ဆောင်းပါးသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းက စစ်ကောင်စီစခန်းတွေ ဘာကြောင့် အထိနာနေတာလဲ

ပဲခူးတိုင်း အရှေ့ပိုင်း ရန်ကုန်-မန္တလေးလမ်းလမ်းဟောင်းမှ စစ်ကောင်စီ၏ ကင်းစခန်းများကို စစ်တောင်းမြစ်ဝှမ်းတွင် အခြေစိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ဇွန်လ ၂၄ ရက်ညပိုင်းတွင် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်အတွက် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။

ပဲခူးတိုင်း အရှေ့ပိုင်း ရန်ကုန်-မန္တလေးလမ်းလမ်းဟောင်းမှ စစ်ကောင်စီ၏ ကင်းစခန်းများကို စစ်တောင်းမြစ်ဝှမ်းတွင် အခြေစိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ဇွန်လ ၂၄ ရက်ညပိုင်းတွင်  စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်အတွက် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။

အဆိုပါညတိုက်ပွဲတွင် PDF များက ကင်းစခန်း ခုနှစ်ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး၊ ကျန်နှစ်ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့အတူ ဇွန်လ ၂၆ ရက်နေ့ကလည်း ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းကို  KNU နှင့် PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး သုံ့ပန်း ၂၀ ကျော်ကိုဖမ်းဆီးခဲ့သည်။

စစ်ဆင်တိုက်ခိုက်မှုကို ပဲခူးတိုင်းအခြေစိုက် PDF များနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ပူးပေါင်း စစ်ဆင်တိုက်ခိုက်ကြခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ စစ်ကောင်စီစခန်းများ စီးနင်းမီးရှို့ခံရပြီး တပ်ဖွဲ့ဝင်များအဖမ်းခံရသည့် အကြောင်းအရင်းသည် စိတ်ဝင်စားဖွယ် မေးခွန်းထုတ်ရမည့် ကိစ္စဖြစ်ပြီး PDF များအတွက် စစ်တောင်းမြစ်ဝှမ်းတွင် တိုးတက်လာသည့် စစ်ရေးအောင်ပွဲလည်းဖြစ်သည်။

ပူးပေါင်းစစ်ဆင်တိုက်ခိုက်ခြင်း

ပဲခူးတိုင်းအရှေ့ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းဟု ခေါ်သော လမ်းဟောင်းရှိပြီး လမ်းဟောင်း၏ အရှေ့ဘက် ၇ မိုင်ခန့်အကွာတွင် စစ်တောင်းမြစ်ရှိသည်။

PDF များသည် လမ်းဟောင်းနှင့် စစ်တောင်းမြစ်ကြားတွင် အခြေစိုက်လှုပ်ရှားကြပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် KNU တပ်မဟာ ၃ က အဓိက စိုးမိုးထားသည်။

PDF နှင့် KNU သည် ရန်ကုန်-မန္တလေး လမ်းဟောင်းအထိ တိုးချဲ့ စစ်ရေးလှုပ်ရှားလာနေခြင်းဖြစ်ကြောင်း မကြာသေးမီက ဖြစ်သွားသည့် ပူးတွဲတိုက်ခိုက်မှုက သက်သေပြနေသည်။

PDF နှင့် KNU ပူးပေါင်းတပ်များဝင်တိုက်ခဲ့သည် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်စခန်းများမှာ ဇေယျဝတီမြို့ပေါ် ဘူတာအနီးရှိ စစ်စခန်း ၊ ဇေယျဝတီသကြားစက် ၊ သူဌေးကုန်းရွာ ၊ တော်ဝိရွာ ၊ ဘုရားကြီးကုန်းရွာ ၊ မြောက်ဂုံးတဲ နှင့် သာယာကုန်းရွာရှိ စစ်စခန်းတို့ဖြစ်ကြောင်း NUG ၏ အမှတ် (၂) စစ်ဒေသခွဲလက်အောက်ခံ PDF နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တော်ဝိရွာသည် ‌ညောင်လေးပင်မြို့နယ်တွင် အကျုံးဝင်ပြီး မြောက်ဂုံးတဲသည် ဖြူးမြို့နယ်တွင် ပါဝင်သည်။

သူဌေးကုန်း ၊ ဘုရားကြီးကုန်းနှင့် သာယာကုန်းရွာတို့မှာ ကျောက်တံခါးမြို့နယ်တွင် ပါဝင်သည်။

စခန်းခုနှစ်ခုစလုံးသည် ရန်ကုန်-မန္တလေး လမ်းဟောင်းဖြတ်သန်းရာ ရွာများတွင် အများစု ရှိသည်။ 

အမှတ် (၂) စစ်ဒေသခွဲလက်အောက်ခံ PDF နှင့်နီးစပ်သည့် သတင်းရင်းမြစ်က“တော်ဝိရယ်၊ သူဌေးကုန်းရယ်၊ ဘုရားကြီးကုန်းရယ် ၊ ဇေယျဝတီဘူတာရယ်ကတော့ စခန်းကြီးတွေ။ အဲဒီစခန်းတွေကို ဝင်တိုက်တယ်။ ရန်သူကို ချေမှုန်းတယ်။ တချို့ရန်သူမိတာလည်းရှိတယ်။ ထွက်ပြေးတာလည်းရှိတယ်။ ကျဆုံးတာလည်းရှိတယ်။ စခန်းကနေပစ္စည်းရသလောက်ယူတယ်။ မီးရှို့ဖျက်ဆီးတယ်။ ပြန်စွန့်ခွာတယ်” ဟု ဆိုသည်။

စစ်စခန်းများကို စီးနင်းနိုင်သော်လည်း စခန်းကို ဆက်လက်ထိန်းသိမ်း တပ်စွဲရန် အဆင်မပြေသဖြင့် ဖျက်ဆီး၍ ပြန်လည်ဆုတ်ခွာလာကြကြောင်း PDF သတင်းရင်းမြစ်အချို့ထံမှသိရသည်။

“ကျွန်တော်တို့ထိုင်လို့မရဘူး။ ထိုင်ရင်လည်း ဒီထက်အင်အားများတာနဲ့ မရရအောင် ပြန်တိုးလာနိုင်တယ်။ အဲဒီအခြေအနေရှိတယ်” ဟု PDF စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲမှူး ဦးတင်ဦးကလည်း ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စခန်း၇ ခုထက်မနည်းအား တပြိုင်နက်တည်း ဝင်တိုက်ကြခြင်းသည် ၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ်လုပ်ဆောင်သည့် ပူးပေါင်းစစ်ဆင်ရေးဖြစ်ကြောင်း Myanmar Now ကိုပြောသည်။

ပထမအကြိမ် ပူးပေါင်း တိုက်ခိုက်မှုကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်ညအချိန်၌  ဖြူးမြို့နယ် နှင့် ကျောက်တံခါးမြို့နယ်ရှိ ရန်ကုန်-မန္တလေး ကားလမ်းအနီးက ရွာများတွင် PDF နှင့် KNU ပူးပေါင်းတပ်များက ဖော်ဆောင်ခဲ့သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကာ PDF ဘက်က တဦးသေကြောင်း အမှတ် (၂) စစ်ဒေသခွဲ၏ ထုတ်ပြန်ချက်အရသိရသည်။

ဇွန်လ ၂၄ ရက်ညက ဖော်ဆောင်သည့် ဒုတိယအကြိမ်တိုက်ပွဲတွင်မူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက် ဒဏ်ရာရကာ ရဲအုပ်တစ်ဦး အပါအဝင် စစ်သုံ့ပန်း သုံးဦးအရှင်ဖမ်းနိုင်ခဲ့သည်။ 

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရဲဘော်တဦးသေပြီး နှစ်ဦးဒဏ်ရာရကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဇွန် ၂၅ ရက် ထုတ်ပြန်ချက်အရသိရသည်။

PDF က ရန်ကုန်-မန္တလေးဟောင်း၌ ဒုတိယအကြိမ် တိုက်စစ်ဆင်နေစဉ်မှာပင် စစ်ကောင်စီတပ်ဘက်ကလည်း ဇွန်လ ၂၆ ရက်တွင် အင်အား ၂၀၀ ဖြင့် နတ်သံကွင်း – ကျောက်ကြီးကားလမ်းကို ပြန်ထိန်းချုပ်နိုင်ရန် ကျောက်ကြီးမြို့နယ်၌ စစ်ကြောင်းထိုးလာသည်။

ယင်းစစ်ကြောင်းကို PDF ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warriors Column နှင့်  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ရင်း(၈)၊ တပ်ရင်း(၉) တို့ပူးပေါင်း၍တိုက်ခိုက်ခဲ့ရာ ၇ ဦးသေပြီး စစ်သုံ့ပန်း ၂၂ ဦးဖမ်းမိသည်။

လက်နက်မျိုးစုံ (၂၈) လက်နှင့်ခဲယမ်းများ၊ အခြားစစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း PDF သတင်းရင်းမြစ်အချို့ထံမှသိရသည်။

https://www.facebook.com/share/p/19HPZvzywp/

တိုက်ပွဲကို ဗျူဟာ(၂၄) နဂါးနီစစ်ကြောင်း၊ အာဠာဝကတပ်ရင်း၊ အမှတ်(၃၅၀၃) တပ်ရင်း၊ ဖြူး(ပကဖ)၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း(၉)၊ ဗျူဟာ(၂၆)လက်အောက်ခံ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်းတို့ ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲတွင် တော်လှန်ရေးတပ်များဘက်က စစ်ကောင်စီတပ်ကို အထိနာစေသည်အထိ တိုက်နိုင်ခြင်းမှာ စိတ်ဓာတ်ရေးရာကြောင့် ဖြစ်ကြောင်း NUG တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲမှူး ဦးတင်ဦးက Myanmar Now ကိုပြောသည်။

၎င်းက “တိုက်ပွဲတွေ နိုင်ခြင်း ၊ ရှုံးခြင်းကတော့ အဓိကက စိတ်ဓာတ်အပေါ်မှာ မူတည်ပါတယ်” ဟု ဆိုသည်။

အကြောင်းအရင်း ၄ ချက်

စစ်တောင်းမြစ်ဝှမ်းအခြေစိုက် PDF များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ကမူ စစ်ကောင်စီတပ်များ အထိနာရသည့် အဓိကအကြောင်းအရင်း လေးချက်ရှိသည်ဟု Myanmar Now ကိုပြောသည်။

၎င်းတို့မှာ (၁) စုပေါင်းစပ်ပေါင်းဖွဲ့၍ စခန်းထိုင်နေခြင်း ၊ (၂) အချင်းချင်းယုံကြည်မှုနှင့် ရဲဘော်ရဲဘက်စိတ်မရှိခြင်း ၊ (၃) လက်နက်ခဲယမ်းရရှိမှုနည်းပါးခြင်း နှင့် (၄) အပြန်အလှန်ကူညီမှုမရှိခြင်းတို့ ဖြစ်ကြောင်း PDF များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

စစ်စခန်းများတွင် စစ်ကောင်စီတပ်အတွက် အမာခံတိုက်မည့် သန္ဓေစစ်သားစစ်မှာ ၁၀ ဦးခန့်သာ ရှိပြီး အများစုမှာ ပျူစောထီးများ ၊ ရဲများနှင့် ပြည်သူ့စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူများ များနေကြောင်း PDF စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တပ်ဖွဲ့ဝင်အများစုတွင် အသက်ကြီးသူများလည်း ပါဝင်နေကြောင်းသိရသည်။

မတူညီသော အင်အားစုများကို စုစည်းထားသဖြင့် စစ်ကောင်စီ၏ တပ်စခန်းရှိ တပ်ဖွဲ့ဝင်များသည် အချင်းချင်းရဲဘော်ရဲဘက် စိတ်နည်းသလို ၊ ယုံကြည်မှုလည်း နည်းကြကြောင်း PDF စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ကြည့်ပါကလည်း ၉ မမ ကျည်ထည့်သုံးသည့် အူဇီသေနတ်ဒီဇိုင်းပုံစံ သေနတ် နှင့် ချေမှုန်းရေးရိုင်ဖယ်အချို့သာပေးထားပြီး ဖျက်အားပြင်းလက်နက်များဖြစ်သော ပုခုံးထမ်းလောင်ချာနှင့် စက်သေနတ်ကြီးများမတွေ့ရကြောင်း PDF စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။

ဆက်လက်၍ ၎င်းက စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်နေစဉ် အပြန်အလှန် စစ်ကူပေးမှုမရှိဘဲ ကိုယ့်စခန်းအတိုက်မခံရရေးသာ အာရုံစိုက်နေကြောင်း ပြောသည်။

“စခန်းတစ်ခုနဲ့တစ်ခုက နီးနီးလေး။ စစ်တောင်းမြစ်ဝှမ်းမှာ သူတို့ကာတဲ့စခန်းတွေဆိုရင် ဟိုဘက်ရွာ ၊ ဒီဘက်ရွာ မြင်နေရတယ်။ တစ်ချို့ရွာတွေဆိုရင် တစ်မိုင်အတွင်းမှာရှိကြတယ်။ တစ်ချို့ရွာတွေဆိုရင် ဆက်စပ်လုနီးပါးရှိကြတယ်။ အဲဒီလိုရှိတာတောင် ဒီစခန်းတစ်ခုကို တိုက်တယ်ဆိုရင် ဘေးစခန်းက စစ်ကူမလာနိုင်ဘူး” ဟု ပြောသည်။

စစ်ကူမလာကြခြင်းသည် ညအချိန်ဖြစ်နေသဖြင့် ကြားဖြတ်တိုက်ခိုက်ခံရမှာစိုးရိမ်ခြင်း ဖြစ်နိုင်သလို၊ စစ်ကောင်စီတပ်သားများအဖို့ မိမိစခန်းမကျရေး ဦးစားပေးခြင်းလည်း ဖြစ်နိုင်ကြောင်း PDF စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

စစ်ရေးလေ့လာသည့် မြန်မာသုတေသီအမျိုးသားတစ်ဦးကမူ စစ်ကောင်စီတပ်သည် နယ်မြေစိုးမိုးမှုရနိုင်ရန် ရန်ကုန်-မန္တလေး ကားလမ်းတစ်လျှောက် စခန်းအငယ်များ ဖြန့်ချထားရကြောင်းဆိုသည်။

PDF များသည် စစ်ကောင်စီ၏ စခန်းငယ်များကို တိုက်ခိုက်ခြင်းဖြင့် စစ်ကောင်စီအတွက် စခန်းငယ်များ မထားရဲရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

“စခန်းငယ်တွေ အတိုက်ခံရတာများလာရင် စစ်တပ်က စခန်းအငယ်တွေကို မထားရဲတော့ဘူး။ စခန်းအကြီးတွေပြန်စုရတော့မယ်။ အရင်က စခန်းငယ် ၂၀ ထားတဲ့နေရာမှာ စခန်းကြီး တခုပဲထားတဲ့အထိ ပြန်ဆုတ်ရတာပေါ့။ အဲဒီအခါ နယ်မြေထိန်းချုပ်နိုင်မှု လျော့ကျသွားတဲ့ ဟာကွက်ကြီးပေါ်လာတယ်” ဟု စစ်ရေးလေ့လာသည့် မြန်မာသုတေသီအမျိုးသားတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ စခန်းငယ်များအား စစ်ဆင်တိုက်ခိုက်ခြင်းကို မြန်မာနိုင်ငံတွင် စစ်တပ်အာဏာမသိမ်းမီကာလများက ရခိုင်ပြည်နယ်၌ အာရက္ခတပ်တော် (AA) ကလုပ်ဆောင်ခဲ့ဖူးကြောင်း ၎င်းကဆိုသည်။

ထိုစဉ်က AA ကို စစ်တပ်ကို မတိုက်ဝံ့ဘဲ ရဲတပ်ဖွဲ့ဝင်များကိုသာ တိုက်ခိုက်သူဟု စစ်တပ်ထောက်ခံသူများက Facebook လူမှုကွန်ရက်တွင် လှောင်ပြောင်ခဲ့ကြကြောင်း စစ်ရေးလေ့လာသည့် မြန်မာသုတေသီအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ပဲခူးတိုင်းအရှေ့ခြမ်းတွင် တိုက်ခိုက်ခံနေရသလို ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်တွင်လည်း ရန်ကုန်-ပြည်လမ်းပေါ်မှာပင် အဆင့်မြင့်အရာရှိ လေးဦးအား PDF များ၏ တိုက်ခိုက်မှု ခံထားရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဇွန်လ ၂၀ ရက်မှ စတင်ကာ အင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးမှုများလုပ်ဆောင်နေသည်။

စစ်ကောင်စီ၏ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဝင်အပါအဝင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုရဲမှူး နှင့် စစ်ဦးစီးပထမတန်းအရာရှိတို့ မင်းလှမြို့နယ်ထဲက စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်တွင် ဇွန် ၁၆ ရက်က PDF များ၏ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့်နောက် စစ်ကောင်စီဘက်က တုံ့ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ရန်ကုန်-ပြည်လမ်းမှ ပဲခူးရိုးမတောင်ခြေသို့ ဦးတည်၍ စစ်ကြောင်းထိုးနေပြီး ရွာရှစ်ရွာ ထက်မနည်းအား ဝင်ရောက်၍ အရပ်သားနေအိမ်များကို မီးရှို့ထားကြောင်း ပဲခူးတိုင်းအနောက်ခြမ်း ၊ သာယာဝတီခရိုင် အခြေစိုက် PDF သတင်းရင်းမြစ်များက ဆိုသည်။

ပဲခူးတိုင်းအတွင်း မကြာခဏတိုက်ခိုက်ခံရပြီး တိုက်ပွဲတွင် ထိခိုက်သေကြေမှုနှင့် စစ်သုံ့ပန်းများအဖမ်းခံရသည်အထိ အထိနာသည့် စစ်ကောင်စီတပ်အနေနှင့် အောင်ပွဲပြန်ရရန် စွမ်းဆောင်နိုင်ခြင်းရှိမရှိကိုမူ ဆက်လက်စောင့်ကြည့်ရဖွယ်ရှိနေကြောင်း စစ်ရေးလေ့လာသူအချို့က ပြောသည်။

Related Articles

Back to top button