနေသည်ကို သက်သေပြနေပြီ ဖြစ်သည်။ တော်လှန်ရေး အင်အားစုများအကြား လားရှိုးကဲ့သို့ သိမ်းပိုက်နယ်မြေများ ထပ်မံပေးရလေမည်လား စိုးရိမ်မှုများ ရှိနေကြသည်။

၂၀၂၄ ဒီဇင်ဘာ ၂၁ ရက်နေ့က ဆီးရီးယားနိုင်ငံ Aleppo မြို့တွင် အာဏာရှင် သမ္မတအာဆတ်ကို ဖြုတ်ချနိုင်မှု အထိမ်းအမှတ် အောင်ပွဲခံနေကြသော ပြည်သူများ။ (ဓာတ်ပုံ – EPA)

နိုင်ငံတကာအာရုံစိုက်မှု ပြန်လည်ရယူရန် နိုင်ငံရေးအရ စုစည်းညီညွတ်မှုပြသရန် အရေးကြီး 

စင်စစ် တရုတ်စွက်ဖက်မှုကို တန်ပြန်နိုင်ရန် တော်လှန်ရေးအင်အားစုများအပေါ် နိုင်ငံတကာ၏ ထောက်ခံကူညီမှု အလျင်အမြန် လိုအပ်နေပါသည်။ လက်ရှိတွင် နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာပြည်သူများ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်နေခြင်း အပေါ် လေးစားအသိအမှတ်ပြုသောအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်များကို သံတမန်ရေး ဖိအားပေးရုံမှ လွဲ၍ လက်နက်ကိုင်တော်လှန်ရေးအပေါ် ထိရောက်သောအကူအညီများ ပေးခဲ့ခြင်းမရှိပါ။ ယင်းသည် မြန်မာ့အရေးကို “ပြည်တွင်းရေး” အဖြစ် သတ်မှတ်ထားခြင်း၏ ဆိုးကျိုး ဖြစ်သည်။

မြန်မာ့အရေးကို လက်တွေ့အကူအညီပေးမှုများ မရရှိသဖြင့် တော်လှန်ရေးအင်အားစုများအကြား နိုင်ငံတကာ အသိုက်အဝန်းအပေါ် စိတ်ကုန်ခမ်းနေသည့် သတင်းစကားများလည်း ယခုနောက်ပိုင်း မကြာခဏ ကြားသိနေရပြီး၊ နိုင်ငံတကာကို ဂရုမစိုက်တော့သော သဘောထားများ ကျယ်ပြန့်လာမည်ဆိုလျှင်၊ ယင်းသည် တော်လှန်ရေးအပေါ် ဆိုးကျိုး သက်ရောက်နိုင်သည်ကို သတိမူသင့်ပါသည်။ 

ဥပမာ နိုင်ငံတကာအသိုက်အဝန်းသည် ရွေးချယ်စရာ နည်းလမ်းမရှိ၍ဟု ဆိုကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မကြိုက်သော်လည်း ပြန်လည်ဆက်ဆံလာပြီး၊ ၎င်းကြိုးပမ်းနေသော ရွေးကောက်ပွဲကို အသိအမှတ်ပြုမည့် အခြေအနေမျိုးနှင့် နှိုင်းဆကြည့်လျှင်၊ တော်လှန်ရေးအင်အားစုများဖက်မှ နိုင်ငံတကာ အသိုက်အဝန်း၏ လက်ရှိ ရပ်တည်ထောက်ခံအားပေးမှု မည်မျှအရေးပါနေသေးကြောင်း သိမြင်နိုင်ပါသည်။

တစ်ပြိုင်နက်ထဲတွင် ယနေ့တွေ့မြင်နေရသော နိုင်ငံတကာအခြေအနေများသည် မြန်မာ့အရေးကို မြန်မာနိုင်ငံသား များကသာ ဖြေရှင်းရမည်ဆိုသည့်အချက်က ပိုမိုထင်ရှားစေပါသည်။ ထိုအချက်ကို အာဆီယံခေါင်းဆောင်များ၏ မြန်မာ့အရေး နောက်ဆုံးထုတ်ပြန်ချက်တွင် တွေ့နိုင်သည်၊ “မြန်မာက ပိုင်ဆိုင်ပြီး၊ မြန်မာဦးဆောင်သော” (Myanmar-owned, Myanmar-led) ဆိုသည့် အသုံးအနှုန်းကို စာတစ်မျက်နှာထဲတွင် လေးကြိမ် ထည့်သွင်းဖော်ပြထားခြင်း၏ ဦးတည် ချက်ကို တော်လှန်ရေးအင်အားစုများ အလေးထားရန် လိုအပ်လာပါသည်။

ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲနည်းလမ်းကို လက်ရှိပြဿနာများ ဖြေရှင်းရန် နိုင်ငံရေးနည်းလမ်းအဖြစ် အသံကျယ်ကျယ်လောင်လောင် ပြောဆိုလာပြီး၊ နိုင်ငံတကာအသိုက်အဝန်းကို စည်းရုံး နေချိန်တွင် လက်နက်ကိုင်တော်လှန်ရေး အင်အားစုသည် လက်ရှိဖော်ဆောင်နေသည့် စစ်ရေးနည်းလမ်း တစ်ခုတည်းကိုသာ အာရုံစိုက်နေခြင်းဖြင့် မလုံလောက်တော့သည်ကို အထူးသတိပြုသင့်ပါသည်။

ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျကျ တည်ဆောက်နိုင်မည့် နိုင်ငံရေးအရ စုစည်းညီညွတ်မှုကို ပြသနိုင်မှသာ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ပြန်လည်ရယူနိုင်မည် ဖြစ်သည်။ ထိုမှတစ်ဆင့် နိုင်ငံတကာ၏ ကူညီ ပံ့ပိုးမှုများကိုလည်း တိုးမြှင့်နိုင်မည်ဟု သုံးသပ်တွေ့ရှိရပါသည်။ 

အထူးသဖြင့် ဇူလိုင်လကုန် စစ်ကောင်စီသက်တမ်းကုန်ဆုံး၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ အကြို ပြုလုပ်လာမည့် အပြောင်းအလဲများနှင့် အချိန်ကိုက် တော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေးအရ စုစည်း ညီညွတ်မှုကို ပြသပြီး၊ ရွေးကောက်ပွဲကို တန်ပြန်နိုင်ငံရေးအံတုမှုအဖြစ် ထုတ်ဖော်ပြသရန် အလွန်အရေးကြီးပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

Related Articles

Back to top button