ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၌ ယမန်နေ့ (သြဂုတ် ၃၁ ရက်နေ့) တွင် အာဏာသိမ်း စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်း အရွယ်များအပါအဝင် အမျိုးသမီးငါးဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ဦးခန့် ရှိသည်ဟု သိရသည်။
အိမ်ခြေ ၁၀၀၀ခန့်ရှိသည့် ငတရော်ကျေးရွာကို ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က စစ်လေယာဉ်နှစ်စီးက လေကြောင်းမှ ပေါင် ၂၅၀ အလေးချိန်ရှိ ဗုံးတစ်လုံးဖြင့် ကနဦး ကြဲချတိုက်ခိုက်ခဲ့သည်၊ ထို့နောက် စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
ရွာလယ်ခေါင်ကို ဗုံးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံများထိခိုက်သေဆုံးမှု များခဲ့သည် ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောသည်။
ဒေါ်မြသင်း (၆၅ နှစ်) နှင့် သမီးဖြစ်သူ မယုမွန်ချို (၃၅ နှစ်)၊ ဒေါ်ခင်မာမြင့် (၇၀ နှစ်) တို့ ဗုံးကျသည့် နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ လက်မောင်းနှစ်ဖက်တွင် ဒဏ်ရာရသော ဒေါ်ဆန်းဝင်း (၆၃ နှစ်) ၊ ညာခြေထောက်ပြတ်သွားသော ဒေါ်လှဆန်း (၆၁ နှစ်) တို့သည် ဆေးကုသမှုပေးမည့်နေရာသို့ သွားသည့် လမ်းမှာ သေဆုံးခဲ့ခြင်းဖြစ်သည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက် ၈၅ နှစ်အရွယ် အဖွားအိုတစ်ဦး အပါအဝင် ၁၀ ဦး ရှိပြီး သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူများသည် ဆွေမျိုးတော်စပ်ကြသူများနှင့် အိမ်နီးနားချင်းများဖြစ်ကြောင်း သိရသည်။
ငတရော်ရွာသည် အာဏာသိမ်းပြီး လေးနှစ်ကြာကာလအတွင်း စစ်တပ်က မကြာခဏမီးတင်ရှို့ခံရသည့် ရွာများအနက်အပါဝင်ဖြစ်ပြီး အနည်းဆုံး အိမ် ၆၀၀ ခန့် မီးတင်ခံခဲ့ရသည်။
မီးရှို့ခံထားရမှုကြောင့် ရွာခံအများစုမှာ ရွာလယ်ခေါင်တွင် ယာယီတဲများဆောက်လုပ်၍ စုပေါင်းနေထိုင် ကြခြင်းဖြစ်ရာ ထိုနေရာတည့်တည့်သို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရသူ များပြားရ ခြင်းဖြစ်သည်ဟု ရေစကြိုပကဖက ဆိုသည်။
“တိုက်ပွဲတွေ မရှိဘူး။ နေ့လယ်ခင်းကြီး (ဗုံး)လာချသွားတာ။ ရွာတွေမှာက မနက်ပိုင်းမှာ တောသွားတယ်။ နေ့ခင်းဆို စုပြီးစကားပြောကြတာ။ ဗုံးကျတဲ့နေရာက လူနေစိပ်တယ်”ဟု ၎င်းက ပြောသည်။ဒဏ်ရာရရှိသူများအနက် အသက် ၈၀ ကျော်အရွယ် အမျိုးသမီး၊ လူလတ်ပိုင်းအရွယ် အမျိုးသမီးနှစ်ဦး နှင့် အမျိုးသားတစ်ဦးမှာ စိုးရိမ်ရသည့်အခြေနေတွင်ရှိနေသေးသည်ဟု ၎င်းက ဆက်ပြောသည်။
သေဆုံးသွားသည့် ငတရော်ရွာခံ အမျိုးသမီးငါးဦးကို ယမန်နေ့ ညနေ ၅ နာရီခန့်က မီးရှို့သင်္ဂြိုဟ်ခဲ့ ကြောင်းသိရသည်။

လက်ရှိတွင် ငတရော်ရွာဒေသခံ သုံးထောင်ကျော်သည် လေကြောင်းရန် စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ခိုလှုံလျက်ရှိသည်။
ယခုနှစ် မေလကလည်းရေစကြိုမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးစဉ် ငတရော်ကျေးရွာရှိ နေအိမ် များ မီးရှို့ဖျက်ဆီးခံထားရသည်။
ဧရာဝတီနှင့်ချင်းတွင်းမြစ်ဆုံရာတွင်တည်ရှိသည့် ရေလယ်ကျွန်းဒေသမှာ စစ်ကိုင်း၊ မန္တလေးနှင့် မကွေး တိုင်း ဒေသသုံးခု ပေါင်းဆုံသည့်နေရာတွင် တည်ရှိခြင်းကြောင့် စစ်တပ်အတွက်သာမက တော်လှန်ရေး တပ်ဖွဲ့များအတွက် အရေးပါသည့်ဒေသဖြစ်သည်။
ထိုဒေသကို စစ်တပ်က ပစ်မှတ်ထားကာ တိုက်ခိုက်မှုများပြုလုပ်လေ့ရှိပြီး ယခုနှစ်မတ်လတွင် စစ်တပ်က ကြည်း၊ ရေ၊ လေဖြင့် ထိုဒေသကို နှစ်ပတ်ကြာ ထိုးစစ်ဆင် ခဲ့ပြီး တော်လှန်ရေးအားကောင်းသော ဒေသရှိ ကျေးရွာများကို စီးနင်း၍ မီးရှို့ခဲ့ကြသည်။
ထို့ကြောင့် ရေလယ်ကျွန်းဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ဒေသခံ တစ်ဒါဇင် ထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။
စစ်တပ်က ထိုဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အိမ်မီးရှို့မှုမှာတော်လှန်ရေးအဖွဲ့များ ၏လက်ချက် ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့ က ထုတ်ပြန်ခဲ့သည်။
မကွေးတိုင်းအတွင်း နတ်မောက်မြို့နယ်တွင်လည်း ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက် ၉ နာရီကျော်အချိန်တွင် အင်ဂျင်တပ်လေထီးသုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂၄ နှစ်အရွယ် မအေးမာစိုး ဆိုသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်၊ ၎င်း၏ အသက် ၅၀ ကျော်အရွယ် ဖခင်ဖြစ်သူဦးစောလင်း နောက်ကျောပေါက်ဒဏ်ရာ ရရှိခဲ့ကြောင်း နတ်မောက် ပကဖအဖွဲ့တာဝန်ရှိသူထံက သိရသည်။
“(သားအဖနှစ်ယောက်က) တောထဲမှာပဲနေပြီး တောထဲမှာပဲအလုပ်လုပ်တာ။ အဲနေရာကို လာပြီး ဗုံးကြဲ သွားတာ၊ သားအဖနှစ်ယောက်က တောထဲမှာ အလုပ်လုပ်နေရင်း သမီးဖြစ်သူက ချက်ချင်း သေသွားတာ၊ အဖေကတော့ ဒဏ်ရာရသွားတာ၊ နွားနှစ်ကောင်လည်း သေသွားပြီ၊ သူတို့နေတဲ့တဲလည်း ပျက်စီးသွား တယ်”ဟု ၎င်းက ဆိုသည်။
ဩဂုတ်လ ၂၄ ရက်နေ့ကလည်း နတ်မောက်မြို့နယ်၊ လဲဘူးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံပြည်သူ ငါးဦး သေဆုံးခဲ့သေးသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလအတွင်းမှာပင် စစ်တပ်သည် လေယာဉ်ဖြင့် အကြိမ် ၉၀၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား သေဆုံးသူ ၆၂၁ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၂၇၂ ဦး ရှိသည်ဟု Nyan Lynn Thit သုတေသနအဖွဲ့က သြဂုတ်လ ၂၅ ရက်နေ့တွင် ဖော်ပြထား သည်။




