အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ဆေးဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး ကိုးကန့်တပ် လားရှိုးတွင် သွားရောက် ဆွေးနွေး 

တရုတ်စွက်ဖက်မှုကြောင့် လက်လွှတ်လိုက်ရသည့် လားရှိုးမြို့တွင် ဆက်စပ်လုပ်ကိုင်ခဲ့သူများကို မနှောင့်ယှက်ရန် ကိုးကန့်တပ်ဖွဲ့က စစ်တပ်ကို တောင်းဆိုနေသည်ဟု သိရသည်။

ကိုးကန့်တပ် (MNDAA) က တရုတ်စွက်ဖက်မှုကြောင့်   ပြန်လည်ဆုတ်ခွာခဲ့ရသည့် လားရှိုးမြို့တွင်  ၎င်းတို့နှင့် ဆက်စပ်လုပ်ကိုင်ဖူးသူများကို ဖမ်းဆီး စစ်ဆေးမှုမပြုရန် အာဏာသိမ်းတပ်ကို ယမန်နေ့ (စက်တင်ဘာလ ၂ ရက်နေ့) တွင် ဆွေးနွေးတောင်းဆိုထားသည်ဟု  ဒေသခံများထံက သိရသည်။

နှစ်ဖက်ကိုယ်စားလှယ်များ လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ်၌ တွေ့ဆုံခဲ့ကြကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့သူများ ဖမ်းဆီးခံထားရလျှင် ပြန်လွှတ်ပေးရန်  MNDAA က တောင်းဆိုခဲ့ကြောင်း သိရသည်။

“လားရှိုးမြို့ထဲမှာ အရင်တုန်းက ကိုးကန့်တပ်ဖွဲ့နဲ့ တွဲပြီး အလုပ်လုပ်ခဲ့တဲ့သူတွေကို စစ်တပ်နဲ့ ရဲတွေက လိုက် စစ်မေးနေတယ်။ အဲဒီလို မလုပ်ဖို့ ကိုးကန့်ဘက်က အဓိကပြောတာ။ တခြားကိစ္စတွေကိုတော့ သိပ်မဆွေးနွေးကြပါဘူး” ဟု ဆွေးနွေးပွဲအခြေအနေသိရှိသူ တစ်ဦးက ပြောသည်။

လားရှိုးမြို့ လွှဲပြောင်းရေး သဘောတူညီမှု စာချုပ်တွင်လည်း ကိုးကန့်တပ်ဖွဲ့ အုပ်ချုပ်စဉ်ကာလ တာဝန် ထမ်းဆောင်သူများကို အရေးယူမှုမပြုရဟူသော  အချက်ပါဝင်ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့နှင့် ဆွေးနွေးပွဲများနှင့် နီးစပ်သူများက ဆိုသည်။

လားရှိုးမြို့၌ ဩဂုတ်လမှ စတင်ကာ လုံခြုံရေးအကြောင်းပြချက်ဖြင့် ဧည့်စာရင်း စစ်နေပြီး မသင်္ကာသူများကိုလည်း ခေါ်ယူစစ်ဆေးနေသည်ဟု မြို့ခံများထံက သိရသည်။

ကိုးကန့်တပ်ဖွဲ့က ၎င်းတို့သိမ်းထားသည့်မြို့များထဲမှ  သိန္နီမြို့ကို အာဏာသိမ်းတပ်ထံ လွှဲအပ်မည်ဟု သတင်းထွက်နေသော်လည်း ယမန်နေ့ တွေ့ဆုံမှုတွင်  ထိုအကြောင်းအရာကို ဆွေးနွေးမှု မပြုခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

လားရှိုးမြို့ကို စစ်တပ်လက်ထဲ ထည့်လိုက်ရပြီး  ခြောက်လတာ ကာလအတွင်း   ခြောက်ကြိမ် အနည်းဆုံး  တွေ့ဆုံခဲ့သော်လည်း ဆွေးနွေးမှုရလဒ်များကို ထုတ်ပြန်ကြခြင်းမရှိပေ။

ဇူလိုင်လ ၃၀ ရက်နေ့တွင် ကွတ်ခိုင်မြို့ အမှတ် (၂) ရပ်ကွက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ MNDAA အရာရှိအပါအဝင် ခုနစ် ဦး သေဆုံးပြီး အနည်းဆုံး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း  နီးစပ်သူများက ပြောသည်။

“ကိုးကန့်ဘက်က သူ့လူထိထားတော့ သိပ်တော့မကျေနပ်ဘူးပေါ့။ ပြီးခဲ့တဲ့ဩဂုတ်ဆွေးနွေးပွဲမှာ အဲကိစ္စအတွက် စစ်တပ်ကို MNDAA ဘက်ကပြောခဲ့တာရှိတယ်။ အဲတုန်းကတော့ စစ်သုံ့ပန်းလွှတ်ရေးအဓိကဆွေးနွေးတာ” ဟု ဆွေးနွေးပွဲ အကြောင်း သိရှိသူတစ်ဦးက ဆိုသည်။

လားရှိုးမြို့နယ်တွင် ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၇၀ ကျော်ရှိပြီး လူဦးရေ သုံးသိန်းကျော် နေထိုင်နေသည်။ လားရှိုးမြို့ပေါ်ရပ်ကွက်များကို  ကိုးကန့်တပ်က ပြန်လွှဲပေးခဲ့သော်လည်း ကျေးရွာအုပ်စု ၇၀ ကျော်ကို MNDAA က သိန္နီခရိုင်အောက်တွင် ဆက်လက်အုပ်ချုပ်ထားသည်။

လားရှိုးတွင် ဆေးတပ်ရင်း၊ ဝန်တင်တပ်ရင်း၊ အမှတ် (၆၂၆) ထောက်ပို့တပ်ရင်း၊ အမှတ် (၈) ပညာရေးတပ်၊ ခလရ-၆၈ တပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ စစ်လက်နက်ပစ္စည်းတပ်၊ ယာဉ်သိုလှောင်ရေးတပ်၊ ဆောက်လုပ်ရေးတပ်၊ ဆက်သွယ်ရေးတပ် စသည့် တပ်များ  အခြေစိုက်သည်။ 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ထောက်ပို့တပ်နှင့် ခြေလျင် တပ်ရင်းအချို့တွင် အာဏာသိမ်းတပ်က တပ်ဖြန့်ချထားခွင့် ရရှိထားသည်။ 

မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) ခေါ် ကိုးကန့်တပ်ဖွဲ့၏ အုပ်ချုပ်မှုအောက် ရောက်နေသည့် ဝန်တင်တပ်ရင်းစခန်းနှင့် ကျန်ရှိသည့် တပ်စခန်းများတွင် အင်အား ထပ်ဖြည့်လိုသည့် အာဏာသိမ်းတပ်သည် ကိုးကန့်တပ်နှင့် ဆက်လက် ဆွေးနွေးနေပြီး လက်ရှိ အချိန်အထိ သဘောတူညီမှု မရသေးသည့် အခြေအနေရှိနေသည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီအုပ်ချုပ်သည့် ခြောက် လတာ ကာလအတွင်း လားရှိုးမြို့တွင် ဆေးရုံ၊ စာသင်ကျောင်းများ၊ ပြန်ဖွင့် ထားသော်လည်း လျှပ်စစ်မီးနှင့် အင်တာနက် ဝန်ဆောင်မှုများ၊ ပုဂ္ဂလိကဘဏ်လုပ်ငန်းများ ပုံမှန်မဖြစ်သေး ကြောင်း လားရှိုးမြို့ခံများထံက သိရသည်။

စစ်တပ်က ဆက်လက် ကိုင်စွဲထားသည့်  ၂၀၀၈ အခြေခံဥပဒေအရ  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပိုင်နက်တွင် တရုတ်နယ်စပ်မှ ကုန်းကြမ်းနှင့်လောက်ကိုင်မြို့သာပါဝင်သည်။ ကိုးကန့်တပ်များသည် လောက်ကိုင်မှ မိုင် ၈၀ ကျော်ဝေးသည့် လားရှိုးအထိခြေချထားနိုင်ပြီး တရုတ်နယ်စပ်နှင့် လားရှိုးကြား၊ မုံးကိုး၊ ကြူကုတ်၊ ကွမ်းလုံနှင့် သိန္နီ စသည့်မြို့များကို သိမ်းပိုက်ထားသည်။

Related Articles

Back to top button