မန္တလေးတိုင်းအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု အယ်လ်ဖာဘိလပ်မြေစက်ရုံကို ထိန်းချုပ်ပြီးနောက် စစ်တပ် က ရှေ့တိုးလာသဖြင့် စက်ရုံနှင့်အနီးတဝိုက် ကျေးရွာများတွင် တိုက်ပွဲများ ဆက်ဖြစ်ပွားနေရာ စစ်ရှောင် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်၍သေဆုံးခဲ့သည်ဟု သိရသည်။
မန္တလေးမြို့မြောက်ဘက် မိုင်၂၀ ခန့်အကွာ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး အယ်လ်ဖာ ဘိလပ်မြေစက်ရုံကို ဩဂုတ်လ ၂၆ ရက်နေ့တွင် စစ်တပ်က ထိန်းချုပ်လိုက်သည်၊ အနီးရှိ ပြည်သူ့ ကာကွယ်ရေးတပ် ထိန်းချုပ်နေရာများကို ဆက်လက်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ အယ်လ်ဖာစက်ရုံ၏မြောက်ဘက် မတ္တရာမြို့နယ် ကျေးရွာများဖြစ်သော မန်ကျည်ကုန်းနှင့် အောင်ချမ်းသာရွာအကြား ဩဂုတ်လ ၃၀ ရက်နေ့ နေ့လယ်က
ကျရောက်ပေါက်ကွဲရာ အသက် ၃၀ အရွယ် စစ်ရှောင်အမျိုးသမီး သေဆုံးခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“လက်နက်ကြီး မှန်တာ။ သူတို့ (စစ်တပ်) စစ်ကြောင်းလည်းထိုး…တောက်လျှောက် ပစ်ခတ်နေတာပဲ။
ဒဏ်ရာအသေးစိတ်တော့မသိရဘူးဗျ။ စစ်ရှောင်အမျိုးသမီးလို့ပဲ သိရတယ်။ ရွာထဲမှာ လာကျပြီး ဖြစ်တာ ”ဟု ၎င်းက ဆက်ပြောသည်။
အယ်လ်ဖာစက်ရုံနှင့် လက်နက်ကြီးကျရောက်သည့်နေရာအနီးမှ အောင်ချမ်းသာရွာနှင့် သုံးမိုင်ကျော်သာ ကွာဝေးပြီး သေဆုံးသူအမျိုးသမီးသည် ရွာသာယာရွာမှ စစ်ရှောင်အဖြစ်ရောက်နေသည်ဟုသာ သိရကာ ဒဏ်ရာ အခြေအနေ မသိရသေးပေ။
“စစ်ကြောင်းက ရှေ့တိုးပြီးရင်း တိုးနေတော့လေ။ စက်ရုံဘက်အခြေအနေတွေက သူတို့ပဲ ရှိတယ်ဆိုတော့ အတိအကျမသိရဘူးဗျ”ဟု အထက်ပါဒေသခံက ဆိုသည်။
အယ်လ်ဖာဘိလပ်မြေစက်ရုံ အနီးဝန်းကျင်တွင် တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ယမန်နေ့ (စက်တင်ဘာလ ၁ ရက်နေ့)တွင် အတည်ပြုသော်လည်း တိုက်ပွဲအခြေအနေ အသေးစိတ်မပြောပေ။
အောင်သပြေကျေးရွာဝန်းကျင် ထိန်းချုပ်ပြီးနောက် စစ်တပ်က မတ္တရာမြို့နယ်အတွင်း ရောက်ရှိလာပြီး MDY-PDF ထိန်းချုပ်သည့် ကျောက်တံတားနှင့်ထန်းပင်ကုန်းရွာတို့ ရရှိထားသလို မတ္တရာမြို့အရှေ့ဘက် ငါးမိုင်ကျော်အကွာ လမိုင်းကျေးရွာအကျော်အထိ ရောက်နေသည်ဟု ဒေသခံများ ထံက သိရသည်။
တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် မန္တလေးနှင့်မတ္တရာမြို့အကြား မန္တလေး -မြစ်ကြီးနားလမ်းပိုင်း တစ်လျှောက် စစ်တပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များဘက်မှ ကားလမ်းဘေး ကျေးရွာများမှ ဆုတ်ပေးလိုက်ရသည်။
စစ်တပ်ခြေကုပ်ယူသည့် အယ်လ်ဖာစက်ရုံ
၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အင်အားရာဂဏန်းဖြင့် အောင်သပြေကျေးရွာအနီး ဘိလပ်မြေ စက်ရုံတွင် တပ်စွဲခဲ့ပြီး အနီးနားကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ လမ်းသွားလမ်းလာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။
အောင်သပြေကျေးရွာတစ်ရွာနီးပါးစာ ကြီးမားသော ဘိလပ်မြေစက်ရုံဝင်းအတွင်း ရှိ အဆိုပါအခြေစိုက် တပ်စခန်းကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် MDY-PDF က သိမ်းပိုက်ခဲ့ပြီး တစ်နှစ်ကျော်ကြာ တပ်စွဲထားရာမှ စစ်တပ်က ပြန်လည်ရယူသွားသည်။
စစ်တပ်က ထိုဘိလပ်မြေစက်ရုံပြန်ရရန် တစ်နှစ်တာလုံး လေကြောင်း ၊ လက်နက်ကြီးပစ်ကူများဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ယခု စစ်ကြောင်း သုံးကြောင်းခွဲကာ ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု အောင်သပြေကျေးရွာဒေသခံအမျိုးသားကလည်း ပြောသည်။
“ ရှမ်းရိုးမတောင်တန်းကြီးပေါ် စစ်ကြောင်းသုံးကြောင်းနဲ့တက်လာပြီးတော့ အဲဒီကနေပြန်ဝိုက်ပြီး ထိုးတာ ။ အဲဒါကလည်း တစ်ကြောင်း၊ တောင်ပေါ်က ထိုးတာရော၊အောက်ကရော။ ဂျက်ဖိုက်တာ တွေ၊Y 12တွေ၊ Mi 35 တွေကတော့ တောက်လျောက်ပဲ။ အလွန်အကျွံသုံးပြီးထိုးတာ”
စစ်တပ်သည် Alphaစက်ရုံ၏မြောက်ဘက်တွင်ရှိသော ဆည်တော်ကြီးဘက်သို့ ဦးတည်ဖွယ်ရှိသည်ဟု အထက်ပါဒေသခံက ယူဆသည်။
တရုတ်ပိုင် ဘိလပ်မြေစက်ရုံဖြစ်ရာ စစ်တပ်အတွက် အရေးပါသည့်အပြင် စက်ရုံတည်နေရာသည် မတ္တရာ ၊ ပုသိမ်ကြီး၊ ပြင်ဦးလွင် သုံးမြို့နယ်တို့ ထိစပ်သည့်နေရာဖြစ်သည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်းရှိ တရုတ်လူမျိုးများနှင့်တရုတ်ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ် ပေးရန် စစ်တပ်ကို အစဉ်တစိုက်တောင်းဆိုထားသည်။
ထို့အပြင် တော်လှန်ရေးတပ်များအားကောင်းရာ မတ္တရာအရှေ့ပိုင်းကို စစ်တပ်က ရှေ့တိုးထိုးစစ်ဆင်ရန် ဗျူဟာကျသည့် နေရာဖြစ်သည်ဟု မတ္တရာမြို့နယ်မှ စစ်ရေးရင်းမြစ်များက ဆိုသည်။
မတ္တရာတစ်နယ်လုံး ထိန်းချုပ်နိုင်ရန် စစ်တပ် ကြိုးပမ်းနေ
လက်ရှိတွင် တိုက်ပွဲအခြေအနေများကြောင့် မတ္တရာ-ပုသိမ်ကြီး မြို့နယ်အစပ်မှ မြကန်သာ၊ သရက်ကိုင်း၊ အောင်သပြေ၊ လင်းမြွေချောင်း၊ ဝသုန္ဒရ၊ ဒဟတ္တော၊ ဆားခါတောင် အစရှိသည့် ခုနစ်ရွာ ထက်မနည်းမှ ဒေသခံပြည်သူများ ပြီးခဲ့သည့်လများတည်းက ထွက်ပြေးတိမ်းရှောင်နေကြရသည်။
မတ္တရာအရှေ့ပိုင်းတော်လှန်ရေးထိန်းချုပ်နယ်မြေများ ထိုးစစ်ခံနေရချိန် မတ္တရာမြို့နယ်အနောက်ပိုင်း စစ်တပ် ထိန်းချုပ်ထားသည့် ကျေးရွာအချို့တွင် တော်လှန်ရေးတပ်များနှင့်ထိတွေ့တိုက်ပွဲများ မကြာခဏ ဆိုသလိုဖြစ်ပွားနေသည်ဟု အထက်ပါ မတ္တရာမြို့နယ်မှ စစ်ရေးရင်းမြစ်က ပြောသည်။
“ဧရာဝတီမြစ်အရှေ့၊ မတ္တရာအနောက်ဘက်ကမ်းတွေဘက်မှာလည်း မကြာခဏထိတွေ့မှုတွေ ရှိတယ်ဗျ။ သက်ဆိုင်ရာအဖွဲ့တွေကတော့ ခုထိ သတင်းထုတ်ပြန်တာ မတွေ့ရဘူး။ ခုနောက်ပိုင်း လေကြောင်းရန် ကြောင့် မထုတ်ပြန်ကြတော့ဘူး”ဟု ဆိုသည်။
မတ္တရာမြို့နယ်အနောက်ပိုင်း မိုးကြိုးရွာတွင် စစ်တပ်က မီးရှို့မှုများပြုလုပ်နေသည်ဟု ကနဦးကြားသိရ ကြောင်း ၎င်းကဆက်ပြောသည်။
နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အခြာကျသည့် မန္တလေးမြို့မြောက်ဘက် ဧရာဝတီမြစ်အရှေ့ဘက် ကမ်း တစ်လျှောက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းမြို့တို့ တစ်ဆက်တည်းတည်ရှိကြသည်။
ယမန်နှစ်အတွင်း တော်လှန်ရေးအင်အားစုများက စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းမြို့တို့အား သိမ်းပိုက် ခဲ့ပြီး မတ္တရာအရှေ့ပိုင်းကိုပါ ထိန်းချုပ်၍ မန္တလေးမြို့ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ မြစ်ကမ်းဘေး မတ္တရာ အနောက်ခြမ်းတွင်လည်း ပြောက်ကျားအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ဒေသခံကာကွယ်ရးအဖွဲ့ များက နယ်မြေစိုးမိုးခဲ့ကြသည်။
စစ်တပ်သည် ယမန်နှစ် နိုဝင်ဘာလမှစတင်ကာ သပိတ်ကျင်းမြို့နယ်အတွင်း လက်ကျန်တပ်များကို အင်အားစုစည်းကာ ထိုးဖောက်ရန် ကြိုးပမ်းခဲ့ပြီး တပြိုင်နက်မှာပင် မတ္တရာအနောက်ပိုင်းကို ကြည်း၊ ရေ၊ လေ ဖြင့် ထိုးစစ်ဆင်ခဲ့သည်။
ထို့နောက် အနောက်ခြမ်းကို ထိန်းချုပ်နိုင်ခဲ့ကာ ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိ စေရန် မြစ်ကမ်းဘေးမှ ရွာအများအပြားကို မီးရှို့ခဲ့သည်။ ထို့နောက် စစ်ကော်မရှင်တပ်၏ ထိုးစစ်သည် မြို့နယ်အရှေ့ပိုင်း ရောက်လာသလို သပိတ်ကျင်းမြို့ပေါ်ကိုလည်း ပြန်ထိန်းချုပ်နိုင်သွားသည်။
မတ္တရာအရှေ့ပိုင်းထိုးစစ်သည် ဆက်လက်တိုးလာရာ MDY-PDF ထိန်းချုပ်သော စဉ့်ကူးမြို့နယ်သည် ထို ထိုးစစ်နှစ်ခုအကြား ရောက်ရှိနေကာ မြစ်တစ်ဖက်ကမ်းတွင် စစ်တပ်အားကောင်းသော ရွှေဘိုမြို့နယ် တည်ရှိသည်။



