လိုင်စင်မဲ့ကုန်စည်များဖမ်းဆီးရေးအကြောင်းပြချက်ဖြင့် မြဝတီနယ်စပ်တံတားကို ပိတ်ပင်ထားပြီး သွင်းကုန်များကို ကန့်သတ်နေသည့် စစ်ကော်မရှင်က ရန်ကုန်အဝင် ထိုင်းကုန်စည်တင်ယာဉ်များကို လနှင့်ချီကြာ ပိတ်ဆို့ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ လူသုံးကုန်ပစ္စည်းများကို တင်ဆောင်သည့် ကုန်ကားများသည် ရန်ကုန်သို့ ဝင်ရောက်ရန် စောင့်ဆိုင်း နေရသည်မှာ နှစ်လနီးပါးခန့် ကြာမြင့်လာပြီဟု ကုန်စည်ပို့ဆောင်သူများက ဆိုသည်။
အဆိုပါကုန်တင်ယာဉ်များသည် ပဲခူးတိုင်းအတွင်းရှိ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်နှင့် ကရင်ပြည်နယ်ထဲမှ သာမည စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းခွင့်မရဘဲ ပိတ်ဆို့ခံထားရသည်ဟု သိရသည်။
ပြီးခဲ့သည့် သြဂုတ်လက ဆေးဝါးနှင့်လူသုံးကုန်များ အပါအဝင် ကုန်ပစ္စည်းအမျိုးအစားပေါင်း ၃၅မျိုး တင်သွင်းခွင့်ကို စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ပိတ်ပင်ခဲ့ပြီး ကုန်စည်ပို့ဆောင်သည့် အဓိကလမ်းကြောင်းများတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ကုန်ကား အဝင် လမ်းကြောင်းများအားလုံး ပိတ်သွားပြီးနောက် လမ်းပြန်ဖွင့်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေရသည်ဟု ကုန်ကားမောင်းသူများကဆိုသည်။
“ကုန်ကားတွေလည်း လမ်းပေါ်မှာ မနေရဲဘူး။ ကုန်တင်ထားတဲ့ကားတွေ တွေ့တာနဲ့ ကားဆရာကို ဖမ်းတယ်။ ကားနဲ့ ကုန်တွေကို သိမ်းတာမျိုးရှိလို့ လွတ်ရာမှာပဲသွားနေရပါတယ်” ဟု ကုန်ကား ယာဉ်မောင်းတစ်ဦးကပြောသည်။
“လမ်းဖွင့်ဖို့အတွက်စောင့်နေတာပါ။ ဘယ်ကနေပဲပို့ပို့ သာမည နဲ့ညောင်ခါးရှည်မှာ ရန်ကုန်အဝင် ထိုင်းကုန်တွေကို အကုန်ပိတ်ထားတာ လနဲ့ချီနေပါပြီ။ လမ်းပိတ်ထားတာ သွားရင် အသိမ်းခံရမှာစိုးလို့ မသွားဘဲ လမ်းဖွင့်မယ့်အချိန်ကိုစောင့်နေကြတာပါ” ဟု၄င်းကဆက်ပြောသည်။
လနှင့်ချီပြီး လမ်းတွင် ပစ္စည်းများပိတ်မိနေသောကြောင့် ငွေများမြုပ်နေပြီး အော်ဒါများ လက်မခံတော့ဘဲ ပစ္စည်းအဝင်ကို ထိုင်စောင့်နေရသည်ဟုလည်း ထိုင်းနိုင်ငံထုတ်ပစ္စည်းများကို အွန်လိုင်းမှ ရောင်းချသည့် အမျိုးသမီးတစ်ဦးကပြောသည်။
“ဘားအံအဝင်ကို ပေးမဝင်သေးတာလို့ပြောတယ်။ အခြေအနေကတော့ အခုထိမထူးသေးဘူး။ လမ်းမှာနေတာတော်တော်လေးကြာနေလို့ ပစ္စည်းတွေ ပျောက်တာ၊ ပျက်စီးတာတွေဖြစ်မှာ စိတ်ပူနေရတယ်”
စစ်ကောင်စီ၏ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီက နေပြည်တော်အပါအဝင် အခြားမြို့ကြီးများတွင် တရားမဝင်ကုန်သွယ်မှုများကို အရေးယူဆောင်ရွက်ရန်အတွက် စက်တင်ဘာလ ၁၃ ရက်နေ့က ညွှန်ကြားထားသောကြောင့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင်လည်း ထိုင်းနိင်ငံထုတ် ကုန်ပစ္စည်းများကို အဓိကပစ်မှတ်ထားပြီး ယာဉ်မောင်းနှင့် ကုန်ပစ္စည်းများကို သိမ်းဆည်းမှုများ ရှိနေသည်ဟု လည်း၎င်းက ဆက်ပြောသည်။
“ကားအသေးနဲ့ ခွဲသယ်တုန်းက လူပါမှလက်ခံမယ်ပြောတယ်။ အဲ့ဒါ လူပါတော့လည်း ထိုင်းပစ္စည်းပါလို့ ဆိုပြီး လူပါခေါ်ထားလို့ လူပါပြန်ရွေးလိုက်ရတာမျိုးလည်းရှိတယ်လို့ ပြောတယ်။ တစ်နိုင်တစ်ပိုင် လိုင်းပေါ်မှာ စျေးရောင်းတဲ့သူတွေလည်း အကုန်လုံးပူပင်သောကရောက်နေကြတာပါ”
၂၀၂၄ ခုနှစ်တွင် ပို့ကုန်ရငွေ (Export Earning) ၃၀ ရာခိုင်နှုန်းပြနိုင်မှသာသွင်းကုန် လိုင်စင်ထုတ်ပေးသည့် စနစ်ကို ကျင့်သုံးနေသည့်အတွက် လူသုံးကုန်ပစ္စည်းနှင့်ဆေးဝါးများ စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်း၊ ကုန်စျေးနှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်နေသည်။
“တချို့သွေးကျဆေးတွေဆိုရင် ဝယ်မရတော့တာမျိုးရှိတယ်။ အာနိသင်တူတဲ့တခြားဆေးတွေ ရှာပြီးဝယ်သောက်ရတယ်။ သောက်နေကျဆေးက ပြန်ရလိုက်၊ ပြတ်သွားလိုက်နဲ့ တစ်ခါတလေ ဆေးပြတ်သွားရင် တစ်လ၊နှစ်လလောက်ကြာတက်တယ်။ အရင်လတုန်းကလည်း ကိုဗစ်စစ်တဲ့ tester ရှာဝယ်တာ ဆေးဆိုင်ကြီးတွေကအစ မရှိဘူး,” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။
ဆေးဝါး၊ ဆောက်လုပ်ရေးပစ္စည်း၊ စက်သုံးဆီနှင့် စက်မှုကုန်ကြမ်းပစ္စည်းများကို လိုင်စင်ချပေးသည်ဟု ဆိုသော်လည်း ရေကြောင်းလမ်းမှတဆင့်သာ ခွင့်ပြုပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တဆင့် သယ်ယူပို့ဆောင်မှုကို ပိတ်ထားသည်။
မြဝတီနယ်စပ်ဂိတ်မှ တဆင့် ကုန်ပစ္စည်းတင်သွင်းခွင့် လိုင်စင်များကိုပိတ်ထားဆဲဖြစ်သောကြောင့် တနင်္သာရီတိုင်း၊ ကော့သောင်းမှတဆင့် ရေလမ်းကြောင်းဖြင့်သာ ကုန်စည်များ တင်ပို့မှုများလာပြီးနောက် လာမည့် အောက်တိုဘာမှ စတင်ကာ ရန်ကုန်-ကော့သောင်း-ရနောင်း နှင့် ရနောင်း-ကော့သောင်း-ရန်ကုန် နယ်စပ်ကုန်သွယ်ရေးတွင် MACCS System (Myanmar Automated Cargo Clearance System )အသုံးပြုသွားမည်ဟု ကြေညာထားကြောင်း သွင်းကုန် လိုင်စင်လျှောက် ပေးသူတစ်ဦးကပြောသည်။
“မြဝတီဘက်ကိုလိုင်စင်ချမပေးတာ အရင်လကတည်းကနေ အခုထိ ပိတ်ထားတုန်းပဲ။ လိုင်စင်မချပေးသေးဘူး။ ကော့သောင်းဘက်ကိုတော့ လိုင်စင်ချပေးတယ်။ ရနောင်းဆိပ်ကမ်းဘက်ကနေ ကုန်တင်ပြီးတော့ ကော့သောင်းကနေတဆင့် ရေလမ်းနဲ့ ရန်ကုန်ဘက်ကိုတော့ပို့လိုရတယ်” ဟု အဆိုပါအမျိုးသမီးကပြောသည်။
တရားမဝင်လမ်းကြောင်းများမှ တဆင့် လိုင်စင်မဲ့ကုန်စည် ပို့ဆောင်မှုများကို ဟန့်တားရန် စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်အရ ထိုင်း-မြန်မာကုန်သွယ်ရေးတွင် အဓိကကျသည့် ချစ်ကြည်ရေး အမှတ် (၂) တံတားကို မြဝတီဘက်ခြမ်းတွင် ပိတ်လိုက်သောကြောင့် မဲဆောက်ဘက်ခြမ်းတွင် ကုန်ကား ၅၀၀ ခန့် သြဂုတ်လနှောင်းပိုင်းက သောင်တင်နေခဲ့သည်ဟု သိရသည်။



