သတင်း

လက်နက်ချစစ်သား လိုက်ရှာသည့် စစ်တပ်၏ပစ်ခတ်မှုကြောင့် ခင်ဦးမြို့ခံ၂ ဦး ဒဏ်ရာရ

စစ်ကြောင်းများ မကြာခဏဝင်ရောက်ဖျက်ဆီးလေ့ရှိသော ခင်ဦးနယ်တွင် တိုက်ပွဲများ ငြိမ်သက်နေရာ မြို့ပေါ် သုံးနေရာတွင် တပ်စွဲထားသော စစ်တပ်၏ ပစ်ခတ်မှုကြောင့် မြို့ခံနှစ်ဦး ဒဏ်ရာရသွားသည်။

မူးမြစ်အရှေ့ဘက်ကမ်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် စစ်သားတစ်ဦး ယမန်နေ့ (ဩဂုတ်လ ၂၅  ရက်နေ့) က တော်လှန်ရေးတပ်များထံ လက်နက်ချလာပြီးနောက် လိုက်လံရှာဖွေသည့် စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် မြို့ခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ခင်ဦးပြည်သူ့ဆေးရုံ၌ တပ်စွဲထားသည့် စစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦး ယမန်နေ့ညနေတွင် တော်လှန်ရေး တပ်များထံ ထွက်ပြေးသွားသဖြင့် ယင်းညမှာပင် ကားနှစ်စီး၊ အင်အားအလုံးအရင်းဖြင့် မြို့အနောက်ဘက် မြကန်သာရပ်ကွက်အတွင်း စစ်သားများက ဝင်ရောက်ရှာဖွေကြသည်။

ယင်းသို့ ဝင်ရောက်ရှာဖွေစဉ် လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်ကို ခြောက်လှန့်ပစ်ခတ်ရာ ၆၀ မမ စိန်ပြောင်းကျည်ဟု ယူဆရသည့် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် မြကန်သာရပ်ကွက်အတွင်းမှ အသက် ၇၀ ခန့် အဘိုးအိုတစ်ဦး၊ အသက် ၆၀ ခန့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ပေါ်တွင် လှုပ်ရှားသော တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့ဘက်က ပြေးလာတဲ့သူကို ရှာချင်လို့ ဝင်လာတာပါ၊ သူတို့ဝင်လာတော့ ကျွန်တော်တို့တိုက်ခိုက်မှာ ကို ကြောက်လို့ ခြောက်ပစ်တာ၊ အဲ့မှာ လက်နက်ကြီးကျည်က ကတ္တရာလမ်းပေါ်ကျကွဲပြီး လမ်းဘေးအိမ် ထဲက အရပ်သားနှစ်ဦး ထိသွားတာ၊ ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး”ဟု ဆိုသည်။

လက်နက်ကြီးအစများက အဘိုးအို၏ လက်ကိုထိမှန်ခဲ့ပြီး၊ အမျိုးသမီး၏ ဗိုက်နှင့် ပေါင်တို့တွင် ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တော်လှန်ရေးတပ်များထံ လက်နက်ချ ဘက်ပြောင်းလာသော စစ်သားနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို မသိရသေးပေ။ 

စစ်သားများ မြို့အနောက်ခြမ်း ဝင်ရောက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များလက်က ကြိုတင်ကင်းထောက် ခြင်းနှင့် ခံစစ်သာပြင်ထားခဲ့သည့်အတွက် ထိတွေ့တိုက်ပွဲမဖြစ်ပွားခဲ့သော်လည်း စစ်တပ်က မြကန်သာ ရပ်ကွက်အတွင်းမှ နေအိမ်နှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်။

“ကျွန်တော်တို့ဘက်ကတော့ ခံစစ်ပဲပြင်ထားခဲ့တော့ ထိတွေ့မှုကြီးကြီးမားမားမရှိခဲ့ပါဘူး။ ကျွန်တော်တို့ ကင်းတွေအထိလည်း ရောက်မလာဘူး၊ ဒါပေမဲ့ အဲ့ကောင်တွေက ပြည်သူ့နေအိမ်နှစ်လုံးကို မီးရှို့သွားတယ်”ဟု ခင်ဦးမြို့ပေါ်အခြေစိုက် အခြားတပ်ဖွဲ့ဝင်တစ်ဦးကလည်းပြောသည်။

ထို့နောက် ည ၈ နာရီခန့်အချိန်တွင် စစ်တပ်က မြို့ပေါ်ရဲစခန်းအပါအဝင် ၎င်းတို့အခြေချစခန်းသုံးနေရာ အတွင်း ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

ခင်ဦးမြို့ပေါ်တွင် စစ်တပ်က ပုဂ္ဂလိကဆေးဆိုင်ဖြစ်သော မင်းသိုက်ဆေးဆိုင်၊ ရဲစခန်းနှင့် ပြည်သူ့ဆေးရုံ တို့၌ စခန်းချနေရာယူထားပြီး မြို့ပေါ်ရပ်ကွက်များနှင့်ကျန်နေရာများကို တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားသည်။

ခင်ဦးမြို့အနီး တွေ့ရသည့် ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ- မိုးဦး)

စစ်သားများ စခန်းများအတွင်း ပြန်လည်ဝင်ရောက်သွားပြီးနောက် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ဒရုန်းတပ်ဖွဲ့က ရဲစခန်းနှင့် မင်းသိုက်ဆေးဆိုင်တို့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်သားများ အထိအခိုက်ရှိကြောင်းသိရပြီး ထိခိုက်ဒဏ်ရာရသူများကို ကားပေါ်သို့ တင်ကာ ဆေးကုသမှုပေးခဲ့ကြောင်း မြို့ခံတို့ထံက သိရသည်။

“မြို့ပေါ်မှာတော့ အဲ့ဒီ ဒရုန်းနဲ့ ချလို့ ဒဏ်ရာရသူတွေကို ဆေးကုတယ်လို့လည်းကြားတယ်၊ ကားတွေနဲ့ တင်ပြီးတော့ မန်ကျည်းတုံရွာဘက်ကို ပို့ပြီး သင်္ဂြိုဟ်တာ…ဆေးကုတာတွေလည်း လုပ်တယ်လို့ ကြားရတယ်။ အခုတော့ သူတို့စခန်းတွေနားက လမ်းတွေအကုန်ပိတ်ထားတယ်”ဟု ခင်ဦးမြို့ပေါ်မှ အမျိုးသမီးတစ်ဦးကလည်းပြောသည်။

ခင်ဦးမြို့နယ်တွင် မြို့အရှေ့ဘက် ၂ မိုင်ခန့်အကွာ မန်ကျည်းတုံရွာနှင့်မြို့နယ်အနောက်ဘက် ပျဉ်ထောင် ကျေးရွာတို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများ မြို့အနီးဝန်းကျင် အခြေချလှုပ်ရှားနေသည်။

ခင်ဦးမြို့ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှုများ ငြိမ်သက်နေပြီး၊ မြို့ပေါ်ရှိ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ များမှာလည်း တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန်စောင့်ကြည့်နေမှုများသာရှိသည်။

ခင်ဦးမြို့နယ်မြောက်ဘက် ကန့်ဘလူမြို့နယ်တွင် စစ်တပ်က အင်အား ၃၀၀ ကျော်ဖြင့် ရွှေဘို-မြစ်ကြီးနား ကားလမ်းတစ်လျောက် စစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးမှု ရယူနေသည်။

ခင်ဦးမြို့နယ်နှင့် ထိစပ်နေသော ကျီကျင်းနှင့် ရေကြည်ဦးကျေးရွာတို့အထိ စစ်တပ်က ရောက်ရှိ နေရာယူ ထားပြီး ခံစစ်ပြင်နေသည့် အခြေအနေများရှိနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

၂၀၂၃ ခုနှစ် မတ်လကုန်အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်းများအရ ခင်ဦးမြို့တွင် မြို့ပေါ် ငါးရပ်ကွက် ရှိကာ လူဦးရေ တစ်သောင်းကျော်နေထုင်သည်၊ ဆန်နှင့်ပဲမျိုးစုံစိုက်ပျိုးသောလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြသည်။

မြို့နယ်တောင်ဘက်တွင် ရွှေဘို၊ အနောက်ဘက်တွင် ရေဦး၊ မြောက်ဘက်တွင် ကန့်ဘလူနှင့် အရှေ့ဘက် တွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်းတို့နှင့် နယ်မြေထိစပ်နေကာ ယခင်က စစ်ကြောင်းများ မကြာခဏ ဝင်ရောက်လေ့ရှိသည်။

၂၀၂၃ ခုနှစ်အတွင်း စစ်ကြောင်းများကြောင့် ဒေသခံ နှစ်သောင်းကျော်ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အရပ်သားများ သတ်ဖြတ်ခံရသလို ရွာအများအပြား မီးရှို့ခံခဲ့ရသော မြို့နယ်လည်းဖြစ်သည်။ 

သို့ရာတွင် ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ တိုက်ပွဲများငြိမ်သက်သွားရာမှ ယခုနှစ် ဇူလိုင်လအတွင်း ပစ်ခတ်မှု များ၊ အရပ်သား သတ်ဖြတ်ခံရမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုလအတွင်း ပစ်ခတ်မှု ပေါ်ပေါက်လာသည်။ 

၂၀၂၃ ခုနှစ် ဩဂုတ်လက စစ်ရှောင်နေသော ခင်ဦးဒေသခံများ။ (ဓာတ်ပုံ -ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေး)

Related Articles

Back to top button