အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို သုံးရက်ဆက်ပြုလုပ်ရာတွင် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မွန်ပြည်နယ်နှင့် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းတို့၌ သံဃာ၊ ကလေးငယ်များ အပါအဝင် ရှစ်ဦး သေဆုံးခဲ့သည်။
ဩဂုတ်လ၊ ၂၃ ရက်နေ့မှ ယနေ့ (ဩဂုတ်လ၊ ၂၅ ရက်နေ့) အထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ဩဂုတ်လ၊ ၂၄ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် နှင့် ဩဂုတ်လ၊ ၂၃ ရက်နေ့တွင် မန္တလေးတိုင်း ညောင်ဦးမြို့နယ်တို့ကို စစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ၊ ၂၃ ရက်နေ့၊ ညနေ ၃ နာရီ ၄၀ မိနစ်တွင် ပုဂံမြို့ဟောင်းနှင့် ၁၀ မိုင်ခန့်သာကွာဝေးသည့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ရွာ ဗုံးကြဲတိုက်ခိုက်ခံရသည်။
ယင်းသို့ တိုက်ခိုက်ခံရမှုတွင် အသက် ၁၀ နှစ်အရွယ် ထိန်လင်းအောင်(ဘိုထိန်) နှင့် Black Eagle PDF- Bagan တော်လှန်ရေးအဖွဲ့မှ အသက် ၂၃ နှစ်အရွယ် ရဲဘော်ဟိန်းထက်ဇော် (ငဟိန်း) တို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
တော်လှန်ရေးအဖွဲ့ လှုပ်ရှားမှုရှိသည့်နေရာအား စစ်တပ်က ရဟတ်ယာဉ်နှစ်စီးထက်မနည်းအသုံးပြု၍ လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ထိုနယ်မြေတွင် လှုပ်ရှားနေသည့် Black Eagle PDF- Bagan အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ခုဟာကလည်း တိုက်ပွဲမဖြစ်ပွားဘဲနဲ့ လာကြဲသွားတာ၊ မြေပြင်စစ်ကြောင်းထိုးတာလည်း မရှိဘဲနဲ့ လုပ်တာ၊ လေယာဉ်လာတဲ့အချိန်၊ ရှောင်တဲ့အချိန် လေယာဉ်ကြဲတဲ့အချိန်နဲ့ ကွက်တိကျပြီး နှစ်ယောက်စလုံးက နေရာမှာတင် ပွဲချင်းပြီး သေဆုံးတာ။ အဲဒီရွာက ကျွန်တော်တို့လှုပ်ရှားနေတဲ့ ဒေသအတွင်းမှာ ဖြစ်တာပေါ့” ဟု ၎င်းက ဆိုသည်။
ကလေးငယ်နှင့် တော်လှန်ရေး ရဲဘော်ကျဆုံးခဲ့သည့် နေရာအနီးရှိ ဘုရားနှင့် ဘုရားတန်ဆောင်းလည်း ဗုံးဒဏ် ကြောင့် ပျက်စီးသွားသည်။
လေကြောင်းဗုံးကြဲခံရပြီးနောက် ကျောက်ပြင်ကန်ရွာ ဒေသခံများသည် ရွာတွင် မနေထိုင်ရဲဘဲ နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရကြောင်း Black Eagle PDF- Bagan အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
ကျောက်ပြင်ကန်ရွာသည် အိမ်ခြေ ၅၀၀ နီးပါးရှိသော ကျေးရွာကြီးတစ်ရွာဖြစ်ပြီး တောင်သူလုပ်ငန်းနှင့် ရိုးရာ ခြင်းလုံးရက်သည့် လက်မှုလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြသည်။

သံဃာ ၃ ပါး ပျံလွန်ခဲ့သော ကျိုက်ထိုမြို့နယ် လေကြောင်းတိုက်ခိုက်မှု
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အရှေ့မြောက်ဘက် ခုနစ် မိုင်ကျော်အကွာ ငှက်ပျောတော ကျေးရွာအုပ်စု ၊ ချမ်းမြေ့စုရွာရှိ ဘုန်းကြီးကျောင်းကို ဩဂုတ်လ၊ ၂၄ ရက်နေ့၊ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာကြောင်း သထုံခရိုင် (PDF) တာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။
“ (ဘုန်းကြီးကျောင်းကို) ပေါင် ၅၀၀ တစ်လုံးကြဲတယ်။ ဂျက်ဖိုက်တာနဲ့ကြဲတာပါ” ဟု ၎င်းက ဆိုသည်။
ဘုန်းကြီးကျောင်း၊ ဆွမ်းစားဆောင်အပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် ဆွမ်းစားရန် ပြင်ဆင်နေသည့် သံဃာများ အထိအခိုက်များရကြောင်း သထုံခရိုင် (PDF) တာဝန်ခံက ဆက်ပြောသည်။
ကျောင်းဆောင်တွင် သံဃာ ရှစ်ပါးရှိသည့်အနက် ၇၂ နှစ်နှင့် ၅၆ နှစ်အရွယ် သံဃာ နှစ်ပါးသည် အခင်းဖြစ်ရာ နေရာတွင် ပျံလွန်တော်မူပြီး သံဃာ ငါးပါး ဒဏ်ရာရသွားသည့်အနက် ဒဏ်ရာပြင်းထန်သည့် တစ်ပါးသည် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် ပျံလွန်တော်မူသွားကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KSPN) နှင့် သထုံခရိုင် (PDF) ထံက သိရသည်။
Myanmar Now က ရရှိထားသည့် ဓာတ်ပုံအချို့တွင်လည်း သံဃာတစ်ပါးသည် ဦးခေါင်းပွင့်ထွက် ပျံလွန်နေပြီး ခြေပြတ်၊ လက်ပြတ်နေပုံများလည်း မြင်တွေ့ရသည်။
ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေးတပ်နှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဘုန်းကြီးကျောင်းကို လေကြောင်းမှတစ်ဆင့် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ကိုအေးမင်းထွန်းက ပြောသည်။
“သူတို့ကတော ဘာသာရေးအဆောက်အအုံနဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိကို ကြဲနေတယ်။ အခုကလည်း ဘယ်လိုသတင်းမျိုးတွေရလို့ ကြဲတာလဲတော့မသိဘူး ” ဟု ၎င်းက ဆိုသည်။
ကျိုက်ထိုမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မွန် တော်လှန်ရေးတပ်အချို့ စစ်ရေးလှုပ်ရှားသည်။

ကျောက်မဲဘုန်းကြီးကျောင်း ဗုံးကြဲခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာအား ထိုးစစ်ဆင်လာသည့် စစ်တပ်နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေချိန် စစ်တပ်က ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများနှင့် ရပ်ကွက်များအား နေ့စဉ်နီးပါး လေကြောင်း ဗုံးကြဲတိုက်ခိုက်နေ၍ အရပ်သား ထိခိုက် သေဆုံးမှုရှိနေသည်။
ယနေ့ (ဩဂုတ်လ၊ ၂၅ ရက်နေ့)၊ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စစ်ကော်မရှင်လေတပ်က ကျောက်မဲမြို့၊ ဝါဆိုဘုန်းကြီးကျောင်းအနီးအား ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကိုရင် သုံးပါး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု ဒေသခံများက ဆိုသည်။
“လေယာဉ်က မြို့ထဲကို ပတ်နေတာ ပြီးမှ ဝါဆိုကျောင်းဘက် ကြဲသွားတာ။ ကိုရင်တွေ ထိခိုက်တယ်လို့ သိရတယ်” ဟု ကျောက်မဲမြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။
TNLA တပ်ဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဝါဆိုကျောင်းရှိ သာမဏေ နှင့် အရပ်သားလူထု ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂၂ လုံး၊ ကျောင်းဆောင် လေးဆောင်နှှင့် မော်တော်ယာဉ် နှစ်စီး ထိခိုက်ပျက်စီးသည်ဟု ဖော်ပြထားသည်။
အလားတူ ဩဂုတ်လ၊ ၂၄ ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ လုံကြိမ်ရွာ၊ ကျောင်းကုန်းဘုန်းတော်ကြီး ကျောင်းအား စစ်တပ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေး တိမ်းရှောင်နေသည့် အရပ်သား နှစ်ဦး သေဆုံးသည်ဟု ဒေသခံများထံက သိရသည်။
ဩဂုတ်လ၊ ၂၃ ရက်နေ့၊ ညနေတွင် ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲအတွင်းရှိ ကွန်းစလန်းရွာအား လေကြောင်းမှ ဗုံးကြဲခဲ့၍ ကလေးငယ်တစ်ဦး သေဆုံးပြီး ရဟန်းတစ်ပါးအပါအဝင် အရပ်သား ခုနစ် ဦး ဒဏ်ရာရခဲ့သည်ဟု TNLA က ဆိုသည်။
ကျောက်မဲမြို့သည် တရုတ်–မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းပေါ်ရှိ ခရိုင်အဆင့် မြို့ကြီးတစ်မြို့ ဖြစ်ပြီး ရပ်ကွက် (၉) ခုရှိပြီး လူဦးရေ ငါးသောင်းကျော် နေထိုင်သည်။
“ ၁၀၂၇ စစ်ဆင်ရေး” ကာလ ၂၀၂၄၊ ဩဂုတ်လ၊ ၅ ရက်နေ့တွင် ကျောက်မဲမြို့ကို TNLA တပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်၏ မကြာခဏ ဗုံးကြဲမှုကြောင့် မြို့ခံ ထက်ဝက်ကျော်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။
ဩဂုတ်လ၊ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ နှစ်ပတ်တာအတွင်း မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၅၁ ခုရှိခဲ့ရာ အရပ်သား ၈၆ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ က ထုတ်ပြန်ထားသည်။




