အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကနီနယ် လေကြောင်းပစ်ခတ်မှုတွင် လူငယ်တစ်ဦး သေဆုံး

စစ်လေယာဉ်က ပစ်ခတ်မှုပြုလုပ်နေစဉ် အသက် ၁၈ နှစ်အရွယ် အမျိုးသားမှာ ဦးခေါင်းကို တိုက်ရိုက် ထိမှန်ပြီး သေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ယနေ့ (စက်တင်ဘာ ၃ ရက်နေ့) လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံ များထံက သိရသည်။ 

ကနီမြို့တောင်ဘက်  ရှစ်မိုင်ခန့်အကွာ သမင်ခြံရွာကို မွန်းလွဲ တစ်နာရီခွဲဝန်းကျင်က လေကြောင်း မှ နှစ်ကြိမ် ပစ်ခတ်ခဲ့စဉ် ရွာတောင်ပိုင်းဘက် အိမ်စုများအနီး ကျရောက်ပေါက်ကွဲခဲ့သည်။ 

“ ရော့ကတ်နဲ့ ပစ်တာ နှစ်ကြိမ်ပစ်သွားတာ။ အတွဲလိုက်တွေ ဝုန်းဝုန်းဝုန်းဝုန်းနဲ့ပစ်သွားတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“ (ပစ်ခတ်ခံရသောနေရာက) ရွာနဲ့ မလှမ်းမကမ်းမှာ ရွာစုလေးလိုပါပဲ။ ကြားထဲမှာယာခင်းလေး တစ်ကွက် နှစ်ကွက်လောက်ပဲ ခြားတာ။ ရွာနဲ့တဆက်တည်းပဲ။ အဲ့ဒီနားမှာ အိမ်ခြေများတယ် ၊ ကွက်သစ်လိုမျိုး ဖြစ်နေတာ။ အဲ့ဒီရွာစုလေးထဲကို ကျတာ” ဟု ၎င်းက ဆက်ပြောသည်။

ဦးခေါင်းကို ဗုံးစတိုက်ရိုက်ထိမှန်ပြီး ခေါင်းပွင့်ထွက်ကာ အနီးရှိ တူးလက်စကျင်းတစ်ခုအတွင်း ခန္ဓာကိုယ် လွင့်စင်၍ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ 

“ ကလေးက ထွက်ကြည့် တယ်ထင်ပါတယ်။ အိမ်သာကျင်းက တူးခါစ လူတစ်ရပ်မရှိတစ်ရှိလောက် နေမှာ။ အဲ့ဒီကနေပစ်ရင် ခုန်ချမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကြည့်တယ်ထင်ပါတယ်။ အဲ့ဒါနဲ့တကယ်ပစ်တော့ ကျင်းထဲတော့ဆင်းလိုက်တယ် ဒါပေမယ့် သူ့ဆီ တည့်တည့်ပစ်တာလိုဖြစ်ပြီးတော့ ခေါင်းပြတ်ထွက် သွားတာ”ဟု အထက်ပါ ဒေသခံက ဆိုသည်။ 

အိမ်ခြေ ၅၀၀ နီးပါးရှိသည့် သမင်ခြံရွာကို လွန်ခဲ့သည့် သုံးရက်ကလည်း (ဩဂုတ် ၃၁ ရက်) ကလည်း လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပုန်းခိုကျင်းထဲဝင်ပုန်းနေသည့် သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦး ဗုံးစထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်။ 

ကနီမြို့နယ်အတွင်း မြေပြင်စစ်ကြောင်းမရှိသေးသော်လည်း သမင်ခြံရွာနှင့် ၁၀ မိုင်ခန့်အကွာ ကနီ- ယင်းမာပင် နယ်စပ် အနီး ယနေ့ နံနက်မှ စတင်ပြီး အင်အား ဆယ်နှင့်ချီပါဝင်သော စစ်ကြောင်းတစ်ခု ဝင်ရောက်နေကာ နေအိမ်မီးရှို့မှုများရှိကြောင်း ဒေသခံများထံက သိရသည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ရှိရာ မုံရွာနှင့် မိုင် ၃၀ ကျော် သာကွာဝေးသည့် ကနီမြို့သည် တော်လှန်ရေးအင်အားစုများ အားကောင်းရာဒေသဖြစ်ပြီး မြို့ပေါ်မှအပ ကျေးလက်ဒေသအများစုကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ 

စစ်တပ်ခြေကုပ်ယူထားသည့် ကနီမြို့ကို သိမ်းပိုက်နိုင်ရန်အတွက် တော်လှန်ရေးအင်အားစုများက ၂၀၂၃ မတ်လတွင် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ ရပ်ကွက်အများစု သိမ်းနိုင်ခဲ့သော်လည်း လေကြောင်းမှ အပြင်းထန်တိုက်ခိုက်ပြီး စစ်ကူအင်အားဖြည့်တင်းမှုကြောင့်  မြို့ကိုအပြီးသတ်မသိမ်းနိုင်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရသည်။ 

ကနီမြို့နယ်တွင် ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ စက်တပ်လေထီးများဖြင့် တိုက်ခိုက်မှုများ မကြာခဏ လုပ်လေ့ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိသည်။ 

၁၀၂၇ စစ်ဆင်ရေးတွင် နယ်မြေအများပြားလက်လွှတ်ခဲ့ရသည့် စစ်တပ်သည် ယခုနှစ်လယ်ပိုင်းက စ၍ ပြန်လည်ခေါင်းထောင်လာပြီးနောက် ဆုံးရှုံးခဲ့ရသည့်နယ်မြေများကို ပြန်လည်ထိုးစစ်ဆင်နေပြီး စစ်ကိုင်းတိုင်းမှ မြို့နယ် ၁၀ ခုထက်မနည်းတွင် ဆက်တိုက် စစ်ကြောင်းထိုးနေသည်။ 

အနောက်မြောက်တိုင်းစစ်ဌာချုပ်ရှိရာ မုံရွာ နှင့်အနီးရှိမြို့များဖြစ်သည့် ဘုတလင်၊ ချောင်းဦး၊ ပုလဲ တို့ နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်နေသည်။

နိုင်ငံအလယ်ပိုင်းတွင် မြေပြင်ထိုးစစ်များ ပြန်လည်ဝင်ရောက်နေသလို လေကြောင်းတိုက်ခိုက်မှုများ လည်း လျော့မသွားခဲ့သောကြောင့် ကလေး၊ သက်ကြီးရွယ်အို၊ သံဃာများအပါအဝင် အရပ်သားများ၊ တော်လှန်ရေးအဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေသည်။ 

Related Articles

Back to top button