အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးသတင်း

 စစ်ဘေးရှောင်ဘ၀မှ  လိင်အလုပ်သမအဖြစ်သို့

ခက်ခဲမှု၊ မလုံခြုံမှုတွေက ဆွေမျိုးဉာတိနည်းပါး၊ မိဘမရှိတော့တဲ့ ၁၉ နှစ်အရွယ် စစ်ရှောင် မိန်းကလေးတစ်ဦးကို ဝင်ငွေရပေမဲ့ အန္တရာယ်များတဲ့လုပ်ငန်းကို ရွေးချယ်ဖို့ တွန်းပို့လိုက်ပါတယ်။

ရွံ့တွေ၊ မညီညာတဲ့ လမ်းတွေ၊ လယ်ကွင်းစိမ်းစိမ်းတွေကို ဖြတ်သန်းလာပြီးနောက် တဲအိမ်ငယ်လေးတစ်ခုရှေ့ကို ကျွန်တော်တို့ ရောက်ပါတယ်။

တာပေါ်လင်စတွေနဲ့ ကာရံထားတဲ့ တဲထဲမှာတော့ အနံ ခြောက် လက်မလောက်ရှိတဲ့ မှန်ကလေးကို ကြည့်ပြီး အသက် ၁၉ နှစ်အရွယ် မိန်းကလေး တစ်ယောက် အလှပြင်နေပါတယ်။ 

ရခိုင်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ရွာလေးတစ်ရွာမှာပါ၊  အချိန်ကတော့ ညနေ ၃ နာရီကျော်ပါပြီ။  

ညစာချက်နေဟန်တူတဲ့ အိမ်ရှင်အမျိုးသမီး ထွက်လာချိန်မှာတော့ လိုက်ပို့ပေးတဲ့ ဘေးတွဲဆိုင်ကယ် မောင်းသူက   ”ရသလား” လို့ မေးလိုက်ပါတယ်။  ”ရတယ်” လို့ အိမ်ရှင်အမျိုးသမီးက ပြောပြီးချိန်မှာတော့ ဆိုက်တွဲမောင်းသူက ကျွန်တော့်ကို လှည့်ကြည့်ပြီး အဆင်ပြေတယ်ဆိုတဲ့သဘောနဲ့ ပြုံးပြလိုက်ပါတယ်။ 

ဖောက်သည်ခေါ်လာတဲ့သူ့ကို အိမ်ရှင်က  ကျပ်သုံးသောင်း ပေးမှာပါ။ 

အိမ်ရှင်အမျိုးသမီးရဲ့ လေသံကတော့ ခပ်မာမာပါပဲ။  

“တစ်ရက်လုံးယူမှာလား၊ တစ်နာရီကို ပိုက်ဆံ တစ် သိန်းပေးရမယ်၊ တစ်ရက်လုံး ယူရင် သုံးသိန်းပေး၊ တစ်ညဆိုရင် နှစ်သိန်းနဲ့ယူ။  အကာအကွယ်နဲ့ မလုပ်ရင်လည်းရတယ်။  အကာအကွယ်နဲ့ လုပ်မယ်ဆိုရင် အကာအကွယ်အတွက် ငါးထောင်ပိုပေးရမယ်” လို့ သူက ပြောပါတယ်။ 

ကျွန်တော်က ခပ်ရှက်ရှက်နဲ့ပဲ  တစ်နာရီလောက်ယူချင်တယ် လို့   ဖြေလိုက်ပါတယ်။ 

အမျိုးသမီး ညွှန်ပြတဲ့ ဓနိမိုး၊ ဝါးကြမ်းခင်းတဲထဲကို  ကျွန်တော်ဝင်သွားပါတယ်။ မကြာခင်မှာပဲ တဲထဲကို  မိန်းကလေးတစ်ယောက် ရောက်လာခဲ့ပါတယ်။  တခြားသူတော့ မဟုတ်ပါဘူး။  ခုနက အလှပြင်နေတဲ့၊   အနီရောင်တီရှပ်နဲ့ အမဲရောင်ဘောင်းဘီရှည်  ဝတ်ဆင်ထားတဲ့  မိန်းကလေးငယ်ပါ။ 

ကျွန်တော်ဟာ သူ့ဆီလာတဲ့ တခြားဖောက်သည်တွေလို မဟုတ်ဘဲ  မေးမြန်းစရာတွေ ရှိလို့ လာတာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့ပါတယ်။ 

အဲဒီအခါမှာ ” ညီမကို မဖမ်းဘူးမဟုတ်လား” လို့ သူက  စိုးရိမ်တကြီးပြန်မေးတော့ ကျွန်တော်က သတင်းအလုပ်အတွက် လာတာဖြစ်ကြောင်း ထပ်ရှင်းပြပြီး  အသံဖမ်းယူခွင့် ရခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်က တွေ့ရတဲ့ မြောက်ဦးမြို့ စစ်ရှောင်စခန်းတစ်ခု။ (ဓာတ်ပုံ – AFP)

ဘူးသီးတောင်ဇာတိ စစ်ဘေးရှောင် အမျိုးသမီးငယ်

ကြယ်စင်လို့ သူ့ကိုယ်သူမိတ်ဆက်တဲ့ မိန်းကလေးက  ဘူးသီးတောင်မြို့နယ်ကနေ စစ်ဘေးရှောင်လာတာ လို့ ပြောပြပါတယ်။ 

မိဘတွေ သူငယ်ငယ်ကတည်းက ဆုံးပါးသွားတယ်၊   ချို့တဲ့စွာ ကြီးပြင်းလာရသူမို့  မူလတန်းသာ ပြီးမြောက်ခဲ့တယ်၊ ယခင်ကတော့ ရခိုင်ဇာတ်အဖွဲ့ထဲ အလုပ် လုပ်ဖူးတယ်လို့ ဆိုပါတယ်။  

တောင်ပေါ် တက်၊ ထင်းခုတ်၊ ရေထမ်းရောင်းတဲ့အလုပ်တွေလည်း လုပ်ဖူးတယ်လို့ သူ့လက်နှစ်ဖက်ကို တင်းတင်းကျပ်ကျပ်ကိုင်ပြီး ပြောပါတယ်။ 

သူဟာ အသက် ၁၀ နှစ်ကွာတဲ့အစ်မဖြစ်သူရဲ့ မိသားစုနဲ့အတူ တစ်နှစ်ကျော်ကျော် နေထိုင်စဉ်မှာ လုပ်ကိုင်ခဲ့တာပါ။ 

“တောင်တက် ထင်းခုတ်ရတာလည်း ညီမ ဘဝမှာ တစ်ခါမှ မလုပ်ဖူးတော့ အရမ်းပင်ပန်းတယ်။  နံနက်ပိုင်း လေးနာရီကနေ အိပ်ရာက အစောကြီးထပြီး သွားရင် မွန်းလွဲ ၁၂ နာရီလောက်မှ အိမ်ကို ပြန်ရောက်တယ်။  ပြီးရင် ထင်းတစ်စည်းကိုမှ (ကျပ်) တစ်သောင်းရတယ်”လို့ သူက ပြောပါတယ်။ 

ထင်းချောင်းရေ ၅၀ လောက်ပါတဲ့ ထင်းတစ်စည်းရဖို့ တစ်နေကုန်သွားရတတ်ပြီး ရံဖန်ရံခါ ထင်း ၂၅ ချောင်းလောက်နဲ့အိမ်ပြန်လာရတယ်လို့ ဆိုပါတယ်။  

ပုဏ္ဏားကျွန်းမြို့နယ်မှာ တွေ့ရတဲ့ စစ်ရှောင်စခန်းတစ်ခု။  (ဓာတ်ပုံ – ဖဒူထွန်းအောင်/ Myanmar Now) 

ရေနစ်သူ ဝါးကူထိုးတဲ့အဖြစ်

စစ်ဘေးရှောင်စခန်းမှာဆိုရင် အမျိုးသမီးတွေ ရေချိုး၊ အိပ်စက်ကြချိန်တွေမှာ လုံခြုံမှု မရှိကြပါဘူး။  ကြယ်စင်က သူ့အစ်မ မိသားစုအိမ်မှာ  ပိုမို လုံခြုံသလို ခံစားရပါတယ်။

ဒါပေမဲ့ ခဲအိုဖြစ်သူက  သူ့ကို စော်ကားလာတယ်လို့ ပြောပါတယ်။

“ညဆိုရင် ညီမ ခန္ဓာကို လာပြီးစမ်းတယ်။  အစ်မကို ပြောတော့လည်း အရက်မူးလို့ ဖြစ်တာနေမယ်၊ မနေချင်ရင် အိမ်က ဆင်းသွားနိုင်တယ်လို့ ပြောတယ်။  ဒါကြောင့် ဒေါသထွက်ပြီး နေအိမ်ကနေ ဆင်းလာခဲ့တယ်” လို့  ကြယ်စင်က ဝဲတက်လာတဲ့ မျက်ရည်စက်တွေကို ထိန်းရင်း ဦးခေါင်းကိုမော့ပြီး ပြောပါတယ်။ 

ဒါနဲ့ပဲ အစ်မနေအိမ်ကနေဆင်းလာပြီး ခိုလှုံရာမဲ့သွားပါတော့တယ်။  

အဲဒီလိုလမ်းပျောက်နေချိန်မှာ တွေ့ဆုံခဲ့ရတဲ့ အသိတွေထဲက တစ်ယောက်ရဲ့ ချိတ်ဆက်ပေးမှုနဲ့  ပြည့်တန်ဆာ ဖြစ်လာပါတယ်။ 

“တောင်တက် ထင်းခုတ်ရတာလည်း အဆင်မပြေဘူး။  အလုပ်လုပ်ဖို့ဆိုရင် ဒီတစ်ခုပဲ ရှိတော့တယ်။  ဒါကြောင့် အရာအားလုံးကို စွန့်လွှတ်ပြီး ဒီအလုပ်ကို ရွေးချယ်ခဲ့တယ်” လို့ ကြယ်စင်က ပြောပါတယ်။ 

ပထမဆုံး စလုပ်တဲ့အချိန်ကဆိုရင် တအားကြောက်၊ ရှက်လည်းရှက်ပြီး လူတောထဲလည်း မဝင်ရဲတော့ဘဲ  သူငယ်ချင်းတွေဆိုရင်လည်း အပေါင်းအဖော်မလုပ်တော့ဘူးလို့ ဆိုပါတယ်။ 

အခုဆိုရင် သူ အလုပ်ဝင်တာ သုံးလခန့် ရှိပြီဖြစ်ပြီး ငယ်ရွယ်သူဖြစ်တဲ့သူ့ကို ရွေးချယ်ချင်တဲ့  ဖောက်သည်တွေများတယ်လို့ သိရပါတယ်။  

ဩဂုတ်လလယ်က AA ထိန်းချုပ်နယ်မြေတွင် တွေ့ရသော AA ရဲတပ်ဖွဲ့ဝင်များ။  (ဓာတ်ပုံ- အာရက္ခမင်းသမီးမီဒီယာ) 

သဲတော်ကျေးရွာနဲ့ ယိုးငူကြားကရွာတွေမှာ ခေတ်ပျက်နေချိန် ရှင်သန်ရေး ခက်ခဲလွန်း၊ ဝင်ငွေရ အလုပ်အကိုင် ရှားပါးလွန်းတာကြောင့် ပြည့်တန်ဆာဘဝကို ရွေးချယ်လိုက်ရတဲ့ အမျိုးသမီး ၁၀ ဦး ထက်မနည်းရှိတယ်လို့  အိမ်ရှင်အမျိုးသမီးက ပြောပါတယ်။

“ဒီလောက် စစ်ဘေးရှောင်ဘဝထဲမှာ တစ်ရက်လုံးရှာမှ ပိုက်ဆံ တစ်သောင်းရတာ။  မိသားစုများတဲ့ အိမ်တွေမှာ ဆိုရင် ပိုက်ဆံ တစ်သောင်းနဲ့ မလုံလောက်ဘူး။  ပြည့်တန်ဆာ မဖြစ်ချင်ဘဲ ဖြစ်သွားကြတဲ့ သူတွေ တပုံကြီး” လို့ အိမ်ရှင်အမျိုးသမီးက ဆိုတယ်။

ဒီအမျိုးသမီးက ပြည့်တန်ဆာခေါင်း ဖြစ်ပြီး ကြယ်စင့်ကို မွေးစားထားသူပါ။ သူက ကြယ်စင်တို့အတွက် နေရာထိုင်ခင်း တာဝန်ယူပြီး ရလာတဲ့ ငွေကြေးကို ခွဲဝေပေးပါတယ်။ 

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျေးရွာတချို့မှာ ပြည့်တန်ဆာတစ်ယောက်ကနေ  ငါးယောက်အထိ ရှိနေတယ်၊  အတည်တကျ မဟုတ်ဘဲ တခြားရွာတွေကို  ရွှေ့ပြောင်းလှည့်လည် လုပ်ကိုင်နေကြတယ်လို့ ကြယ်စင်တို့နေရာကို လိုက်ပို့ပေးတဲ့ ဘေးတွဲဆိုင်ကယ်မောင်းသူက  ပြောပြပါတယ်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တွေမှာတော့ သီးသန့်နေရာတွေ ဖွင့်ပြီးလုပ်ကိုင်ကြတာ ရှိသလို တည်းခိုခန်းတွေမှာလည်း လိင်လုပ်သားတွေရှိကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တစ်ဖက်မှာလည်း အာရက္ခတပ်တော် (အေအေ) က ဒီလုပ်ငန်း လုပ်ကိုင်နေသူတွေကို အရေးယူ၊ ဖမ်းဆီးနေတယ်လို့  ဘေးတွဲဆိုင်ကယ်မောင်းသူတွေနဲ့ ပြည့်တန်ဆာတွေဆီက သိရပါတယ်။ 

ကြယ်စင်ရဲ့ အိမ်ရှင်အမျိုးသမီးက ပြည့်တန်ဆာတွေထဲမှာ  အရွယ်စုံ ပါဝင်တယ်၊ ရံဖန်ရံခါ  လူလိုလာရင် သူပါ ဝင်လုပ်ရတယ်လို့ ဆိုပါတယ်။  

ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းစစ်ဘေးရှောင်စခန်းက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးက မျှစ်ချိုးလို့ စားနေရတဲ့သူ တစ်ဦးဖြစ်ပြီး ဝင်ငွေရရေးအတွက် ပြည့်တန်ဆာအလုပ် လုပ်ဖို့ကို  စိတ်မကူးဘူးလို့ ဆိုပါတယ်။

“စစ်ဘေးရှောင်စခန်းတွေမှာ ဒီလိုလုပ်နေကြတဲ့သူတွေရှိတယ်လို့တော့ ကြားရတယ်။  ကျွန်မတို့ ဘယ်သူ လုပ်နေတာလဲဆိုတာ မသိဘူး။  ဒီလိုမျိုး လုပ်ဖို့လည်း စိတ်ကူးမရှိဘူး။  ဒီလိုလုပ်နေကြတဲ့သူတွေကိုလည်း အပြစ်မမြင်ရက်၊ အကုန်လုံးက အခက်အခဲဖြစ်နေကြတာ။  ဒီအခြေအနေမှာ ထမင်းစားရဖို့အတွက်တော့ နည်းလမ်းမျိုးစုံနဲ့ ရှာဖွေရမှာပဲ” လို့ သူက ပြောပါတယ်။  

ပြည့်တန်ဆာဘဝ အကြမ်းဖက်ခံရမှု

ကြယ်စင်တို့ တွေ့ရတဲ့ ဖောက်သည်တွေထဲမှာ ကြမ်းတမ်းသူတွေလည်း ပါဝင်ပါတယ်။

“ညီမကို တစ်ညအိပ်ခေါ်သွားတာ။  တစ်ယောက်တည်းဆိုပြီးလိုက်သွားတယ်။  အဲဒီနေရာ ရောက်တဲ့ အခါမှာ နှစ်ယောက် ဝိုင်းပြီးလုပ်ကြတယ်”လို့ ကြယ်စင်က ပြောပြပါတယ်။

‘ဖာသည်မ … နင်တို့လို ကောင်မတွေကို ပိုက်ဆံပေးလို့ အကောင် ၁၀ လောက် နေလို့ရတယ်’ ဆိုပြီး ဆဲဆိုကြိမ်းမောင်းတာမျိုးလည်း ခံရတတ်တယ်လို့ သူက ဆိုပါတယ်။ 

ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာမှာနေထိုင်တဲ့ ပြည့်တန်ဆာတစ်ယောက် အုပ်စုဖွဲ့ မတရားကျင့်ခံရတယ်လို့ ကြားဖူးကြောင်း  ကြယ်စင်က ပြောပါတယ်။

“သူက အရက်မူးလို့ အိပ်နေတာ။  အဲဒီအခါမှာ အမျိုးသားသုံးယောက်က အတင်းအဓမ္မပြုကျင့်တာကို ခံလိုက်ရတယ်” လို့  သူက ပြောပြပါတယ်။ 

ကမ္ဘာ့ရှေးအကျဆုံးအသက်မွေးဝမ်းကျောင်းအလုပ်လို့ ဆိုနိုင်တဲ့ ပြည့်တန်ဆာလုပ်ငန်းဟာ  တရားဝင်ခွင့်မပြုပေးရင်လည်း ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့  တချို့က ထောက်ပြပါတယ်။

ကြယ်စင်ကတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခန္ဓာရင်းပြီး အလုပ်လုပ်နေကြတဲ့ လိင်လုပ်သားတွေ အတွက် ဥပဒေ အကာအကွယ်  မျှော်လင့်နေပါတယ်။ 

“တိုင်လို့ရရင် တိုင်ချင်ပါတယ်။  တိုင်ရမယ့်နေရာ မရှိပါ”  လို့ ကြယ်စင်က ပြောပါတယ်။ 

“ကာကွယ်ပေးမယ့် ဥပဒေတွေရှိရင်တော့ ပိုကောင်းတာပေါ့၊ ညီမတို့အတွက်လည်း ပိုအားရှိသွားတယ်။  အခုက တစ်ခုခု ဖြစ်သွားလို့ သွားတိုင်မယ်ဆိုရင်လည်း ကိုယ်ကပဲ အဖမ်းခံရမလားဆိုပြီး တွေးကြောက်နေရတယ်” 

တတ်နိုင်သလောက်တော့ ကာကွယ်ဆေးတွေထိုးထားတယ်လို့ သူက ဆိုပါတယ်။ 

“ရောဂါကူးစက်မှာကိုတော့ ကြောက်တယ်။  ဘယ်သူကမကြောက်ဘဲနေမလဲ၊ ဒါပေမဲ့ ခြောက်လတစ်ကြိမ် ကျောက်တော်ကိုသွားပြီး ကာကွယ်ဆေးတွေထိုးထားတယ်” လို့ ကြယ်စင်က ပြောပါတယ်။ 

သားအိမ်ခေါင်းကင်ဆာ၊ ကာလသားရောဂါတွေ၊ HIV ရောဂါတွေ မဖြစ်အောင် လိင်ဆက်ဆံ တဲ့အခါ အကာအကွယ် သုံးဖို့ ကျန်းမာရေး အသိုင်းအဝန်းက အကြံပြုပေးထားပါတယ်။ 

ရမ်းဗြဲမြို့နယ်အတွင်း စစ်ရှောင်များကို စားနပ်ရိက္ခာထောက်ပံ့နေစဉ်။  (ဓာတ်ပုံ -HDCO) 

၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှာစတင်တဲ့ AA ရဲ့ ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း ဒေသခံ သောင်းချီ စစ်ရှောင်ခဲ့ရပါတယ်၊ မြို့အများစုကို AA က ထိန်းချုပ်ပြီးဖြစ်ပေမဲ့ အာဏာသိမ်းတပ်က ဒီဒေသကို ကုန်စည်ပိတ်ဆို့မှု၊ လေယာဉ်နဲ့ ဗုံးကြဲနေဆဲပါ။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို အလျင်အမြန် သိမ်းပိုက်ခဲ့တဲ့ AA က အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန စသဖြင့် ဖွဲ့စည်းပြီး အများပြည်သူဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။  

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး HDCO ကလည်း စစ်ဘေးရှောင်တွေ ပြန်လည်နေရာချထားပေးခြင်း၊ ရိက္ခာ၊ ဆေးဝါး၊ ငွေကြေးထောက်ပံ့ပေးခြင်းတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ 

ရခိုင်ပြည်အတွင်း အရပ်ဘက်အဖွဲ့အစည်းတွေက  ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမဲ့  လိင်အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတာ မရှိသလောက်နည်းပါးနေတယ်လို့ သိရပါတယ်။ 

ဒေသတွင်းဆေးဝါးအခက်အခဲကြောင့် ကိုယ်ဝန်ဆောင်တွေ၊ မွေးကင်းစကလေးတွေအတွက် အခြေခံ ကာကွယ်ဆေးတွေတောင် မထိုးနိုင်သေးပါဘူး။ 

ကမ္ဘာက လျစ်လျူရှုထားတဲ့ မြန်မာပြည် စစ်ပွဲတွေကြားထဲမှာ လိင်လုပ်ငန်းထဲ တွန်းပို့ခံရတဲ့ ဘဝတွေကို ရုတ်တရက် မြင်တွေ့နိုင်ဖို့ ခက်ခဲနေပါတယ်။

ဘဝသစ် ထူထောင်ချင်သူ

စစ်ဘေးရှောင်ဘဝကနေ   ပြည့်တန်ဆာဘဝကို ရောက်သွားတဲ့ ကြယ်စင်ဟာ လက်ရှိအလုပ်အကိုင်ကြောင့် စိတ်မသက်မသာ ဖြစ်နေပါတယ်။  ပိုက်ဆံစုမိရင် သူကြီးပြင်းနေထိုင်ခဲ့ရာ ဘူးသီးတောင်မြို့ကိုပြန်သွားပြီးတော့ ဆိုင်ငယ်တစ်ခု ဖွင့်ကာ ရိုးရိုးရှင်းရှင်းနေထိုင်သွားမယ်လို့ ဆိုပါတယ်။ 

ပြီးတော့ တိုက်ပွဲကြောင့် အဆက်အသွယ်ပြတ်၊ ဝေးကွာနေတဲ့ မိသားစုဆွေမျိုးတွေကို  ရှာဖွေရဦးမှာပါ။ 

အခုတော့ ကြယ်စင်ဟာ လာတဲ့ ဖောက်သည်တွေကိုပဲ အလှပြင်ပြီးစောင့်နေရဦးမှာ ဖြစ်ပါတယ်။

Related Articles

Back to top button