စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်တပ်က ယနေ့ (စက်တင်ဘာလ ၂၆ ရက်နေ့) နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အရပ်သား ရှစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရသည်ဟု တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ပြောသည်။
တန့်ဆည်-ကလေးဝလမ်းပိုင်း ကံထူးမကျေးရွာရှိ နိုဘယ်ဝမ်းစက်သုံးဆီဆိုင်နှင့် ဇွဲထက် အအေးဆိုင် အနီး ဗုံးနှစ်လုံး ဆက်တိုက်ကြဲချလိုက်ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများသလို အဆောက်အအုံများလည်း ပျက်စီးမှု များပြားခဲ့သည်ဟု သိရသည်။
သေဆုံးသူ အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး နှစ်ဦး၊ ဒဏ်ရာရသူ ၁၂ ဦး ရှိကြောင်း တန့်ဆည် ပလဖ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ တကယ့်လူစည်တဲ့ နေရာကိုကြဲချတာ။ အဲဒီနားက ပန်းရံလုပ်ငန်းခွင်က ပန်းရံသမားတွေ အများဆုံး ထိတယ်။ ပြီးတော့ ဆီပန့်ဆိုင်ကလည်း တစ်ယောက်သေဆုံးတဲ့အထဲ ပါတယ်” ဟု ၎င်းက ပြောသည်။
သေဆုံးသူများမှာ ပန်းရံအလုပ်သမားခေါင်းဆောင် ဦးဖိုးထွန်း (၄၃ နှစ်) နှင့်အတူ အသက် ၂၀ ကျော် ဝန်းကျင်များဖြစ်သည့် ပန်းရံလုပ်သား လေးဦး ၊ ကျောင်းကြိုသွားရင်း ထိခိုက်သေဆုံးသူ ကိုသက်အောင် (၂၇ နှစ်) ၊ ကုန်စိမ်းရောင်းသူ အသက်၂၁ နှစ်ရှိ အမျိုးသမီးတစ်ဦး နှင့် ဆီဆိုင်ပိုင်ရှင်၏ အသက် ၂၀ ဝန်းကျင် သမီးတစ်ဦးတို့ ဖြစ်ကြသည်။
ဒေသခံ အခြား သတင်းရင်းမြစ် တစ်ဦးကလည်း လေကြောင်းဗုံးကြဲပြီးနောက် သေဆုံးသူ ငါးဦးကို အရင် တွေ့ရှိခဲ့ပြီး နောက်ထပ် သုံးဦးကို ထပ်တွေ့ခဲ့ရသည်ဟု ပြောသည်။
“အစတုန်းကတော့ ငါးဦးပဲ ဆုံးတယ်လို့ထင်တာ။ နောက်ထပ် ပျောက်ဆုံးသုံးဦးကလည်း ခန္ဓာကိုယ် အပိုင်းအစတွေ တွေ့တော့မှ သေပြီဆိုတာ အတည်ပြုလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးထဲမှ သုံးဦးခန့်သည် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ ရှိသည်ဟု သိရသည်။
မုံရွာ-တန့်ဆည်-ကလေးဝ လမ်းပိုင်းတွင်ရှိ ကံထူးမကျေးရွာသည် တန့်ဆည်မြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိပြီး လူစည်ကားသည့် နေရာဖြစ်သည်။ “အခုက ဘာတိုက်ပွဲမှ မရှိဘူး။ လူစည်တဲ့နေရာကို ရွေးပစ်သလိုဘဲ” ဟု အထက်ပါ တန့်ဆည် ဒေသခံ အခြားရင်းမြစ်ကက ပြောသည်။
စစ်တပ်က စစ်ကိုင်းတိုင်းထိုးစစ်ကို ယခုနှစ်လယ်မှစတင်ပြုလုပ်လာရာ တန့်ဆည်နယ်သည် တိုက်ပွဲများ ငြိမ်သက်နေရာမှ ယနေ့ ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။
စစ်သားနှင့်ရဲ ပူးပေါင်းကာ ဘန်ကာများဖြင့် အခိုင်အမာတပ်စွဲလေ့ရှိသည့် တန့်ဆည်မြို့နယ်၊ ကံထူးမ ကျေးရွာရဲစခန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။
မြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာ ကံထူးမကျေးရွာရှိ ရဲစခန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီအတွင်း ထပ်မံ တိုက်ခိုက်ခဲ့စဉ် ရဲစခန်းကို မီးရှို့နိုင်ခဲ့သော်လည်း စစ်တပ်၏ လေကြောင်းနှင့် စစ်ကူများရောက်လာနိုင်သည့် အန္တရာယ်ကြောင့် ကာကွယ်ရေးအဖွဲ့များ ပြန်ဆုတ်ခဲ့ရသည်။
ထိုတိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်များဘက်က သုံးဦး သေဆုံးခဲ့ပြီး ရဲ ကိုး ဦး သေဆုံးခဲ့သည်။
ထိုစဉ်က လေတပ်၏ အကြိမ်ရေအများစုဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား ဒဏ်ရာ ရခဲ့ပြီး ကံထူးမရွာ အနောက်ဘက်ရှိ ၁၁ မိုင်ခန့်အကွာ ပသာကျေးရွာတွင် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရသည့် ကံထူးမကျေးရွာဝန်းကျင်။ (ဓာတ်ပုံ-ပေးပို့)








