ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဩဂုတ်လ ၂၇ ရက်နေ့မှ စတင်ကာ နယ်မြေစိုးမိုးရေးပြုလုပ်နေသည့် အာဏာသိမ်းတပ်က အမျိုးသားများကို ပစ်မှတ်ထား ဖမ်းဆီးနေပြီး ယနေ့ (စက်တင်ဘာလ၊ ၁ ရက်နေ့) အထိ ဒေသခံ ၄၀ ကျော် ဖမ်းဆီးခံထားရသည်ဟု ဖားကန့်မြို့ခံများက ပြောသည်။
၂၇ ရက်နေ့က မှော်ဝမ်းရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသည့်အမျိုးသားနှစ်ဦးကို စစ်ကော်မရှင်တပ်က စတင်ဖမ်းဆီးခဲ့ပြီးနောက် ဒေသခံများ ဆက်တိုက် အဖမ်းခံရခြင်း ဖြစ်သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့တွေက စစ်ဆေးမှုတွေနဲ့ မသင်္ကာတဲ့သူတွေဆိုရင် နေ့ရောညရော အိမ်ထဲထိ ဝင်ဆွဲတဲ့ အနေအထား ဖြစ်လာတော့ မြို့ပေါ်ပြည်သူတွေအနေနဲ့က မလုံခြုံတော့ဘူး၊ စစ်ကော်မရှင်ရဲ့ အချိန်မရွေး မသင်္ကာမှုနဲ့ အဖမ်းခံရနိုင်တဲ့ အနေအထားမှာရှိနေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
၂၈ ရက်နေ့တွင် ဖားကန့်မြို့ပေါ်ရှိ ပန်းတင်တံနားအနီးတွင် အမျိုးသား ၁၀ ဦးခန့် အဖမ်းခံခဲ့ရသည်။ ၂၉ ရက်နေ့ညတွင် မရှီကထောင်ရပ်ကွက်ရှိ တံတားအနီးတွင်လည်း လူငယ် ၁၅ ဦး ခန့် အထိ အဖမ်းခံခဲ့ရသည်။
ထိုလူငယ်များအနက် ရှစ်ဦးကို ပြန်လွှတ်ပေးသည်ဆိုသည့် သတင်းထွက်ပေါ်လာ သော်လည်း ယနေ့အထိ အတည်ပြုနိုင်သူ မရှိကြောင်း အထက်ပါ ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။
မြို့ပေါ်ရပ်ကွက် ငါးခုလုံးတွင် စစ်တပ်က အင်အားအပြည့်ဖြင့် ထိန်းချုပ်ထားပြီး ၎င်းတို့ ပစ်မှတ်ထား ဖမ်းနေသည်မှာ KIA, KPDF တို့နှင့် ဆက်စပ်သည်ဟု ၎င်းတို့ ယူဆသူများ၊ လူငယ်များ ဖြစ်သည်။
၃၀ ရက်နေ့ကလည်း ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ ကျောက်စိမ်းသူ စားသောက်ဆိုင်တွင် ဒေသခံအချို့ မွေးနေ့ပွဲကျင်းပနေစဉ် စစ်တပ် ရောက်သွားပြီး အမျိုးသား ၁၀ ဦး ထက်မနည်းကို ဖမ်းလိုက်သည်။
၃၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း မရှီကထောင်ရပ်ကွက်ရှိ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖမ်းဆီးခဲ့သလို ညပိုင်းတွင် ဖားကန့်ကျောက်ဝိုင်း၊ ဆိုင်ကယ်ဝပ်ရှော့မှ ဝပ်ရှော့ဆရာတစ်ဦးနှင့် အလုပ်သမား သုံး ဦး တို့ကို ဖမ်းဆီးခဲ့သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။
“အဲဒီဝပ်ရှော့ဘေးကနေ ကျောက်ဝိုင်းထဲ ဖြတ်တဲ့ ကားနှစ်စီးကိုလည်း ဖမ်းတယ်။ အဲဒီကားနှစ်စီး ကိုလည်း သိမ်းတယ် လူတွေလည်း ဖမ်းသွားတယ်။ မနေ့က ညမှာကို ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံရတယ်လို့ သိရတယ်၊ ဘယ်နှဦးဆိုတာ အတိအကျတော့ မသိရဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ယနေ့အထိ ဖမ်းဆီးခံရသူ ဒေသခံမှာ စုစုပေါင်း ၄၀ ကျော်အထိရှိနေပြီဟု သိရသော်လည်းအရေအတွက် အတိအကျနှင့် အသေးစိတ်အချက်အလက်များကိုမူ ဒေသခံများနှင့် KIA,KPDF တပ်များကလည်း အတည်မပြုနိုင်သေးပေ။
ဩဂုတ်လအတွင်း KPDF မှ တပ်ဖွဲ့ဝင်အချို့ စစ်တပ်ထံ သွားရောက် အညံ့ခံလိုက်ရာ မြို့ပေါ်ရှိ ၎င်းတို့သိရှိသူတို့၏ လုံခြုံရေးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ စစ်တပ်က ထိုသူတို့ကို စစ်ကြောမေးမြန်းပြီး တော်လှန်ရေးအဖွဲ့ဝင်များနှင့် ဆက်စပ်နေသူတို့ကို လိုက်လံဖမ်းဆီးမည်ဟု ဒေသခံတို့က ယူဆနေကြသည်။
KIA နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးကမူ စစ်ကော်မရှင်သည် ကျောက်စိမ်းဒေသမှ ရရှိမည့် အကျိုးအမြတ်များအတွက် နယ်မြေတစ်ခုလုံးကို ပြည်လည်စိုးမိုးထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ဆိုသည်။
“မှော်နယ်မြေကို သူတို့က အဓိက ချုပ်ကိုင်ပြီးမှ ဒေသရဲ့ စီးပွားရေး ယန္တရားကြီးတစ်ခုလုံးကို ချုပ်ကိုင်ချင်တာ အဓိကပါတယ်။ ပြီးရင် KIO/KIA ရဲ့ စီးပွားရေး၊ ဝင်ငွေရလမ်းကို ဖြတ်တောက်ချင်တဲ့ အဓိကအကြောင်းအရင်း ပါတာပေါ့” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ဖားကန့်မြို့ပေါ်ရပ်ကွက်များရှိ ခိုင်ခိုင်မာမာ တည်ဆောက်ထားသည့် အဆောက်အအုံများတွင် စစ်ကောင်စီတပ်က အင်အား ၃၀ ခန့်ဖြင့် လုံခြုံရေးယူထားသလို ဘဏ်များနှင့် အချို့ ဌာနဆိုင်ရာ အဆောက်အအုံများတွင်လည်း ၂၄ နာရီ လုံခြုံရေး ယူထားနိုင်သည်ဟု ဒေသခံများက ပြောသည်။
မြို့ပေါ်ရပ်ကွက်များတွင် ထိန်းချုပ်ထားနိုင်ပြီးနောက် မြို့အနောက်ဘက်နှင့် မြောက်ဘက်ရှိ ကျေးရွာများကို ဆက်လက်ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေသည့်အတွက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်ဟု KIA ထံက သိရသည်။
ယနေ့အထိ ပြင်းထန်သည့် တိုက်ပွဲကြီးများ မဖြစ်သေးသော်လည်း စစ်တပ်ကဖားကန့်မြို့နှင့်အနီးတဝိုက်တွင် ဒေသခံများကို မကြာခဏ ပစ်ခတ်သတ်ဖြတ်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မေလကုန်ပိုင်းမှ ယနေ့အထိ ဖားကန့်တွင် လက်နက်ကြီးနှင့် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ဒေသခံ ၇၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ၊ ၂၀၂၅ ခုနှစ်၊ မေလအထိ ဖားကန့်မြို့အနီးဝန်းကျင်ရှိကျေးရွာများနှင့် စခန်းကုန်းအများစုကို KIA နှင့် ပူးပေါင်းတပ်များကထိန်းချုပ်ထားသည့်အတွက် ဖားကန့်မြို့ပေါ်ရှိ စစ်ကော်မရှင်တပ်သည် နယ်မြေစိုးမိုးရေး မလုပ်နိုင်ခဲ့ဘဲဗျူဟာကုန်းအတွင်း၌သာ ပိတ်မိနေသည့် အခြေအနေဖြစ်သည်။
ထို့နောက် မေလကုန်ပိုင်းမှ စတင်၍ စစ်ကော်မရှင်တပ်၏ စစ်ကူအင်အား ရာနှင့်ချီသည် ဖားကန့်မြို့သို့ ရောက်လာပြီးနောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ မြို့ကိုအပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ရန်ကြိုးစားလာခြင်းဖြစ်သည်။
ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ် ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်၊ ၁၄ မြို့ တို့ကို သိမ်းပိုက်ထားနိုင်သည်။



