သတင်း

ကနီမြို့နယ် ပသုံးလုံးတာဝန်ခံများ အခွန်ကိစ္စကြောင့် ဖမ်းဆီးခံရ

ပသုံးလုံး တာဝန်ခံများ အပါအဝင် ၁၃ ဦးကို ဒေသတွင်း ကောက်ခံနေသော အခွန်ဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ပသုံးလုံး တာဝန်ခံများ အပါအဝင် ၁၃ ဦးကို အခွန်ကောက် ခံသည့်ကိစ္စ များနှင့်ပတ်သက်၍  စစ်ဆေးရန် မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ပူးပေါင်းတပ်ဖြစ်သည့် 9+ အဖွဲ့က ယမန်နေ့ (ဩဂုတ်လ ၂၄ ရက်နေ့) ညနေတွင်  ဖမ်းဆီးထိန်းသိမ်းလိုက် ကြောင်း သိရသည်။ 

ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ဦးအောင်မျိုးမင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ဦးဝေဖြိုးသန့်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ခံ ဦးစိုးမင်း၊ မြို့နယ် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့တာဝန်ခံ ဦးနိုင်မျိုးဝင်း၊ တိုက်နယ် (၄) ပကဖ တာဝန်ခံ ဦးခင်မောင်မျိုး၊ တိုက်နယ် ၂ ပကဖ တာဝန်ခံ ဦးလှိုင်ဝင်းတို့ အပါဝင် ၁၃ ဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။ 

ထိုသူများကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)  ညွှန်ကြားချက်ဖြင့် ကနီမြို့နယ်အခြေစိုက် PDF တပ်ရင်း ကိုးခု ပေါင်းပြီးဖွဲ့စည်းထားသည့်  9+ အဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများထံက သိရသည်။ 

ကြားကာလ ဒေသန္တရ အုပ်ချုပ်မှု ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အရ ကနီမြို့နယ် ပအဖအပါအဝင် သယံဇာတကော်မတီအဖွဲ့ဝင်များကို စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က အတည်ပြုသည်။ 

“အဓိက ကတော့ သယံဇာတ စီမံအုပ်ချုပ်တဲ့နေရာ အစိုးရလမ်းညွန်မှုအတိုင်း မလိုက်နာလို့ပါ။မူဝါဒ နဲ့ ဆန့်ကျင်တယ်ပေါ့။ လမ်းအခွန်ကိစ္စတွေပါ။ စာရင်းမတင်ပြတာတွေ”ဟု ဒေါက်တာတူးခေါင်က Myanmar Now ကို ပြောသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုင်ကြားမှုများ လက်ခံရရှိခဲ့သဖြင့်  စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ကနီမြို့နယ် ပအဖ တာဝန်ခံ အပါအဝင် ၁၃ ဦးကို ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုကော်မတီ အမိန့်နှင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

“အသေးစိတ်စစ်ဆေးတွေ့ရှိချက်တွေအပေါ်မူတည်ပြီး ဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပသုံးလုံးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်ခံအဖွဲ့များ ဖြစ်ကြသည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာနှင့် မိုင် ၃၀ ကျော်သာကွာဝေးသည့် ကနီ မြို့နယ်မှာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့်မြို့နယ်ဖြစ်ပြီး မြို့ပေါ်မှအပ ကျေးလက်ဒေသ အများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။ 

ကနီမြို့နယ်တွင် ကုန်းကြောင်း၊ရေကြောင်းတွင် ဖွင့်လှစ်ထားသည့် ဂိတ်များမှ အခွန်ကောက်ခံငွေများ အပါအဝင် ငွေကြေးအလွဲသုံးစားမှုနှင့်ပတ်သက်ပြီး ပသုံးလုံး တာဝန်ခံများအပါအဝင် ၁၀ ဦးထက် မနည်းကို လွန်ခဲ့သည့် သုံးလဝန်းကျင်ကတည်းက စုံစမ်းစစ်ဆေးမှုများ လုပ်နေကြောင်း တော်လှန်ရေး အင်အားစုများနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

ကနီမြို့နယ် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးတာဝန်ခံ ကိုကျော်ဇေယျာထွန်းကို ဇူလိုင်လကုန်တွင် တာဝန်ခံရပ်စဲခံရပြီး တစ်ပတ်အကြာ ယခုလဆန်းတွင် 9+ အဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရ သည်။

တော်လှန်ရေးကာလ လေးနှစ်ကျော်ကြာမြင့်လာချိန်တွင် ပသုံးလုံး ယန္တရားမှာ ဝေဖန်မှုများနှင့်ကြုံတွေ့နေ ရပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ထောက်ပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေသည်။ 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် တည်ရှိသော အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်အတွင်းမှ သစ်ခိုးထုတ်မှုများ ရှိနေပြီး  PDF တပ်ဖွဲ့များက ဖမ်းဆီးမှုများ ရှိခဲ့သည်။

(ယနေ့ ညနေ လေးနာရီတွင် သတင်းကို ထပ်မံဖြည့်စွက်ထားပါသည်။)  

Related Articles

Back to top button