ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ငါး ဦး ထက်မနည်း စက်တင်ဘာလ တတိယပတ်အတွင်း စစ်တပ်ဘက်သို့ ဘက်ပြောင်းမှုများ ရှိနေကြောင်း သိရသည်။
တနင်္သာရီတိုင်းမှ KNLA တပ်ဖွဲ့ဝင် လေးဦး၊ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တစ်ဦးအပါအဝင် ခြောက်ဦး ယခုရက်ပိုင်းအတွင်း စစ်တပ်ထံ လက်နက်ချပူးပေါင်းသွားခြင်း ဖြစ်သည်။
ဘက်ပြောင်းသွားသူ လေးဦးအနက် စစ်ကော်မရှင်တပ်သားဟောင်း တစ်ဦး၊ သုံးဦးမှာ ကော်သူးလေ တပ်မတော် (KTLA) မှ KNLA ထံ ပြောင်းလာသူများဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုသည်။
“တစ်ယောက်က အရင်က စကစ စစ်သား၊ ကျွန်တော်တို့ဆီကိုပြေးလာတာ။ ပြေးလာပြီးတော့ ခုပြန် ထွက်ပြေးတယ်။ အခု ပါသွားတဲ့ သုံး ယောက်က ကျွန်တော့်အထင် အရင်က KTLA စစ်သား။ ကျွန်တော် တို့ဘက်ကို ပြန်လာပြီးတော့ အခုသူတို့ အဲ့ဒီ စကစ စစ်သားနောက်မှာပါသွားတာ”ဟု ပဒိုစောအယ်နားက ဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်ရုံးတပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် ခြောက် ဦး သည်လည်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့က စစ်တပ်နှင့်
ပူးပေါင်းသွားကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ကျည်ဆန်ခိုးရောင်းမှုဖြင့် တပ်ဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခံထားရသည့် ရေဦးမြို့နယ် ပကဖ လက်ရုံးတပ်မှ တပ်ဖွဲ့ဝင် ကိုအောင်သူဝင်းနှင့်အတူ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် အရပ်သား ငါးဦးတို့သည် အကျယ်ချုပ်ထားသည့်နေရာမှ ညနေတွင် ထွက်ပြေးသွားခြင်းဖြစ်သည်။
၎င်းတို့သည် မူးမြစ်ကို ဖြတ်ကူး၍ တစ်ဖက်ကမ်း ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်အခြေစိုက် စစ်တပ်ထံ သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ အဲ့ဒီနေ့က သူတို့ ခြောက်ယောက်ကို ထင်းတိုက်လွှတ်လိုက်တာ။ စိုးမိုးနယ်မြေဟိုဘက်ကမ်းမှာ မူးမြစ် တစ်ဖက်ကမ်း ကာဘိုးရွာရှိတယ်။ မူးကိုကူးပြီးဖြတ်သွားတာ။ ကာကွယ်ရေးအဖွဲ့တွေက ကင်းတွေ ရှိပေမဲ့ ဒီရဲဘော်လည်းပါတော့ ခါတိုင်းသွားနေကျဆိုတော့ သတိမမူလိုက်မိတော့တာ” ဟု ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောသည်။
ကိုအောင်သူဝင်းသည် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသည်မှာ သုံးနှစ်နီးပါးခန့်ရှိပြီး ကျည်ဆန် ခိုးရောင်းမှုဖြင့် ယာယီ တာဝန်ရပ်ဆိုင်းသည့် ပြစ်ဒဏ်ကို ယခုလအစောပိုင်းက ချမှတ်ထား ခြင်းဖြစ်သည် ဟု ၎င်းက ဆက်ပြောသည်။
ကျန် ငါးဦးသည် စစ်တပ်ဆက်နွယ်မှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသည့် ကန့်ဘလူ ဒေသခံ နှစ်ဦး၊ စစ်သားများနှင့် ဆက်နွယ်မှုလုပ်သဖြင့် ဖမ်းဆီးထားသည့် ရေဦးမြို့နယ်မှ ဒေသခံ နှစ်ဦးနှင့် ကာကွယ်ရေးအဖွဲ့များ မိုင်းထောင် နေစဉ် ဖျက်ဆီးမည် ပြောဆိုခြိမ်းခြောက်မှုတို့ကြောင့် ဖမ်းဆီးထားသူ တစ်ဦးတို့ ဖြစ်ကြောင်း ပကဖ တာဝန်ရှိသူထံက သိရသည်။
ထွက်ပြေးသွားသူများသည် ထင်းတိုက်စဉ် ထွက်ပြေးသွားခြင်းဖြစ်သဖြင့် လက်နက်များ ပါဝင်သွားခြင်း မရှိဟု ဆိုသည်။
“ကျန်တဲ့သူတွေ ဦးဆောင်တာမဖြစ်နိုင်ဘူး။ ရဲဘော်ကိုသွားပြီး ဦးဆောင်ရင် ရဲဘော်က ပြန်တိုင်လိုက်ရင် အသတ်ခံရမှာပေါ့။ သူ (ကိုအောင်သူဝင်း) ဦးဆောင်တာဖြစ်ဖို့များတယ်”ဟု ပကဖ တာဝန်ရှိသူက ပြောသည်။
ရေဦးမြို့နယ်မှ PDF တပ်ဖွဲ့ဝင် ခြောက်ဦးသည် ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာရှိ စစ်တပ်ထံလာရောက် အလင်းဝင်ခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြသည်။
ကျေးရွာ ၁၀၀ ကျော်ရှိသည့် ရေဦးမြို့နယ်တွင် ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများ က ထိန်းချုပ်ထားပြီး ကပ်လျက် ကာဘိုးမြို့နယ်တွင် စစ်တပ်က အထိုင်ချ တပ်စွဲထားသည်။
၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်က မြို့ပေါင်းဆယ်နှင့်ချီ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် ရှမ်းမြောက်တွင် စစ်ရေးအရှိန်သိသိသာသာလျော့သွားချိန် ယခုနှစ်လယ်ပိုင်း ကစပြီး နိုင်ငံအနှံ့တွင် စစ်ရေးလှုပ်ရှားမှုများ ပြန်လည်ခေါင်းထောင်လာသည်။
တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အလင်းဝင်ဘက်ပြောင်းခိုလှုံရန် ဖိတ်ခေါ် သည့် စိတ်ဓာတ်စစ်ဆင်ရေး လှုံ့ဆော်မှုများကို သိသိသာသာလုပ်လာသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်တွင် လက်နက်ချသည့် PDF အဖွဲ့ဝင် ငါး ဦး ကို မိဘများထံ အခမ်းအနားဖြင့် ပြန်လည်အပ်နှံခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထား သည်။
လက်နက်ခဲယမ်းများနှင့်အတူ စစ်တပ်သို့ ဘက်ပြောင်းခိုလှုံလာသည့် လေး ဦးကို လက်ခံပြီး မိဘများထံ ပြန်လည်အပ်နှံသည့်အခမ်းအနားကို ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ်တွင်ပြုလုပ်ခဲ့ပြီး ဂုဏ်ပြုဆုငွေများပေး အပ်ခဲ့ကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့တွင် စစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။




