ထိုင်းနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာများအား ထုတ်ပေးသည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificates of Identification (CI) မှ အလုပ်သမားနိုင်ငံကူးလက်မှတ်(PJ Passport) ကို ပြောင်းလဲလျှောက်ထားရာတွင် ယနေ့(စက်တင်ဘာလ ၂၅ ရက်နေ့) မှစ၍ ထိုနိုင်ငံကူးလက်မှတ်ကို ထိုင်းနိုင်ငံအတွက်သာ အသုံးပြုခွင့်ပေးတော့မည်ဟု သိရသည်။
ထိုသို့ CI စာအုပ်မှ ပြောင်းလဲထားသော အလုပ်သမားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် ယခင်က အခြားနိုင်ငံများသို့ သွားရောက်ခွင့်ရှိသော်လည်း ယခုအခါ ထိုင်းနိုင်ငံတစ်ခုတည်းတွင်သာ နေထိုင်လုပ်ကိုင်ရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန်သာ အသုံးပြုခွင့်ရမည်ဖြစ်ပြီး အခြားနိုင်ငံများသို့ သွားလာခွင့်ကို စစ်ကော်မရှင်က ပိတ်ပင်လိုက်ကြောင်း CI နှင့် နိုင်ငံကူးလက်မှတ် အကျိုးဆောင်များက ပြောသည်။
အထောက်အထားမဲ့ မြန်မာလုပ်သားများ ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်နိုင်ရန် ထိုင်းအစိုးရက ပန်းရောင်ကတ်ဟုခေါ်သည့် ယာယီသက်သေခံကတ်ပြား ပြုလုပ်ပေးသည်။ ထိုပန်းရောင်ကတ် ရယူပြီး သူများသည် အခြေခံအလုပ်သမားဗီဇာကို CI စာအုပ်ထဲတွင်ထည့်သွင်းအသုံးပြုနိုင်သလို အနီရောင် အလုပ်သမားနိုင်ငံကူးလက်မှတ်ကို ပြောင်းလဲလျှောက်ထားခွင့်ရှိသည်။
CI မှ PJ နိုင်ငံကူးလက်မှတ်ပြောင်းလဲမှုကို ထိုင်းနိုင်ငံ မဟာချိုင်ရှိ CI စခန်းတစ်ခုတည်းတွင်သာ လျှောက်ထားခွင့်ရှိပြီး ယနေ့ ထုတ်ယူခွင့်ရရှိသည့် နိုင်ငံကူးလက်မှတ်များတွင် Passport For Thailand Only ဟုသော အပြာရောင်တံဆိပ်တုံးစာသားကို ရိုက်နှိပ်ထားကြောင်း အမည်မဖော်လိုသည့် အကျိုးဆောင်အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“တံဆိပ်တုံးထုလာတော့ အဲ့ဒီက ရုံးကလူတွေကို မေးကြည့်တော့ သူတို့ကပြောတယ်။ ဒီဥစ္စာက ဒီနေ့မှ စထုပြီးတော့ ဒီလိုမျိုးဖြစ်တာပေါ့နော်။ ထိုင်းနိုင်ငံအတွင်းမှာပဲ နေထိုင်သွားလာလို့ရမယ်။ မြန်မာနိုင်ငံကိုတော့ ပြန်လို့ရမယ်။ တခြားနိုင်ငံတွေကိုတော့သွားခွင့်မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။
“ဒီနေ့ကနေ စပြီးတော့ နောက်ထွက်မယ့်သူတွေအကုန်လုံးက ဒီတံဆိပ်တုံးတွေပါလာပြီ။ ရုံးက လုပ်ပေးတဲ့သူတွေကလည်း ညွှန်ကြားချက်အတိုင်း ထုပေးလိုက်တဲ့သဘောပေါ့။ ဒီဟာပဲသိရတယ်။ ကျန်တာမသိရဘူး”
CI မှ PJ ပြောင်းလဲလျှောက်ထားရန် ၎င်းအကျိုးဆောင်ပေးနေသည့် အမျိုးသမီးတစ်ဦးသည် ယနေ့ စာအုပ်သွားထုတ်ရာတွင် Passport For Thailand Only ဟူသော စာတန်းရိုက်နှိပ်ထားကြောင်း သူကဆိုသည်။
စစ်ကော်မရှင်လက်အောက်ခံ မြန်မာသံရုံးနှင့် အဆက်အဆံရှိသည့် အခြားအကျိုးဆောင်တစ်ဦးကလည်း ထိုသတင်းမှန်ကန်ကြောင်း ပြောသည်။
အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး အခြားနိုင်ငံများသို့ ဆက်လက်သွားရောက်ရန် စီစဉ်ထားသည့် မြန်မာများအပေါ် ရိုက်ခတ်မှုဖြစ်စေနိုင်ကြောင်း စုံစမ်းသိရသည်။
၂၀၂၁ စစ်တပ် အာဏာသိမ်းမှုကြောင့် စီးပွားရေးကျပ်တည်းကာ စားဝတ်နေရေးအဆင်မပြေသဖြင့် အိမ်နီးချင်းထိုင်းနှင့် ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် အုံလိုက်ကျင်းလိုက်ထွက်ခွာခဲ့ကြသလို အဓမ္မစစ်မှုထမ်းခိုင်းသည့် ဥပဒေကြောင့် လူငယ်လူရွယ်များသည် အိမ်နီးချင်းနိုင်ငံများသို့ တိမ်းရှောင်ခဲ့ကြသည်။
၎င်းတို့ကို ပြည်ပ မထွက်ခွာနိုင်ငံရန် နိုင်ငံကူးလက်မှတ် ထုတ်မပေးခြင်း၊ ပြည်ပသို့ သွားရောက် အလုပ် လုပ်ခွင့်ကန့်သတ်ခြင်း၊ လေဆိပ်များတွင် လှည့်ပြန်ခိုင်းခြင်း စသည့်နည်းလမ်းပေါင်းစုံဖြင့် ပိတ်ဆို့လျှက်ရှိရာ လူငယ်များကလည်း ရရာနည်းလမ်းဖြင့် ထွက်ခွာရန်ကြိုးပမ်းခဲ့ကြသည်။
အာဏာမသိမ်းခင်က ထိုင်းနိုင်ငံသို့ ရောက်လာသည့် မြန်မာတို့သည် ရွှေ့ပြောင်းအလုပ်သမားအဖြစ် အလုပ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာသူများဖြစ်ရာ CI မှ PJ ပြောင်းလဲသူနည်းပါးသည်။

လက်ရှိတွင်မူ လူငယ်များသည် စစ်ကော်မရှင်၏ ပိတ်ဆို့မှုများကြားမှ ထိုင်းသို့ဝင်ရောက်လာပြီး ပန်းရောင်ကတ်၊ CI နှင့် ပတ်စ်ပို့များ အဆင့်ဆင့်လျှောက်ထားရယူ၍ အခြားနိုင်ငံများသို့ ထွက်ခွာရန် ရည်မှန်းထားသူများ ပါဝင်ကြောင်း အထက်ပါ အမည်မဖော်လိုသည့် အကျိုးဆောင် အမျိုးသမီးက ဆိုသည်။
“ဒီနေ့ စာအုပ်လဲသွားတဲ့ ညီမလေးဆိုရင် ဂျပန်ကိုသွားမှာပါ။ စားမေးပွဲဖြေခါနီးပြီ။ သူက စာအုပ် လဲထားတာ အခုစာအုပ်ရတာတောင် အရမ်းနောက်ကျလို့ သူက စိတ်ပူနေတာ။ နောက်ကျလို့ စိတ်ပူနေတဲ့အချိန်မှာ တံဆိပ်တုံးကြီးက ပါလာတော့ တော်တော်လေးကို စိတ်ညစ်သွားတာ” ဟု ၎င်းက ပြောသည်။
ပုံမှန်အားဖြင့် CI မှ PJ ပြောင်းလဲလျှောက်ထားရာတွင် ၄၅ ရက်မှ နှစ်လခန့်သာကြာမြင့်လေ့ရှိပြီး ယခုနှစ် ဧပြီလမှစတင်၍ စာအုပ်ထုတ်ယူခွင့်ရရန် လေးလခန့်ထိကြာမြင့်လာကြောင်း သိရသည်။
မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ရုံးများမှ ထုတ်ပေးနေသည့် အလုပ်သမားနိုင်ငံကူးလက်မှတ်များနှင့် သက်ဆိုင်ခြင်းမရှိကြောင်း သိရသည်။ ထိုအခြေအနေနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်မှုမရသေးပေ။



