သတင်း

ဖားကန့်တွင် စစ်တပ်ပစ်ခတ်မှုကြောင့်  ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

ဖားကန့်မြို့ အရှေ့ဘက်၊ မှော်စီစာရွာ၊ ဘုရားကုန်းတွင် တပ်စွဲထားသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ဖားကန့်မြို့ပေါ်ရှိ စစ်တပ်ဗျူဟာကုန်းသို့ သွားရောက်ပူးပေါင်းစဉ် လမ်းတစ်လျှောက်၌ လက်နက်ငယ်များဖြင့် ပတ်ဝန်းကျင်ကို ပစ်ခတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့(သြဂုတ်လ၊ ၂၅ရက်နေ့) နံနက်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဖားကန့်မြို့ခံ အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံး ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့နံနက်၊ ၇ နာရီခန့်က ဖားကန့်မြို့ အရှေ့ဘက်၊ မှော်စီစာရွာ၊ ဘုရားကုန်းတွင် တပ်စွဲထားသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ဖားကန့်မြို့ပေါ်ရှိ စစ်တပ်ဗျူဟာကုန်းသို့ သွားရောက်ပူးပေါင်းစဉ် လမ်းတစ်လျှောက်၌ လက်နက်ငယ်များဖြင့် ပတ်ဝန်းကျင်ကို ပစ်ခတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဖားကန့်မြို့အဝင် ပန်းတင်တံတားအနီးတွင် ပြည်သူများ ကြောက်လန့်ထွက်ပြေးစဉ် စစ်တပ်က ထပ်မံပစ်ခတ်သည့်အတွက် အမျိုးသမီးတစ်ဦး၏ မျက်နှာတည့်တည့်ကို ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့သည်ဟု အသက် (၃၀) ခန့် အရွယ်၊ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသမီးနှင့် ထိခိုက် ဒဏ်ရာရသူ အမျိုးသား သုံး ဦး၏ အသေးစိတ်အချက်အလက်များကို မေးမြန်းနေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးဟု အဆိုပါအမျိုးသားက ပြောသည်။

ဖားကန့်မြို့တွင်းသို့ ဝင်ရောက်သွားသော အဆိုပါ စစ်ကြောင်း၏ အင်အားအချို့သည် စစ်တပ်ဗျူဟာကုန်းကို သွားရောက်ပူးပေါင်းခဲ့ပြီး ကျန်အင်အားအချို့သည် စုပေါင်းရုံးထဲ ဝင်ရောက်သွားသည်။

ဖားကန့်မြို့တွင် ယခုလဆန်းပိုင်းမှ စတင်ကာ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး ဖားကန့်မြို့ မြောက်ဘက်၊ သုံးမိုင်ခန့်အကွာရှိ အမှိုက်ပုံရွာနှင့် အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ မှော်မောင်းလယန်ရွာတို့တွင် တိုက်ပွဲများ ဆက်နေသည်။

ပြီးခဲ့သည့် ဩဂုတ်လ၊ ၂၃ ရက်နေ့က KIA နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) များက ဖားကန့်မြို့၊ နမ့်မဖြစ်ရွာအနီးတွင် စစ်တပ်၏ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်သုံး မော်တော်ယာဉ် တစ်စီး၊ ဒရုန်းငါးစီးနှင့် လက်နက်ခဲယမ်းများအပြင် စစ်သုံ့ပန်းလေးဦးကိုပါ ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲပြီးသည့်နောက် KIA, KPDF တပ်များရှိသည့် နေရာများကို စစ်တပ်က ဒရုန်းများဖြင့် မကြာခဏ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဖားကန့် KPDF တာဝန်ခံတစ်ဦးက ပြောသည်။

ယနေ့တွင် ဖားကန့်မြို့ မြောက်ဘက် အမှိုက်ပုံရွာအနီးတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး ရှေ့ဆက်မတိုးနိုင်သည့် စစ်တပ်က ဒရုန်းများဖြင့် ဗုံးကြဲပြီး ထိုးစစ်ဆင်နေသည်ဟု အထက်ပါ KPDF တာဝန်ခံက ပြောသည်။

ဖားကန့်မြို့ အရှေ့ဘက် ဝင်ပေါက်ဖြစ်သည့် ဖားကန့်- ကာမိုင်း လမ်းပိုင်းရှိ စခန်းများကို စစ်တပ်က အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် ဖားကန့်မြို့သို့ အင်အားရာချီသည့် စစ်ကူများ အဆက်မပြတ်ပို့နေသည်။ မိုင် ၄၀ ခန့်ရှည်သည့် အဆိုပါ လမ်းပိုင်းတွင်လည်း တိုက်ပွဲများ မကြာခဏဖြစ်နေသည်ဟု KIA နှင့် နီးစပ်သူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“ကာမိုင်း- ဖားကန့်လမ်းပိုင်းတစ်ခုလုံးက စစ်တပ်က စိုးမိုးထားတဲ့အနေအထား ဖြစ်သွားပြီဆိုတော့ လက်ရှိ လမ်းတကြောမှာကတော့ ပြောက်ကျားစစ်ပဲတိုက်နေရတဲ့သဘောပေါ့နော်။ ကိုယ့်ဘက်က စခန်းပြန်လက်လွှတ်လိုက်ရပြီဆိုတော့ ဒီလမ်းကြောမှာ သူတို့ဘက်က အင်အားအများကြီးထပ်ဖြည့်နိုင်တဲ့ အနေအထားရောက်သွားတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

တိုက်ပွဲများနှင့် စစ်တပ်၏ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ယနေ့နံနက်၊ ဖားကန့်ဈေးတွင် ဆိုင်ခန်း အချို့သာ ဖွင့်လှစ်ထားပြီး ဖားကန့်မြို့ပေါ်တွင်လည်း လူအသွားအလာနည်း၊ တိတ်ဆိတ်နေသည်ဟု ဒေသခံများက ပြောသည်။

မေလကုန်ပိုင်းတွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး စစ်တပ်၏ လက်နက်ကြီး၊ လေကြောင်း ဗုံးကြဲမှုတို့အပြင် လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရမှုများကြောင့် သေဆုံးသူ အရပ်သား  ၇၀ ဝန်းကျင်ခန့် ရှိနေပြီဖြစ်သည်။

 ဩဂုတ်လ၊ ၂၂ ရက်နေ့ ကလည်း ဖားကန့်မြို့၊ မှော်စီစာကျေးရွာတွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့်  ပစ်သတ်ခံခဲ့ရပြီး လက်သည်မပေါ်ပေ။

ယမန်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီတပ်၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့ရာ ရမ်ပူရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၃)နှစ်အရွယ်၊ မိန်းကလေးတစ်ဦး ရင်ဘတ်ပွင့်ထွက် သေဆုံးခဲ့ပြီး အမျိုးသမီး နှစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရခဲ့သည်။

မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ ဝိုင်းမော်မြို့နယ်အတွင်း ရံဖန်ရံခါတိုက်ပွဲများ ဖြစ်ပွားလေ့ ရှိသော်လည်း ယမန်နေ့ကဖြစ်စဉ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်ခြင်းသာ ဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

ဖားကန့်မြို့အပြင်  ဗန်းမော်မြို့တွင်လည်း တိုက်ပွဲဖြစ်နေပြီး ယနေ့နံနက်တွင် စစ်တပ်က မြို့ပေါ်နေရာ အချို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဖားကန့်နှင့် ဗန်းမော်မြို့ရှိ လတ်တလောဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများကို အသေးစိတ် သိရှိနိုင်ရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

စစ်အာဏာသိမ်းမှုကို ပေါ်ပေါ်တင်တင် ကန့်ကွက် ရှုတ်ချထားသော KIA အဖွဲ့သည် ကချင်ပြည်နယ်အတွင်း စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

ယမန်နှစ်၊ မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ဖြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

Related Articles

Back to top button