ပဲခူးတိုင်းအရှေ့ပိုင်း ကျောက်ကြီးမြို့နယ်တွင် နယ်မြေစိုးမိုးရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ယမန်နေ့ (စက်တင်ဘာလ ၂ ရက်နေ့) တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံက သိရသည်။
စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် ကျောက်ကြီးမြို့အနောက်မြောက်ဘက် သုံးမိုင်ကျော်အကွာရှိ မျက်ရဲ (မြန်မာ) ရွာဘက်ကို စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကြောင်း ထိုးလာသည်။
ထိုစစ်ကြောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်ရင်း(၈) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ နဂါးနီတပ်ရင်း ၊ အမှတ်(၃၅၀၂) တပ်ရင်းတို့က တိုက်ခိုက်ခဲ့ကြောင်း NUG အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ယနေ့ သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲတွင် စစ်တပ်က တိုက်ခိုက်ရေးလေယာဉ်များဖြင့် ပစ်ကူပေးခဲ့ကြောင်း နဂါးနီစစ်ကြောင်း၏ တာဝန်ရှိသူက ပြောသည်။
“တိုက်ပွဲမှာ Jet fighterနဲ့ Mi 35 ပစ်ကူပေးပါတယ်။ လက်နက်ကြီးနဲ့ ဒရုန်းဗုံးသီးတွေနဲ့ တိုက်ခိုက်ပါတယ်။ ရွှေကျင်ဘက်ကပုံစံနဲ့တော့ မတူဘူး။ ရွှေကျင် ခမရ (၅၉၈) တုန်းက ကိုယ်က သွားသိမ်းလို့ ပြန်ထိုးတာ။ အခုက ကျောက်ကြီးမြို့အတွက် ထွက်ပေါက်ရှာတာ။ နယ်မြေချဲ့ကြည့်တာပေါ့” ဟု ၎င်းက ဆိုသည်။
ကြားဖြတ်တိုက်ခိုက်ခံရသောကြောင့် လူသူ၊ လက်နက်များဆုံးရှုံးခဲ့ရသော အဆိုပါစစ်ကြောင်းသည် လေကြောင်းပစ်ကူပေးနေသည့်ကြားမှ တစ်မိုင်အကွာအဝေးရှိ လပတ်ရွာဘက်သို့ လာလမ်းအတိုင်း ပြန်ဆုတ်သွားကြောင်း PDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့က ဆိုသည်။
တိုက်ပွဲအတွင်း MA စီးရီးဝင် ရိုင်ဖယ် ခုနစ် လက်၊ ပခုံးထမ်းဗုံးပစ်လောင်ချာ (RPG) တစ်လက်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း NUG အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ဆိုသည်။
ကျောက်ကြီးမြို့၏ အနောက်မြောက်ဘက် နှစ်မိုင်ကျော်အကွာရှိ လပတ်ရွာကိုလည်း ဇူလိုင်လအတွင်း တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ပျူစောထီး (ပြည်သူ့စစ်) အများအပြားရှိသည်ဟု လူသိများသည့် အဆိုပါရွာတိုက်ခိုက်မှုအတွင်း အရပ်သားသတ်ဖြတ်ခံရမှုများရှိခဲ့သည်ဟု စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။
မကြာသေးခင် ဩဂုတ်လ ၃၁ ရက်ကလည်း လပတ်ရွာမှ အင်အား ၁၀၀ ခန့်ဖြင့် မျက်ရဲ (မြန်မာ)ရွာသို့ စစ်ကြောင်းထိုးခဲ့ပြီး KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သောကြောင့် ပြန်ဆုတ်သွားရာမှ ယမန်နေ့က ထပ်မံစစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်သည် KNU ၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၃) ညောင်လေးပင်ခရိုင် (ကရင်အခေါ် ခလွယ်လွေထူးခရိုင်) ထဲတွင် ပါဝင်နေပြီး တပ်မဟာ ၇ ခု ရှိသည်။
ကျောက်ကြီးမြို့နယ်အတွင်း စစ်မှုထမ်းသစ်များအသုံးပြု၍ စစ်ကြောင်းထိုးလာနေခြင်းဖြစ်သည်ဟု NUG အမှတ် (၂) စစ်ဆင်ရေး နယ်မြေ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးက ဆိုသည်။
“စစ်မှုထမ်းဥပဒေအရ ဝင်လာတဲ့ တပ်သားသစ်တွေ အသုံးများပါတယ်။ အကြမ်းဖက် စစ်တပ်က သူတို့ မြေပြင်မှာ စိုးမိုးမှုမရှိတဲ့ အနီးအနားရွာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေပါတယ်” ဟု ၎င်းက Myanmar Now ကို ယနေ့ ပြောသည်။

စာသင်ကျောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
KNU တပ်မဟာ (၃) နယ်မြေ၌ တိုက်ပွဲဖြစ်နေစဉ် KNU တပ်မဟာ (၇) ဖားအံခရိုင် နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ဝန်းကျင်ရှိ ကရင်စာသင်ကျောင်း ယနေ့ နံနက် ၁၀ နာရီတွင် အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရသည်။
ကျောင်းချိန်ဖြစ်သဖြင့် ဆရာမ တစ်ဦး၊ ဆရာ တစ်ဦး၊ ကျောင်းသား တစ်ဦးတို့ ဒဏ်ရာရခဲ့ပြီး ရုံးခန်း တစ်ခု ပျက်စီးခဲ့ကြောင်း KNU ဖားအံခရိုင်၏ ထုတ်ပြန်ချက်အရသိရသည်။
KNU ၏ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) လက်အောက်ရှိ ကော်သူးလေကျောင်းအမှတ် (၇၀၈၂) နော်တခီးအခြေခံပညာအလယ်တန်းကျောင်း တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ဌာနချုပ် သုံးခုထက်မနည်း အခြေစိုက်သော တပ်မဟာ (၇) နယ်မြေအတွင်း ဌာနချုပ်များအနီး တိုက်ခိုက် ခံရပြီးနောက် ဒုတိယအကြိမ် ဖြစ်သည်။
KNU ဘက်ကလည်း မကြာသေးသည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ကရိတ်- မြဝတီ အာရှလမ်းသစ်ရှိ စစ်ကော်မရှင်တပ်လက်အောက်ခံ တံတားပြင်နေသည့် အဖွဲ့ကို အသေခံဒရုန်းဖြင့်တိုက်ခိုက်ထားသည်။
မြို့အရှေ့ဘက် ကော့နွဲ့ရွာအနီး အာရှလမ်းသစ်ပေါ်ရှိ ကျိုးနေသော တံတားအား အင်ဂျင်နီယာတစ်ဦးနှင့် လုပ်သား ၂၆ ဦးတို့ ပြုပြင်နေစဉ် နေ့လယ် ၁ နာရီခွဲတွင် အသေခံဒရုန်း နှစ်စီး ဖြင့် တိုက်ခိုက်ခံရသည်ဟု
စစ်ကော်မရှင်ဘက်က စက်တင်ဘာ ၂ ရက်တွင် မြန်မာ့အလင်းသတင်းစာမှတစ်ဆင့် ထုတ်ပြန်သည်။
KNU၊ PDF တို့ တိုက်ခိုက်သော ဒရုန်းပေါက်ကွဲမှုကြောင့် အမျိုးသား တစ်ဦးသေပြီး ရှစ် ဦးဒဏ်ရာရကြောင်း စစ်ကော်မရှင်ဘက်က ဆိုသည်။
ကော့ကရိတ်မြို့မှ ထိုင်းနယ်စပ် မြဝတီမြို့အထိ ကော့ကရိတ်- မြဝတီ အာရှလမ်းသစ်ကို ထိန်းချုပ်နိုင်ရန် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ချီတက်ထိုးစစ်ဆင်နေသည်။ လက်ရှိအချိန်ထိ ဒေါနတောင်ကို မကျော်နိုင်ဘဲ KNU နှင့် PDF ပူးပေါင်းတပ်များ၏ စောင့်ကြိုတိုက်ခိုက်မှုခံနေရသည်။
ကော့ကရိတ်မြို့မြောက်ဘက်၊ ဒေါနတောင်ကျော် လမ်းဟောင်းအနီးရှိ ရန်ကုန်ရွာအနီး စစ်ကြောင်းတစ်ခုနှင့် KNU ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲများဖြစ်နေကြောင်း ကရင်နီပြည်နယ်သတင်းများအထူးပြုဖော်ပြသည့် KIC သတင်း၏ ရေးသားချက်အရသိရသည်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်သား လေး ဦးအား စက်တင်ဘာ ၂ ရက်နေ့တွင် အရှင်ဖမ်းမိထားသည်၊။ ဖမ်းမိထားသည့် စစ်သုံ့ပန်းများကို KNLA ၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု KNU ၏ တပ်မဟာ (၄ ) က ယနေ့ သတင်းထုတ်ပြန်သည်။



