အတွေးအမြင်

“ဝ” ကို ထိန်းချုပ်ပြီး ရှမ်းမြောက် စစ်ရေးချိန်ခွင်လျှာညှိလာသော တရုတ်စွက်ဖက်မှု

စစ်ရေးအကူအညီ ဖြတ်တောက်ကြောင်း လူသိရှင်ကြား အသိပေးကြေညာခြင်းသည် ၎င်းတို့၏ပိုင်ဆိုင်မှုများ တရုတ်နိုင်ငံမှ ပြန်လည်ရရှိရေး အတွက် ကာလရှည်ကြာ စစ်ရေးနှင့်နိုင်ငံရေး ညီနောင်မဟာမိတ်များအဖြစ် လက်တွဲ ရပ်တည်ခဲ့သော ရပ်တည်ချက်ကို UWSA အလဲအလှယ်ပြုလုပ်လိုက်ပြီလားဟု မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။

မြန်မာ့နိုင်ငံရေးပြဿနာများထဲ တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်နေခဲ့သည်မှာ မသိမသာ အခြေအနေမှ ယခု အခါ သိသိသာသာ ပြောင်ပြောင်တင်းတင်း ဖြစ်လာနေပြီ ဖြစ်သည်။ သို့ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs) တွင် တရုတ်၏ စွက်ဖက်မှုများကို ပြတ်သားစွာ တုံ့ပြန်မည့် မူဝါဒတစ်ရပ် ရှိမနေခြင်းက အကြီးမားဆုံး စိန်ခေါ်ချက် ဖြစ်နေသည်။

တော်လှန်ရေးအင်အားစုများအကြား တရုတ်စွက်ဖက်မှုကြောင့် ရင်ဆိုင်နေရသော စိန်ခေါ်မှု မည်မျှ ကြီးမားနေသနည်းဆိုလျှင် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” မြန်မာပြည်သူများ ဆင်နွှဲနေသော နွေဦးတော်လှန်ရေး တစ်ခုလုံး ယခုအခါ ကြီးစွာသော အဟန့်အတားနှင့် ကြုံတွေ့နေရပြီး၊ ဟန့်တားတုံ့ပြန်နိုင်ခြင်း မရှိပါက တော်လှန်ရေးရည်မှန်းချက်များ ထိခိုက်ပျက်စီးသည်အထိ အန္တရာယ်ကြီးမားပါသည်။

နောက်ဆုံးထွက်ပေါ်လာသော တရုတ်အစိုးရ၏ ပြောင်ပြောင်တင်းတင်း စွက်ဖက်မှုမှာ မြန်မာ-တရုတ် နယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထဲ အင်အားအကြီးမားဆုံး “ဝ” ပြည် သွေးစည်းညီညွတ် ရေး တပ်မတော် (UWSA) ကို ဖိအားပေး ထိန်းချုပ်ခြင်းဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း၏ စစ်ရေးချိန်ခွင်လျှာကို အာဏာသိမ်းစစ်တပ်ဖက် အလေးသာစေရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

ဩဂုတ်လ၊ ၂၁ ရက်နေ့က ထွက်ပေါ်လာသော သတင်းများအရ UWSA ခေါင်းဆောင်များက တရုတ်ဖိအား ကြောင့် ၎င်းတို့နှင့် ကာလကြာရှည် နိုင်ငံရေးနှင့် စစ်ရေးမဟာမိတ် ညီနောင်များ ဖြစ်ကြသော ကိုးကန့် (MNDAA) ၊ တအာင်း (TNLA) နှင့် ရှမ်းပြည် တပ်မတော် (SSA-N) တပ်ဖွဲ့များကို စစ်ရေးနှင့် ငွေကြေးအကူအညီ ပေးခြင်း ရပ်တန့်လိုက်ပြီ ဟု သိရှိရသည်။ 

အစည်းအဝေးတွင်တွေ့ရသည့် “ဝ” ခေါင်းဆောင်များ

ဩဂုတ်လ၊ ၂၀ ရက်နေ့တွင် UWSA ခေါင်းဆောင်များသည် MNDAA ၊ TNLA နှင့် SSA-N တို့မှ အဆင့်မြင့် ခေါင်းဆောင်များကို UWSA ဌာနချုပ်သို့ ခေါ်ယူ၍ အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး၊ ထိုဆုံးဖြတ်ချက်အား အောက်ပါအတိုင်း အသိပေးခဲ့ကြောင်း Wa News Land  Facebook စာမျက်နှာတွင် ဖော်ပြထား သည်။

“ ‘ဝ’ ပြည်နယ်သည် မည်သည့်လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ သို့မဟုတ် မည်သည့်အဖွဲ့အစည်းကို မည်သည့်အကြောင်းပြချက်၊ အချိန်မရွေး မည်သည့်နေရာ၌ဖြစ်စေ ငွေကြေးအကူအညီ ပေးမည်မဟုတ်ပေ။ ဤဆုံးဖြတ်ချက်ကိုလည်း အများ ပြည်သူသို့ တရားဝင် ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်းများအနေဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေး အကူအညီများ သို့မဟုတ် အခြားထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် ဝ ပြည်နယ်ကို ထပ်မံနှောင့်ယှက်ခြင်းမှ ရှောင်ကြဉ်ရန် အဖွဲ့အစည်းများအား တိုက်တွန်းအပ်ပါသည်။” 

ဘေကျင်းရှိ တရုတ်အာဏာပိုင်များ၏ ပြင်းထန်သော ဖိအားပေးမှုအောက်တွင် ထိုဆုံးဖြတ်ချက်ကို ခက်ခဲစွာ ချခဲ့ရကြောင်း၊ “ဝ” ပြည်နယ်တွင်းရှိ အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ ပိုင်ဆိုင်သည့် အမေရိကန် ဒေါ်လာ ဘီလီယံပေါင်းများစွာကို တရုတ်အစိုးရက သိမ်းဆည်းထားကြောင်း၊ UWSA အနေဖြင့် လက်နက်ကိုင် ပဋိပက္ခထဲ ပါဝင်ပတ်သက်နေသော အဖွဲ့များကို လက်နက်ကိရိယာများ ဆက်လက် ထောက်ပံ့ပေးနေမည်ဆိုလျှင် ပိုမိုပြင်းထန်သော အရေးယူခြင်းခံရမည်ဟု ဖော်ပြပါရှိသည်။ 

အထက်ပါ အစည်းအဝေးကို ဦးဆောင်ကျင်းပသူမှာ UWSA ၏ ဒုတိယခေါင်းဆောင်နှင့် ပြည်ပဆက်ဆံရေး တာဝန်ခံဖြစ်ပြီး၊ တရုတ်အစိုးရခေါင်းဆောင်များနှင့် အဓိက ထိတွေ့ဆက်ဆံသူ ဖြစ်သော ကျောက်ကော်အမ်း (Zhao Gouan) ဖြစ်ပြီး၊ ၎င်း၏ ပြောဆိုချက်များကို Wa News Land ၏ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြချက် တွင် အသေးစိတ် ဖော်ပြထားသော်လည်း၊ မြန်မာဘာသာ ဖော်ပြချက်တွင်မူ မတွေ့ရှိရပေ။ WSTV တွင်လည်း တရုတ်ဘာသာဖြင့် ထိုသတင်းကို ထုတ်လွှင့်ခဲ့ကြောင်း တွေ့ရှိရသည်။

“အဆိုးရွားဆုံး အကျပ်အတည်း”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် လျှို့ဝှက်သိုသိပ်လွန်းလှပြီး၊ အထူးသဖြင့် အဖွဲ့တွင်း အရေးကြီး ကိစ္စရပ်များကို အများပြည်သူသို့ ထုတ်ပြန်အသိပေးသည့် သမိုင်းကြောင်း အလျဉ်းမရှိခဲ့ဖူးသော UWSA သည် တရုတ်နိုင်ငံ၏ ဖိအားများကြောင့် ဆယ်စုနှစ် လေး ခု အတွင်း ၎င်းတို့၏ “ရှင်သန်ရပ်တည်မှုဆိုင်ရာ အဆိုးရွားဆုံး အကျပ်အတည်း”နှင့် ရင်ဆိုင်နေရသည် ဟု ထုတ်ဖော်ပြောဆိုလာခြင်းက ထူးခြားသည်။  

Wa News Land သည် WSTV ကဲ့သို့ပင် UWSA ၏ သတင်းများကို ထုတ်လွှင့်နေသော မီဒီယာစာမျက်နှာ ဖြစ်ပြီး၊ ထိုအစည်းအဝေးသတင်းကို ဓာတ်ပုံမှတ်တမ်းများနှင့်တကွ အတွင်းကျကျ ဖော်ပြခဲ့ပုံကို ကြည့်ခြင်း အားဖြင့် UWSA ခေါင်းဆောင်များကိုယ်တိုင် စိစစ်ခွင့်ပြုမှ ထုတ်လွှင့်နိုင်သော သတင်းအမျိုးအစား ဖြစ်ကြောင်း ခန့်မှန်းနိုင်ပါသည်။ သို့သော် မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် သတင်းထုတ်ပြန်ပုံ မတူကွဲပြားမှုက လေ့လာသူများအတွက် မေးခွန်းထုတ်စရာများ ဖြစ်ပေါ်စေပါသည်။ 

အစည်းအဝေးတွင်တွေ့ရသည့် ကိုးကန့်နှင့် တအာင်းတပ်ဖွဲ့တို့၏ ခေါင်းဆောင်များ

စင်စစ် လွန်ခဲ့သောနှစ်၊ ယခုလို ဩဂုတ်လ၊ ၂၇ ရက်နေ့၌ ယူနန်ပြည်နယ်တောင်ပိုင်း၊ ဖူအာမြို့ (Pu’er City) တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း နှင့် UWSA ဒု-ဥက္ကဌ ကျောက်ကော်အမ်း ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံခဲ့ကြသည့် လျှို့ဝှက်အစည်းအဝေးမှတ်တမ်း အသေးစိတ် အချက်အလက်များကို Myanmar Now က ဦးစွာလက်ခံရရှိခဲ့ချိန်က၊ ပေါက်ကြားရိုးထုံးစံမရှိဖူးသော UWSA ၏ အလွန်အရေးကြီးသည့် လျှို့ဝှက်မှတ်တမ်း ပေါက်ကြားခဲ့ခြင်းကြောင့် အစစ်အမှန် ဟုတ်၊ မဟုတ် သတိထားစိစစ် ဖော်ပြခဲ့ရသည်။ 

ထိုအချိန်ကတည်းက တရုတ်အစိုးရသည် UWSA ကို အပြင်းအထန် ဖိအားပေးနေခဲ့သည့်အချက်အား လူသိရှင်ကြား သိရှိထားပြီး ဖြစ်သည်။ ယခုတစ်ဖန် တရုတ်ဖိအားကြောင့်ပင် တစ်နှစ်နီးပါးအကြာ ဩဂုတ်လ၊ ၂၀ ရက်နေ့တွင် ကျောက်ကော်အမ်းက လက်နက်နှင့် ငွေကြေးအကူအညီ မပေးတော့ဟု MNDAA ၊ TNLA နှင့် SSA-N ခေါင်းဆောင်များကို အသိပေးခဲ့ခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း ထိုသတင်းကို WSTV က ဖော်ပြပြီးမှ ပြန်လည် ဖြုတ်ချသွားသည်။ သို့သော် Wa News Land တွင်မူ ဖော်ပြထားသည်။ 

ထိုဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောဆိုလာခြင်း အပြုအမူ နောက်ကွယ်မှ ရည်ရွယ်ချက်ကို ဆန်းစစ်ရန် လိုအပ် ပါသည်။ အများဝေဖန်နေကြသလို တရုတ်ဖိအားကြောင့် ဆိုသည်က သိသာထင်ရှားသော အချက်ဖြစ်သည်။ သို့သော် အကူအညီပေးခဲ့ချိန်တုန်းက လူသိမခံနိုင်သော ထိပ်တန်းလျှို့ဝှက် စစ်ရေးကိစ္စရပ်ကို၊ အကူအညီ ပေးမှု ရပ်တန့်ချိန်မှ လူသိရှင်ကြား ကြေညာခဲ့သည် အပြုအမူက စိတ်ဝင်စားစရာ ဖြစ်နေပါသည်။ 

ဤတစ်ကြိမ် ကျောက်ကော်အမ်း ပြောကြားချက်များထဲမှ ထူးခြားသော အချက်အလက်အသစ်မှာ တရုတ် နိုင်ငံအတွင်းရှိ UWSA အဖွဲ့အစည်းနှင့် ခေါင်းဆောင်များ၏  ဒေါ်လာ ဘီလီယံနှင့်ချီ တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို တရုတ်အစိုးရ သိမ်းဆည်းထားသည့်အချက် ဖြစ်သည်။ 

ထိုပြောဆိုချက် မှန်ကန်ပါက တရုတ်၏ အသံတိတ် အနိုင်ကျင့်မှု (China’s silent bullying) ကို UWSA ခေါင်းဆောင်များ မခံနိုင်တော့သည့်အဆုံး ယခုလို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခြင်း ဖြစ်နိုင်ပါသည်။  

နောက်ဆက်တွဲ ဆင်ခြင်စရာ အကြောင်းရင်းတစ်ခုမှာ UWSA ခေါင်းဆောင်များသည် တရုတ်ခေါင်းဆောင်များ ခိုင်းသည့်အတိုင်း အစည်းအဝေးခေါ်ယူ၍ MNDAA ၊ TNLA နှင့် SSA-N တို့ကို စစ်ရေးအကူအညီ ဖြတ်တောက်ကြောင်း လူသိရှင်ကြား အသိပေးကြေညာခြင်းသည် ၎င်းတို့၏ပိုင်ဆိုင်မှုများ ပြန်လည်ရရှိရေး အတွက် ကာလရှည်ကြာ စစ်ရေးနှင့်နိုင်ငံရေး ညီနောင်မဟာမိတ်များအဖြစ် လက်တွဲ ရပ်တည်ခဲ့သော ရပ်တည်ချက်ကို UWSA အလဲအလှယ်ပြုလုပ်လိုက်ပြီလားဟု မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။  

တရုတ်နယ်စပ် ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့တွင် ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စစ်ရေးပြအခမ်းအနား။ (ဓာတ်ပုံ-EPA)
တရုတ်နယ်စပ် ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့တွင် ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စစ်ရေးပြအခမ်းအနား။ (ဓာတ်ပုံ-EPA)

UWSA ၏ ကြွယ်ဝချမ်းသာမှု

တရုတ်အစိုးရ သိမ်းဆည်းလိုက်သည့် တရုတ်နိုင်ငံအတွင်းရှိ UWSA ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်း၏ တန်ဖိုး ပမာဏပင် အမေရိကန်ဒေါ်လာ ဘီလီယံချီ ရှိနေလျှင် “ဝ” ခေါင်းဆောင်များ၏ လက်ထဲတွင်ရှိသော ကြွယ်ဝ ချမ်းသာမှုပမာဏမှာလည်း အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိနိုင်မည် ဖြစ်သည်။ 

UWSA ၏ ချမ်းသာကြွယ်ဝမှုသည် နိုင်ငံတစ်ခု၏ချမ်းသာကြွယ်ဝမှုအဖြစ် တိုင်းတာဖော်ပြလေ့ရှိသော နိုင်ငံခြား အရန်ငွေကြေး (Foreign Reserve Fund) အမေရိကန်ဒေါ်လာ ဘီလီယံ ဆယ်ဂဏန်း အောက်မှာသာ ရှိသည့် မြန်မာတစ်နိုင်ငံလုံး၏ ချမ်းသာကြွယ်ဝမှုထက်ပင် ပို၍များပြားသော ပမာဏဟု ဆိုနိုင်ပါသည်။ ယင်းသည် UWSA ၏ ငွေကြေးပိုင်ဆိုင်မှုပမာဏကို ပထမဆုံး သိရှိရသော အချက်အလက်ဟု ဆိုနိုင်ပါသည်။ 

၁၉၈၉ ခုနှစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲမှုနှင့်အတူ ပေါ်ပေါက်လာသော “ဝ” လက်နက်ကိုင်တပ်ဖွဲ့ UWSA သည် လွန်ခဲ့သော ၃၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ကြွယ်ဝချမ်းသာ လာခြင်း ဖြစ် သည်။ သို့ဆိုလျှင် မည်သည့်စီးပွားရေးလုပ်ငန်းများကြောင့် UWSA ခေါင်းဆောင်များ ထိုမျှ ချမ်းသာကြွယ်ဝခဲ့ကြသနည်း။  

ထိုမေးခွန်းနှင့်ပတ်သက်၍ တရားဝင်စီးပွားရေးဆိုင်ရာ တိကျသေချာသော သတင်းအချက်အလက် များများ စားစား ရှိမနေပါ။ “ဝ” ပြည်နယ်မှ ပမာဏ ကြီးကြီးမားမားဖြင့် ထုတ်လုပ်နေသည့် အဓိက သယံဇာတရင်းမြစ် မှာ ကြီးမားသော သံဖြူသတ္တုသိုက်ကြီး ရှိပြီး၊ ကမ္ဘာ့သံဖြူဈေးကွက်၏ ရာခိုင်နှုန်းအတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနေသော်လည်း၊ သံဖြူကို ကုန်ကြမ်းအဆင့်သာ ထုတ်လုပ်ပြီး တရုတ်နိုင်ငံကို နယ်စပ်မှ တင်ပို့ ရောင်းချနေခြင်းဖြစ်၍ ဆယ်စုနှစ် သုံး ခု အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ချမ်းသာနိုင် သော စီးပွားရေး မဟုတ်ပါ။ 

ထို့အပြင် တရုတ်နိုင်ငံထုတ် ခေတ်မီလက်နက်များကို ကုန်ကျစရိတ်အလွန်များပြားစွာ ဝယ်ယူတပ်ဆင်ထား နိုင်သည့် အင်အားအတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို ပိုင်ဆိုင်ထားသည့် UWSA ၏ အလျင်အမြန် ချမ်းသာကြွယ်ဝလာမှုမှာ သာမန် သယံဇာတ တူးဖော်ထုတ်လုပ်ရောင်းချသည့် စီးပွားရေးတစ်ခု တည်းကြောင့် မဖြစ်နိုင်ပါ။ “ဝ” ဒေသတွင် စက်မှုဖွံ့ဖြိုးတိုးတက်သည့် အထောက်အထားလည်း မတွေ့ရှိရပါ။ 

ယနေ့အချိန်ထိ အမေရိကန် အစိုးရနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့၏ မှတ်တမ်းများအရ UWSA သည် ဘိန်းဖြူ နှင့် မက်သမ်ဖတမင်း ခေါ် ရာဘ စိတ်ကြွဆေးများ ထုတ်လုပ်ဖြန့်ဖြူးသည့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရာဇဝင်နောက်ခံရှိထားသော အဖွဲ့အစည်းအဖြစ် လူသိများသည်။ 

တရုတ်အစိုးရ သိမ်းဆည်းထားသော UWSA ပိုင်ဆိုင်မှုများ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၂၃ ရက်နေ့ (၁၀၂၇ စစ်ဆင်ရေး မစတင်မီ လေးရက်အလို) တွင် တရုတ်သတင်း ဌာနတစ်ခုဖြစ်သော Phoenix News Media သတင်းထောက်နှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန် တို့၏ အင်တာဗျူးကို စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင် အောက်တိုဘာလ၊ ၃၀ ရက်နေ့က ဖော်ပြခဲ့သည်။

အင်တာဗျူးတွင် Phoenix သတင်းထောက်သည် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်များပြဿနာကို အဓိကထား မေးမြန်းခဲ့ပြီး၊ ထိုလုပ်ငန်းများတွင် စစ်ကောင်စီ ပါဝင်ပတ်သက်ခြင်းရှိ မရှိနှင့် လိမ်လည်ထားသော ငွေများ ဘယ်ရောက်သွားသလဲ ဟု ပြောင်ပြောင်တင်းတင်း မေးမြန်းခဲ့သည်။ အစဉ်အလာအရ စစ်ဗိုလ်ချုပ်များသည် နိုင်ငံခြားသတင်းထောက်တစ်ဦးကို အင်တာဗျူးလက်ခံရာတွင် မေးခွန်းများကို ကြိုတင်ပေးပို့ထားရစမြဲဖြစ်၍ ထိုကဲ့သို့ မေးခွန်းမျိုးကို မေးခွင့်ပင်ရလိမ့်မည် မဟုတ်ပါ။ 

သို့သော် ထိုမေးခွန်းကို Phoenix သတင်းထောက်သည် မေးခွင့်ရရုံမျှမက စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာမှ တစ်ဆင့် နိုင်ငံသိ၊ ကမ္ဘာသိ ထည့်သွင်းဖော်ပြခဲ့ရာတွင် ဇော်မင်းထွန်း က UWSA နှင့် မိုင်းလား (NDAA) တို့ကို ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ဆောင်နေသည်ဟု အဓိကရည်ရွယ် ထိုးနှက်တိုက်ခိုက် ထားခြင်းအား တွေ့ရှိရသည်။    

အွန်လိုင်းငွေလိမ်ဂိုဏ်းဝင်ဟု သံသယရှိသူများကို စစ်ကောင်စီက ရန်ကုန်လေဆိပ်မှတစ်ဆင့် တရုတ်ရဲထံ ၂၀၂၃ သြဂုတ်လအတွင်းက အပ်နှံခဲ့သည်။ (ဓာတ်ပုံ – တရုတ်သံရုံး/ရန်ကုန်)

Phoenix သတင်းထောက်က ကျားဖြန့်အွန်လိုင်းငွေလိမ်မှု ကျူးလွန်သည့် အမှုအများစုသည် ဖူအာမြို့ (Pu’er City) မှဖြစ်ပြီး ဖမ်းဆီးရရှိမှုအရေအတွက်မှာ ၂,၃၀၀ ကျော်ပြီး၊ စစ်ကောင်စီ ပါဝင်ပတ်သက်ခဲ့သလား ဟု နှစ် ကြိမ်တိတိ မေးမြန်းခံခဲ့ရသော ဇော်မင်းထွန်းက တရုတ်အစိုးရကို တည့်တည့်တိုက်ခိုက်လိုက်ရုံမျှမက၊ တရုတ် နှင့် အမေရိကန်ကိုပါ ရန်တိုက်ပေးသော အောက်ပါ ဖြေကြားချက်ကို သတင်းစာထဲ ဖော်ပြခဲ့သည်။ 

“ ‘ဝ’ နဲ့ မိုင်းလားခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုက မြန်မာဘက်မှာ မရှိဘူး။ တရုတ်ဘက်မှာပဲ ရှိတယ်။ ဒါကို တရုတ်ပြည်သူတွေကိုလည်း သိစေချင်ပါတယ်။ အဖြစ်မှန်က ခင်ဗျားပြောတဲ့ Online လောင်းကစားက ရတဲ့ ငွေ ဘယ်ရောက်လဲဆိုတာက သူတို့လက်ထဲမှာပဲ ရှိနိုင်ပါတယ်။ ‘ဝ’ ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုကို တရုတ် နိုင်ငံ ဖူအာမြို့မှာရှိတဲ့ ပြည်သူတွေကို မေးကြည့်ရင် သိပါတယ်။ ဒါကြောင့် ‘ဝ’ တွေကို တရုတ်အစိုးရက ပံ့ပိုး ပေးထားတယ်။ ဘိန်းစိုက်တယ်လို့ အမေရိကန်က စွပ်စွဲတာပဲ ဖြစ်တယ်။ အဲ့ဒီနယ်ထဲမှာ (တစ်) ဘိန်းဖြူ၊ (နှစ်) WY ဆေးပြား၊ (သုံး) အွန်လိုင်းလိမ်လည်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဘာလို့ သမိုင်းကြောင်းကို ပြန်ပြောလည်းဆိုရင် တရုတ်နိုင်ငံသူ နိုင်ငံသားတွေသိဖို့ လိုအပ်လို့ပါ။” 

ဇော်မင်းထွန်း၏ ထိုးနှက်ချက်က တရုတ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များအထိ ရောက်ရှိခဲ့ပုံရပြီး၊ ယခု နောက်ဆုံး UWAS ဒု-ဥက္ကဌ ကျောက်ကော်အမ်း၏ ထုတ်ဖော်ဝန်ခံချက်အရ တရုတ်အစိုးရ သိမ်းဆည်း ထားသော တရုတ်နိုင်ငံအတွင်းရှိ အမေရိကန်ဒေါ်လာ ဘီလီယံနှင်ချီသော UWSA ၏ ပိုင်ဆိုင်မှုများသည် ကျားဖြန့်ဂိုဏ်းများထံ ဆုံးရှုံးခဲ့သော တရုတ်နိုင်ငံပိုင်ငွေကြေးများဟု ယူဆပြီး သိမ်းဆည်းခဲ့ခြင်းလား စဉ်းစားစရာ ဖြစ်လာပါ သည်။   

ဇော်မင်းထွန်းအင်တာဗျူး ဖြေဆိုပြီး ရက်ပိုင်းအတွင်း ညီနောင်မဟာမိတ် သုံး ဖွဲ့ဖြစ်သော MNDAA ၊ TNLA နှင့် အာရက္ခတပ်တော် (AA) တို့သည် ကျားဖြန့်နှိမ်နှင်းရေးရည်ရွယ်ချက် ပါဝင်သော “၁၀၂၇ စစ်ဆင်ရေး” ကို ကြေညာ၍ “ဝ” နှင့် ကိုးကန့်နယ်စပ်မြို့၊ ချင်းရွှေဟော်ကို ဆက်သွယ်ထားသော နမ့်တစ် ညီနောင်တံတားကို ဖြတ်ပြီး ချင်းရွှေဟော်မြို့ကို စတင်တိုက်ခိုက်သိမ်းပိုက်ရာမှ ကိုးကန့်ဒေသတစ်ခုလုံးသာမက ရှမ်းပြည်နယ် မြောက်ပိုင်းမြို့တော်၊ လားရှိုးအပါအဝင် ရှမ်းမြောက်တစ်ခွင်လုံးနီးပါးကို ၁၀ လအတွင်း သိမ်းပိုက်ခဲ့သည်။ ထို စစ်ဆင်ရေးကို စစ်ကောင်စီက UWSA ကူညီပေးခဲ့သည် ဟု အကြိမ်ကြိမ် လက်ညှိုးထိုးပြစ်တင်လျက်ရှိသည်။ 

တစ်ချိန်တည်းမှာပင် UWSA ၏ မျိုးဆက်သစ်ခေါင်းဆောင်၊ ဒုတိယ စစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်း (ခေါ်) အာချန်ကို တရုတ် အစိုးရအာဏာပိုင်များက “၁၀၂၇ စစ်ဆင်ရေး” စတင်သည် အောက်တိုဘာလထဲမှာပင် ကျားဖြန့်ဂိုဏ်း များနှင့် ဆက်နွယ်မှုဖြင့် တရုတ်နိုင်ငံထဲတွင် ဖမ်းဆီးလိုက်သည်။ UWSA ခေါင်းဆောင်များ သည် “ဝ” ဒေသ အတွင်း ရောက်ရှိနေသော ကျားဖြန့်ဂိုဏ်းများကို တရုတ်အစိုးရ အလိုကျ တက်တက်ကြွကြွ ဖမ်းဆီးနှိမ်နှင်း၍ ထောင်နှင့်ချီသော တရုတ်လူမျိုး ကျားဖြန့်ဂိုဏ်းဝင်များကို တရုတ်အာဏာပိုင်များလက်ထဲ အပ်နှံခဲ့သည်။ 

ထို့ကြောင့် UWSA ခေါင်းဆောင်အချို့ ကျားဖြန့်ဂိုဏ်းများနှင့် ပတ်သက်ဆက်နွယ်နေမှုများ ရှိခဲ့သော်လည်း၊ ရှမ်းမြောက်ဒေသတစ်ခုလုံးတွင် စစ်လက်နက်အင်အား အတောင့်တင်းဆုံး စစ်တပ်တစ်ခုကို ပိုင်ဆိုင်ထား သော UWSA ကို ကိုင်တွယ်ရာတွင် တရုတ်အစိုးရသည် MNDAA နှင့် TNLA တို့ကို ကိုင်တွယ်သကဲ့သို့ မပြင်းထန်ဘဲ ဒေသတွင်းတည်ငြိမ်ရေးအတွက် UWSA ကို ချိန်ခွင်လျှာအဖြစ် အသုံးပြုရန်နှင့် တစ်ပြိုင်နက် တည်းတွင် ၎င်းတို့၏ ဩဇာအောက်၌ မဟာဗျူဟာကျကျ သွတ်သွင်းထိန်းချုပ်ကစားနေသည်ဟု လေ့လာသုံးသပ်တွေ့ရှိရသည်။  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၂၄ သြဂုတ် ၁၆ ရက်နေ့က လာအို၊ ထိုင်းနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးများနှင့် အလွတ်သဘောဆွေးနွေးတွင် ယင်းကဲ့သို့မှတ်ချက်ပေးခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်

အရိပ်မဲများ

မဝေးလှသေးသော အတိတ်သမိုင်းကို ပြန်လည်တူးဆွကြည့်မည်ဆိုလျှင် ၁၉၈၉ ခုနှစ်၊ ဗမာပြည်ကွန်မြူနစ် ပါတီ ပြိုကွဲမှုနှင့်အတူ ဖြစ်တည်လာသော UWSA သည် ယခုအခါ သက်တမ်းအားဖြင့် ၃၆ နှစ်ရှိပြီ ဖြစ်သည်။ မြန်မာပြည်အရှေ့ဖျား ဝေးလံခေါင်ဖျားပြီး ဖွံ့ဖြိုးမှုနတ္ထိ ဒေသတစ်ခုကို  ဖွံ့ဖြိုးမှု ဖြစ်ထွန်းလာရန် ဦးဆောင်နိုင် ခဲ့သော “ဝ” ခေါင်းဆောင်များ၏ စွမ်းဆောင်ရည်ကို သာမန်ကြည့်လျှင် အလွန်ချီးကျူးထိုက်ပေသည်။ 

သို့သော် တရုတ်နိုင်ငံ ဖူအာမြို့၏ အနောက်ဖက်တည့်တည့် မျဉ်းတပြေးတည်းနီးပါးတွင် တည်ရှိသော မြန်မာ နယ်စပ်ရှိ UWSA ဌာနချုပ် ပန်ခမ်းမြို့၏ လျှင်မြန်သော မြို့ပြဖွံ့ဖြိုးမှုနောက်ကွယ်တွင် အရိပ်မဲထိုးနေသည်က ရာဇဝတ်စီးပွားရေး (Criminal Economy) ဖြစ်ပြီး၊ ထိုအရိပ်မဲအောက်မှ “ဝ” ခေါင်းဆောင်များ မလွတ်မြောက်နိုင်ပါ။

စင်စစ် ၁၉၉၀ ပြည့်နှစ်အလယ်ပိုင်းတွင် “ဝ” ဒေသ၌ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး စီမံကိန်းများကို အမေရိကန်၊ တရုတ်၊ ဂျပန် အလှူရှင်နိုင်ငံ ငွေကြေးထည့်ဝင်မှုဖြင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့၏ အစီအစဉ်ဖြင့် “ဝ” ခေါင်းဆောင်များ စတင်လက်ခံ ဆောင်ရွက်ခဲ့ဖူးသည်။ 

ဆယ်စုနှစ်တစ်ခုအကြာ ၂၀၀၅ ခုနှစ်၊ ဇွန်လတွင် UWSA ခေါင်းဆောင်များသည် “ဝ” ပြည်နယ်ကို ဘိန်းစိုက်ပျိုး မှု လုံးဝကင်းစင်သော နယ်မြေအဖြစ် ကြေညာခဲ့သည်။ သို့သော် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် WikiLeaks သို့ ပေါက်ကြားလာသော အီးလ်မေးတစ်စောင်တွင် WFP ၏ စီစဉ်မှုဖြင့် ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးအပါအဝင် သံတမန် ၁၅ ဦးပါဝင်သောအဖွဲ့သည် ထိုနှစ် ဒီဇင်ဘာလ၊ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ UWSA ဌာနချုပ် ပန်ခမ်းမြို့သို့ သွားရောက်ပြီး၊ “ဝ” ပြည်နယ် ၏ ဘိန်းစိုက်ပျိုးမှု ကင်းစင်ရေးနှင့် ဘိန်းအစား ထိုးသီးနှံဖြစ်သော ရာဘာနှင့် လက်ဖက် စိုက်ပျိုးရေး စီမံကိန်းများ အခြေအနေများနှင့်စပ်လျဥ်း၍ “ဝ” ခေါင်းဆောင်များ၏ ရှင်းလင်းတင်ပြချက်ကို လေ့လာခဲ့ကြသည်။   

စင်စစ် ထိုနှစ် ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ အရှေ့ပိုင်းခရိုင် ရှေ့နေချုပ်ရုံးက UWSA ခေါင်းဆောင် ပေါက်ယူချန်း အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင် ခုနစ် ဦးကို ဘိန်းဖြူနှင့် မက်သမ်ဖတမင်း မူးယစ် ဆေးဝါးများကို ပိုင်ဆိုင်၊ ထုတ်လုပ်၊ ဖြန့်ဖြူးမှုတို့ဖြင့် တရားစွဲခဲ့ပြီး၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) မှတစ်ဆင့် “ဝ” ဒေသတွင်း ဘိန်းအစားထိုးသီးနှံ စီမံကိန်းအတွက် ပံ့ပိုးကူညီနေသော အထောက်အပံ့များအားလုံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။  

အဆိုပါ သံတမန်အဖွဲ့၏ ခရီးစဉ်အတွင်း UWSA ခေါင်းဆောင်များက အမေရိကန်၏ တရားစွဲမှုကို ရုပ်သိမ်း ပေးရန်နှင့် UNODC မှ တစ်ဆင့် အကူအညီများ ဆက်လက်ပေးရန် တောင်းဆိုခဲ့သည်။ သံတမန်အဖွဲ့သည် “ဝ” ဒေသတွင် ရာဘာနှင့် လက်ဖက် စိုက်ပျိုးရေးစီမံကိန်းများ အောင်မြင်နေသည့်အဖြစ် မတွေ့မြင်ခဲ့ ရကြောင်း၊ UWSA ခေါင်းဆောင်များ ချမ်းသာကြွယ်ဝပြီး၊ သာမန် “ဝ” ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုနှင့် ဝင်ငွေရရှိနိုင်သော အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရကြောင်း WikiLeaks အီးလ်မေးတွင် ဖော်ပြထားသည်။ ခြုံ၍ကြည့်လျှင် “ဝ” ခေါင်းဆောင်များသည် အဆိုပါ စီမံကိန်းကို ရုပ်ပြသဘော လုပ်ဆောင်နေမှန်း သံတမန်များ အကဲဖြတ်ခဲ့ပုံရသည်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာမသိမ်းမီကတည်းက မြန်မာ-ထိုင်း နယ်စပ် UWSA ထိန်းချုပ်နယ်မြေမှ အိမ်နီးချင်း ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်များထဲသို့ နယ်စပ်ဖြတ်ကျော် မက်သမ်ဖတမင်း မူးယစ်ဆေးဝါး မှောင်ခို တင်သွင်းမှုများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန် မြင့်တက်လာပြီး၊ ထိုင်းအာဏာပိုင်များက ထိုမူးယစ်ဆေးဝါးများကို UWSA က ထုတ်လုပ်ဖြန့်ဖြူးနေကြောင်း အခိုင်အမာ စွပ်စွဲပြောဆိုလာသည်။

သို့ရာတွင် UWSA ခေါင်းဆောင်များက မက်သမ်ဖတမင်း မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေသည့် စွပ်စွဲချက် ကို အမြဲတစေ ငြင်းဆိုလျက်ရှိပြီး၊ “ဝ” ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအမှုများကို သေဒဏ်ပေးသည် အထိ ပြင်းပြင်းထန်ထန် အရေးယူမှု ပြုလုပ်ပြလျက်ရှိသည်။ ထိုကဲ့သို့ ဆန့်ကျင်ဘက် အခြေအနေများ ယှဉ်တွဲဖြစ်ပေါ်နေသော အခြေအနေတွင်၊ “ဝ” ဒေသ၏ ပကတိအရှိတရားကို ပြင်ပကမ္ဘာမှ လွတ်လပ်သော လေ့လာစုံးစမ်းမှုများ ပြုလုပ်ရန် ခက်ခဲသည်။ 

ထို့ကြောင့် “ဝ” ခေါင်းဆောင်များသည် ရာဇဝတ်စီးပွားရေးအရိပ်မဲမှ အမှန်တကယ် လွတ်မြောက်ချင်ကြသူ များလား၊ သို့တည်းမဟုတ် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးကဲ့သို့ လှုပ်ရှားမှုများကို အကာအကွယ်ယူ၍ နိုင်ငံတကာအား လှည့်စားပြီး ရာဇဝတ်စီးပွားရေးကို တိုးချဲ့လုပ်ကိုင်နေကြသူများလား။ ၎င်းတို့ကိုယ်တိုင်ပင် သိပါလိမ့်မည်။

၂၀၁၇ ဇွန်လက ထိုင်းမြန်မာနယ်စပ်တွင် တွေ့ရသော UWSA တပ်သားများ။ (ဓာတ်ပုံ – AFP)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဂယက်နှင့် UWSA 

“ဝ” ခေါင်းဆောင်များ၏ အတိတ်ကအရိပ်မဲများနှင့် အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ရလျင် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ စစ်အာဏာရှင်စနစ် ဆန်ကျင့်မှုများ ဖြစ်ပွားပြီး၊ စစ်တပ်၏ အာဏာစက် သိသိသာသာ ကျဆင်းလာခြင်းက UWSA ခေါင်းဆောင်များအတွက် အခွင့်အလမ်းကောင်းများစွာ လမ်းဖွင့်ပေးသကဲ့သို့ ရှိခဲ့ပါလိမ့်မည်။ 

အဆိုပါ အခွင့်အလမ်းများမှာ ရာဇဝတ်စီးပွားရေး လွတ်လပ်စွာ ကြီးထွားနိုင်သော ရေခံမြေခံများ ပေါ်ပေါက် လာခြင်း ဖြစ်ပြီး၊ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှ တရုတ်-မြန်မာ နယ်စပ်ဒေသတစ်လျှောက် “ဝ” နှင့် ကိုးကန့်ဒေသများသို့ ဝင်ရောက်ခြေချလှုပ်ရှားလာနိုင်ခြင်းဖြစ်သည်။

သို့သော် ပါးနပ်သိုသိပ်စွာ နေထိုင်တတ်သော “ဝ” ခေါင်းဆောင်များသည် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ် လာသော လက်နက်ကိုင်တိုက်ပွဲများတွင် မည်သည်ဘက်ကမျှ မပါသော “ကြားနေမူဝါဒ” ကျင့်သုံးသည်ဟု လူသိရှင်ကြား အကြိမ်ကြိမ် ပြောဆိုခဲ့ကြသည်။ သို့သော် တစ်ဖက်တွင် UWSA သည် ပြည်တွင်းလက်နက် ဈေးကွက်ကို ထိန်းချုပ်ထားသော တစ်ခုတည်းသော လက်နက်အရောင်းအဝယ်ပြုလုပ်နိုင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ 

အကြောင်းမှာ တရုတ်ပြည်သူတပ်မတော် (PLA) ၏ ဆိုဗီယက် ပြည်ထောင်စုဟောင်းခေတ်က ခေတ်မမီတော့ သော AK-47 မော်ဒယ်အဟောင်းများ ထုတ်လုပ်သည့် စက်ကိရိယာများနှင့် ပညာရှင်များဖြင့် UWSA နယ်မြေ တွင် လက်နက်စက်ရုံတည်ဆောက်ထုတ်လုပ်နေသည် ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်မှာ နှစ်ကာလတစ်ခု ကြာပြီဖြစ်သည်။  

ထိုအချက်ကပင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသော တော်လှန်ရေးအင်အားစုများအတွက် လက်နက်နှင့်ခဲယမ်းများကို အဆင့်ဆင့်သော ကြားပွဲစားများမှတစ်ဆင့် ရောင်းချပေးနေသော ပင်မရင်းမြစ်မှာ UWSA ဖြစ်လာသည်။ ထို့ကြောင့် ကျောက်ကော်အမ်းက MNDAA ၊ TNLA နှင့် SSA-N တို့ကို လက်နက်နှင့် ငွေကြေး အကူအညီများ ရပ်တန့်သည့် ဆုံးဖြတ်ချက်ကို ခေါ်ယူအသိပေးခြင်း၏ အဓိပ္ပါယ်မှာ လက်နက် ခဲယမ်း မရောင်းတော့ဘူးဟု ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။  

တရုတ်-မြန်မာနယ်စပ်မှ စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” က ရှမ်းမြောက်၏ မထင်မှတ်သော စစ်ရေးနှင့် နိုင်ငံရေးချိန်ခွင်လျှာအပြောင်းအလဲ ဖြစ်ပေါ်လာပြီး၊ တရုတ်အစိုးရခေါင်းဆောင်များကို အငိုက်မိသွားခဲ့သည်။ ၁၉၈၉ ခုနှစ်ကတည်းက စတင်ခဲ့ပြီး “၁၀၂၇ စစ်ဆင်ရေး” မတိုင်မီအထိ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ကုန်သွယ်နေသော ရွှေလီ-မူဆယ်-မန္တလေး ကုန်သွယ်လမ်းကြောင်းတစ်ခုလုံး ပိတ်ဆို့သွားပြီး၊ တရုတ်အကျိုးစီးပွား အကြီးအကျယ် ထိခိုက်ခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်သည်။ 

ယခုအခါ တရုတ်အစိုးရသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် အာဏာသိမ်းစစ်တပ်ဖက် အင်အားချိန်ခွင် လျှာ အလေးသာစေရန် ကြိုးပမ်းနေပြီ ဖြစ်သည်။ သို့သော် “၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အလွန်ခက်ခဲမှန်းလည်း သိနေပါလိမ့်မည်။

အကယ်၍ “ဝ” ခေါင်းဆောင် ကျောက်ကော်အမ်း ပြောခဲ့သည့် ၎င်းတို့၏ “ရှင်သန်ရပ်တည်မှုဆိုင်ရာ အဆိုးရွားဆုံး အကျပ်အတည်း” ဆိုသည့် သတင်းစကားအဓိပ္ပာယ် ချိန်ဆကြည့်လျှင် တစ်ချိန်က ဗမာပြည်ကွန်မြူနစ် ပါတီကို တရုတ်အစိုးရ ကျောခိုင်းခဲ့သလိုမျိုး၊ အလားတူ ကံကြမ္မာနှင့် UWSA ခေါင်းဆောင်များ ရင်ဆိုင်နေရပြီလား၊ တွေးဆစရာ ရှိနေပါသည်။ UWSA ခေါင်းဆောင်များအတွက် ထိုဖြစ်ရပ်သည် မမေ့နိုင်သော အတိတ်သမိုင်း မဟုတ်ပါလား။

သို့ဆိုလျှင် UWSA ခေါင်းဆောင်များသည် ၎င်းတို့၏ ရှင်သန်ရပ်တည်မှုအတွက် တရုတ်အပေါ် သစ္စာခံမည်လား၊ တိုင်းရင်းသားအချင်းချင်း ကျောချင်းကပ် စည်းလုံး၍ စစ်အာဏာရှင်ကို ရင်ဆိုင်ပြီး၊ ပြည်သူများ၏ ထောက်ခံမှု ဖြင့် “ဝ” ဒေသ၏ အတိတ်သမိုင်းအရိပ်မဲအောက်မှ လွတ်မြောက်ရန် ကြိုးပမ်းမည်လား၊ ၎င်းတို့ကိုယ်တိုင် ရွေးချယ်ရပေလိမ့်မည် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။  

ဆက်စပ်ဖတ်ရှု့သင့်သော ဆောင်းပါးများ   

Related Articles

Back to top button