မြန်မာ−ထိုင်းနယ်စပ်၊ မြဝတီမဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားကို ဩဂုတ်လ၊ ၁၈ ရက်နေ့တွင် စစ်ကော်မရှင်က ပိတ်လိုက်ပြီးနောက် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားရာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ မြန်မာနိုင်ငံ ကော့သောင်းမြို့ ရေလမ်းကြောင်း၊ မယ်ဆိုင် – တာချီလိတ် နယ်စပ်ဂိတ်များမှ ထိုင်းကုန်စည်များ ပြောင်းလဲတင်ပို့ရန် အကြံပြုထားသည်ဟု သိရသည်။
မြန်မာ−ထိုင်းနယ်စပ်၊ မြဝတီကုန်သွယ်ရေး လမ်းကြောင်းကို ကရင်အမျိုးသားအစည်းရုံး(KNU)နှင့် တော်လှန်ရေးအင်အားစုများက အပိုင်းလိုက် စိုးမိုးမှုများ ရရှိလာပြီးနောက် ထိုနယ်စပ်ကုန်သွယ်မှုမှ ရရှိသည့်ဝင်ငွေကို ဖြတ်တောက်ရန် အမှတ်(၂) တံတားကို စစ်ကော်မရှင်က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ထိုတံတားပိတ်ပင်လိုက်ပြီးနောက် ထိုင်း−မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ထိုင်းကုန်တင်ယာဉ်များ ပိတ်မိနေခဲ့သည်။ ထိုကုန်စည်များ တင်ပို့မှုနှင့် ပတ်သက်၍ ဖြေလျှော့ပေးရန် ထိုင်းကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကိုယ်စားလှယ်များနှင့် စစ်ကော်မရှင်ခန့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဇော်ဇော်စိုးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထိုင်းအခြေစိုက်၊ ဘန်ကောက်ပို့စ်သတင်းက ယနေ့(စက်တင်ဘာလ၊ ၂ ရက်နေ့)တွင် ဖော်ပြသည်။
မြဝတီလမ်းကြောင်းမှ တင်ပို့မည့်ကုန်စည်များကို ရနောင်း-ကော့သောင်း-ရန်ကုန် ရေလမ်းကြောင်းနှင့် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်-မယ်ဆိုင်နယ်စပ်မှ ပြောင်းလဲတင်ပို့ရန် အကြံပြုသည်ဟု ထိုသတင်းက ဆိုသည်။
ထို့ပြင် ထိုင်းအစိုးရ တာဝန်ရှိသူများက နှစ်နိုင်ငံကုန်သွယ်မှု ဆွေးနွေးရန် စစ်ကောင်စီ၏ စီးပွားကူးသန်း ဝန်ကြီးဌာနမှ အရာရှိများကို ထိုင်းသို့ ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
ယခုနှစ်၊ ပထမ ခြောက် လအတွင်း ထိုင်းနှင့် မြန်မာနှစ်နိုင်ငံကုန်သွယ်မှု တန်းဖိုးသည် ဘတ်ငွေ ၁၀၅ ဘီလျံကျော် ရှိပြီး ယမန်နှစ်ကထက်၂၅ ရာခိုင်နှုန်း ကျဆင်သွားသည်ဟု ဘန်ကောက်ပို့စ်က ဆိုသည်။ နယ်စပ်ကုန်သွယ်ရေး တွင် အကြီးဆုံးဖြစ်သည် မြဝတီနယ်စပ်အပါဝင် တာချီလိတ်၊ ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်များမှ ကုန်သွယ်မှုများလည်း ကျဆင်းနေသည်ဟု သိရသည်။
အမှတ်(၂) တံတားပိတ်ပင်လိုက်ခြင်းသည် လိုင်စင်မဲ့ကုန်သွယ်မှု ကြီးထွားလာမှုကို စိစစ်ရန်နှင့် တရားမဝင် ကုန်သွယ်မှု တားဆီးရေးကော်မတီအပါဝင် အခြားကော်မတီ ၂၀၀ ခန့်ကို ဖျက်သိမ်းထားခြင်းကြောင့်ဟု စစ်ကော်မရှင်၏ ကရင်ပြည်နယ်၊ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်က Myanmar Now ကို ပြီးခဲ့သည့် လတွင် ပြောထားသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးအတွက် နှစ်ဖက်ဆွေးနွေးနေသော်လည်း တံတားပြန်ဖွင့်မည့်ရက်ကို အတိအကျမသိ ရသေးကြောင်း၊ ကုန်လမ်းကို ထိန်းချုပ်ရန် ခက်လာ၍ ပင်လယ်ရေလမ်းကြောင်းကို ဦးစားပေးရန် စီစဉ်နေကြောင်း ဦးစောခင်မောင်မြင့်က ပြောသည်။
မိုင်ပေါင်း ၁,၅၀၀ ကျော် နယ်နိမိတ်ချင်းထိဆက်နေသည့် မြန်မာနှင့် ထိုင်းနယ်စပ်တွင် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးအတွက် ရှမ်းအရှေ့၊ တာချီလိတ်နယ်စပ်နှင့် တနင်္သာရီတိုင်း၊ ကော့သောင်း-ရနောင်း-ရန်ကုန် ရေလမ်းကြောင်းကိုသာ စစ်ကောင်စီက အားပြုလာရသည်။
ကျန်နယ်စပ် ကုန်သွယ်ရေးဂိတ်များကို တိုင်းရင်းသား တော်လှန်ရေးတပ်များက သိမ်းပိုက်မှုများရှိသလို ကုန်သွယ်ရေး လမ်းပိုင်းများတွင် တိုက်ပွဲများဖြစ်ပွားနေ၍ ကုန်စည်စီးဆင်းမှုများ ရပ်ဆိုင်းနေသည်။
နယ်စပ်ဂိတ်များကို တော်လှန်ရေးတပ်များ ထိန်းချုပ်လာမှုကြောင့် ကုန်သွယ်ရေး အခွန်အခရရှိကာ တပ်အင်အား ကြီးထွားလာနိုင်၍ ထိုသို့ကုန်သွယ်မှုကို တရားမဝင်ကုန်သွယ်မှုများအဖြစ် ဖမ်းဆီးရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ၊၁၂ ရက်နေ့၊ စစ်ကော်မရှင် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။



