အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်နီတော်လှန်ရေးတပ်အများစု အခြေစိုက်သည့် ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ် ထိုးစစ်ဆင်

ဒီးမော့ဆိုမြို့ကို ပြန်ထိန်းချုပ်လိုက်သည့် စစ်တပ်က ယမန်နေ့မှစတင်ကာ မြို့အနောက်ဘက်ခြမ်းကို မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်လာသောကြောင့် အရပ်သားသုံးဦး ဒဏ်ရာရခဲ့သည်။

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်တပ်က ယမန်နေ့ (စက်တင်ဘာလ ၁ ရက်နေ့) တွင် မြေပြင်ထိုးစစ်ဆင်လာပြီး လေကြောင်းမှ ဗုံးကြဲခဲ့သောကြောင့် အရပ်သား သုံးဦး ဒဏ်ရာ ရခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်အချို့ထံက သိရသည်။

ဩဂုတ်လ ၁၅ ရက်နေ့ကမှ ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်များကို ပြန်လည်ထိန်းချုပ်လိုက်သော စစ်တပ်က မြို့နယ်အနောက်ခြမ်း၊  ဒီးမော့ဆို-တောင်ငူ ကားလမ်းအတိုင်း စစ်ကြောင်း ထိုးလာသည်။ 

ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းကျေးလက်ဒေသကို ကရင်နီတပ်များ စိုးမိုးထားသည်။ မြို့နယ်အတွင်း စစ်ရှောင်အများစုမှာ  အနောက်ဘက်ခြမ်းဒေသတွင် ခိုလှုံနေထိုင်ကြသည်။

တပြိုင်နက်တည်းတွင် ဩဂုတ်လ ၁၆ ရက်နေ့မှ စတင်၍ ဒီးမော့ဆိုမြို့တောင်ဘက် ဖရူဆိုမြို့ဘက်သို့ ဦးတည် စစ်ကြောင်းထိုးနေသောကြောင့် အထက်ပါနှစ်နေရာလုံးတွင် တိုက်ပွဲများဖြစ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောသည်။ 

“ဒီနေ့ (စက်တင်ဘာလ ၁ ရက်) မှာပဲ ဒီးမော့ဆို အနောက်ခြမ်းတစ်နေရာကို စစ်ကောင်စီ (စစ်ကော်မရှင်) က ဗုံးကြဲ တိုက်ခိုက်တဲ့အတွက် ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရတယ်ပေါ့။ ဒီးမော့ဆို အနောက်ခြမ်းကို ဦးတည်တဲ့ စစ်ကြောင်းတွေရှိနေတဲ့အတွက် ထိတွေ့တိုက်ပွဲတွေ ဒီမနက်အထိဖြစ်ပွားနေတယ်” ဟု KNDF ဗဟိုပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ယမန်နေ့က ဆိုသည်။

ဒီးမော့ဆိုအနောက်ခြမ်းကို စစ်အင်အား တစ်ထောင်ခန့်ဖြင့် ထိုးစစ်ဆင်လာနေပြီး သံချပ်ကာယာဉ်များလည်း ပါဝင်ကြောင်း တာအယ်စိုးက ဆက်ပြောသည်။

“ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ ပြည်သူတွေ၊ စစ်ရှောင်တွေနေတဲ့ဘက်ကိုလည်း စစ်ကြောင်းထိုးဖို့ ဦးတည်နေတယ်။ အဓိကတော့ သူတို့ရဲ့ ဆက်သွယ်ရေး ၊ ထောက်ပို့လမ်းကြောင်း ပွင့်ဖို့ရယ်၊ ဒီးမော့ဆိုက ပြည်သူတွေ တည်ငြိမ်အေးချမ်းစွာ မနေနိုင်အောင် သူတို့ ဆောင်ရွက်နေတယ်လို့ ပြောလို့ရပါတယ်။ တင့်ကားတွေ ပါပါတယ်” ဟု KNDF ဗဟိုပြန်ကြားရေးတာဝန်ခံက ဆိုသည်။ 

စစ်တပ်က အင်အား တစ်ထောင်ခန့်ဖြင့် တက်လာသည်ဆိုသောအချက်နှင့် ပတ်သက်၍ သီးခြားအတည် မပြုနိုင်သေးပေ။ 

ဒီးမော့ဆိုမြို့နယ် စစ်ကောင်စီစစ်ကြောင်းထိုးမှုအခြေအနေ ပြမြေပုံ။

ဖရူဆိုမြို့သို့ ဦးတည်နေသော စစ်ကြောင်းကို ကရင်နီအခြေစိုက် တော်လှန်ရေး တပ်အချို့က ဩဂုတ်လ ၂၉ ရက်နေ့တွင် ဒီမော့ဆိုမြို့တောင်ဘက် ငွေတောင်ကျေးရွာသစ်အနီး ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

ထိုတိုက်ပွဲအတွင်း စစ်တပ်ဘက်က အထိအခိုက်ရှိခဲ့ကြောင်း၊ MA စီးရီးဝင် ရိုင်ဖယ် ငါးလက် သိမ်းဆည်း ရမိခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ကယန်းအမျိုးသားတပ် (KNA) ထံက သိရသည်။

“ကျွန်တော်တို့က စစ်ကော်မရှင်စစ်ကြောင်းကို ဖြတ်တိုက်တဲ့ပုံစံပါ။ ဖြတ်တိုက်ရင်းနဲ့ တိုက်ပွဲကတော့ ၂ နာရီ ၊ ၃ နာရီလောက်ကြာပါတယ်။ စစ်ကြောင်းကို ဖြတ်တိုက်ပြီး လက်နက်အချို့ရရှိတယ်။ ရန်သူ့ အလောင်းတချို့လည်း တွေ့ရတာပေါ့” ဟု KNA တပ် ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက Myanmar Now ကို ပြောသည်။

ကရင်နီဒေသအတွင်း အလုံးအရင်း ထိုးစစ်ဆင်လာသည့် စစ်တပ်၏ ထိုးစစ်ကို ခုခံနေသည့် ကရင်နီ တော်လှန်ရေးတပ်များက တပ်ပေါင်းစု စစ်ဦးစီးအဖွဲ့ (JCS) ကို ဖွဲ့စည်းထားပြီး စစ်ရေးရန်ပုံငွေရရှိရန်အတွက် ဩဂုတ်လ ၁၆ ရက်မှစတင်ကာ လှုံ့ဆော်နေသည်။

စက်တင်ဘာလ ၁ ရက်နေ့အထိ ရန်ပုံငွေလိုအပ်ချက်၏ ၄၂ ရာခိုင်နှုန်းဖြစ်သော ထိုင်းဘတ်ငွေ ရှစ်သိန်း လေးသောင်းကျော် ရရှိထားကြောင်း JCS ၏ Together for Karenni အမည်ရှိ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ကရင်နီတပ်များက တုံ့ပြန်တိုက်ခိုက်နေသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်တွင် စစ်တပ်က  စိုးမိုးနယ်မြေများကို ပိုမိုတိုးချဲ့လာနေသည်။

သိမ်းဆည်းရမိခဲ့သော သေနတ် ငါးလက်။ (ဓာတ်ပုံ- KNA)

ကရင်နီအင်အားစု အုပ်ချုပ်ရေး  ၃ နေရာ နားထားရ

စစ်တပ်၏ အလုံးအရင်းထိုးစစ်ကြောင့် ကရင်နီတော်လှန်ရေးတပ်များ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည် နယ်အတွင်း ဒေသသုံးခုတွင် အုပ်ချုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း သိရသည်။

“မိုးဗြဲရယ် ၊ ဖယ်ခုံအရှေ့ခြမ်းရယ် ၊ လွိုင်ကော်အနောက်ဘက်ခြမ်း ဒီးမော့ဆိုနဲ့ ဘီလူးချောင်း တောက်လျှောက် ကပ်နေတဲ့နေရာတွေ စစ်ကော်မရှင်က ပြန်ထိုးစစ်ဆင်ပြီး ထိန်းချုပ်လိုက်တယ်။ အဲဒီနေရာတစ်လျှောက် အားလုံးကတော့ IEC ရဲ့ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေ ရပ်သွားပါပြီ” ဟု IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ဆိုသည်။

IEC သည် ကရင်နီဒေသအတွင်း ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

စစ်တပ် ပြန်ထိန်းချုပ်လိုက်သည့် နေရာများမှ ဒေသခံများသည် ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်သည့် ကျေးလက်ဒေသသို့ ခိုလှုံရန် ဝင်ရောက်လာသဖြင့် ဇူလိုင်လမှ ဩဂုတ်လအတွင်း စစ်ရှောင်အရေအတွက် သုံးသောင်းခွဲ ထပ်တိုးလာကြောင်း ဦးဗညားခွန်အောင်က ပြောသည်။

“ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးက လူနေတဲ့ ရွာ တစ်ရွာ ၊ နှစ်ရွာ ရွှေ့လိုက်ရတာရှိပါတယ်။ ဒါကြောင့် လူဦးရေက ထောင်ဂဏန်းတက်လာပါတယ်။ ဒီထဲမှာ စစ်ရှောင်ရတာ နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်းတွေ ပါပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

လတ်တလောတွင် စစ်ရှောင်များအတွက် အစားအစာ ၊ အမိုးအကာ၊ ဆေးဝါးနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ လိုအပ်နေကြောင်း ဦးဗညားခွန်အောင်က ဆိုသည်။

“မိုးတွင်းကာလဆိုတော့ ထင်းတွေရှာရတာ ခက်တယ်။ အမိုးအကာလည်းမလုံလောက် ၊ ချမ်းလည်း ချမ်း၊ ဒီဒဏ်တွေတော့ ခံရတယ်ပေါ့။ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး အရေးပေါ်တုံ့ပြန်မှု လုပ်ပေးတယ်။ ဒါကလည်း မပြည့်မီဘူးပေါ့။ အကန့်အသတ်နဲ့ပဲ လုပ်နိုင်တဲ့အတွက် စိန်ခေါ်မှုအခက်အခဲတွေရှိပါတယ်” ဟု ၎င်းက ပြောသည်။

သံလွင်မြစ်ကူးတံတားရှိရာ ဖားဆောင်းမြို့မှ တစ်ခုတည်းကျန်သည့် အမှတ် (၁၃၅) ခြေလျင်တပ်ရင်း ( ခလရ -၁၃၅) စခန်းကို ဩဂုတ်လ ၁၄ ရက်နေ့မှစတင်ကာ ကရင်နီတော်လှန်ရေးတပ်များက  ဝင်ရောက် တိုက်ခိုက်ခဲ့သော်လည်း မသိမ်းနိုင်သေးဘဲ  ဩဂုတ်လ ၂၀ ရက်နေ့နောက်ပိုင်း တိုက်ပွဲ ငြိမ်နေကြောင်း ကရင်နီတော်လှန်ရေးတပ်နှင့် နီးစပ်သူများထံက သိရသည်။

ကရင်နီဒေသထိုးစစ်အတွင်း စစ်တပ်သည် ဒီးမော့ဆိုမြို့၊ မိုးဗြဲ၊ မြို့တော် လွိုင်ကော်တို့ကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့သည်။ ကျန်ဒေသများဖြစ်သော ဖယ်ခုံ၊ ဖရူဆို၊ ဖားဆောင်း၊ ဘောလခဲမြို့နယ်များ၏ နယ်မြေအများစုကို ကရင်နီတပ်များက ထိန်းချုပ်ထားသည်။

ဒီးမော့ဆိုအပါအဝင် ကရင်နီတပ်များသိမ်းထားသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်ရှိ မြို့/ရွာများကို တန်ပြန်ထိုးစစ်ဆင်သော စစ်ဆင်ရေးကို စစ်ကော်မရှင်ဘက်က “ရန်နိုင်မင်း”စစ်ဆင်ရေးဟု အမည်ပေးထားသည်။

ထိုစစ်ဆင်ရေးအတွင်း ဟိုပုံး- ဆီဆိုင်- လွိုင်ကော်ကားလမ်း ၊ ပင်လောင်း- ဆောင်းပြောင်း- ဖယ်ခုံ- မိုးဗြဲ- လွိုင်ကော်ကားလမ်း၊ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းဒေသ၊ မိုးဗြဲမြို့နှင့် ဒီးမော့ဆိုမြို့တို့ကို ပြန်သိမ်းထားနိုင်ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်အရသိရသည်။

Related Articles

Back to top button