သမိုင်းတလျှောက် စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါသည့်နယ်မြေဖြစ်သော ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့ကို ယမန်နေ့ ညနေမှ စတင်ကာ မြို့ပေါ်ရပ်ကွက်အများစုကို စစ်တပ်က ထိန်းချုပ်လိုက်ပြီး၊ မြို့အနောက်ဘက်တွင် ယနေ့နေ့လယ်အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ သည်ဟု မြို့ခံများထံက သိရသည်။
မြို့အနောက်ဘက် ဇတ်စုရပ်ကွက်နှင့် စစ်တပ်၏ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ- ၅၀၃၊ ခမရ- ၅၀၄ တပ်စခန်းနေရာများတွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဆိုသည်။
“တအုံးအုံးနဲ့ ချနေတုန်းပဲ။ အသံတွေကတော့ အကျယ်ကြီးပဲ ကြားနေရတယ်။ ရဲစခန်း ဘက် သွားနေ တဲ့နေရာဆို မြို့လယ် ဘောလုံးကွင်းကနေ စစ်တပ်က ဖြတ်တား ထားတယ်” ဟု သီပေါမြို့ခံတစ်ဦးက ယနေ့ ညနေက ပြောသည်။
မြို့အနောက်ဘက်အခြမ်းရှိ အဆိုပါတပ်စခန်းများသည် သီပေါ–နမ္မတူ လမ်းတွင် ရှိကာ တအာင်းတပ် (TNLA) တပ်ဖွဲ့များသည် ထိုလမ်းကြောင်းမှ ဆုတ်ခွာနေပြီး စစ်တပ်က လိုက်လံတိုက်ခိုက်နေသည် ဟု သိရသည်။
မြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့က တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဌာနဆိုင်ရာရုံးအချို့အား TNLA က မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြို့ခံအချို့က ပြောသည်။ TNLA ဘက်မှ အဆိုပါကိစ္စနှင့်ပတ်သက်၍ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ယနေ့ နံနက်တွင် စစ်တပ် စစ်ကြောင်းများ သီပေါမြို့သို့ ဝင်ရောက်လာကာ မြို့ခံများ က ကြိုဆိုနေ သည့် ရုပ်သံဓာတ်ပုံများအား စစ်တပ်ထောက်ခံသူများက ဖြန့်ဝေနေကြသည်။
မြို့အရှေ့ဘက်တွင် မြို့ခံများ ပုံမှန်သွားလာနေကြပြီး ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် သီပေါ တံတားတွင်လည်း ပုံမှန်သွားလာမှု ရှိနေသည်ဟု သီပေါဒေသခံတို့ကဆိုသည်။
“သီပေါတံတားပုံမှန် ဖွင့်ထားတာပဲ။ မြို့အနောက်ဘက်အခြမ်းပဲ အသံတွေ ကြားနေရ တာ” ဟု သီပေါ ဒေသခံ နောက်တစ်ဦးက ပြောသည်။
အောက်တိုဘာလ ၁ ရက်နေ့တွင် ကျောက်မဲမြို့အား စစ်ကော်မရှင်တပ်က သိမ်းပိုက်ခဲ့ပြီး နောက် သီပေါ–ကျောက်မဲလမ်းအတိုင်း ဆက်လက်ထိုးစစ်ဆင်လာရာ လဝက်အကြာတွင် သီပေါမြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုးစစ်ဆင်လာသည့် လမ်းတလျှောက် TNLA တပ်ဖွဲ့နှင့် တိုက်ပွဲကြီးကြီးမားမား မရှိခဲ့ ဟု ဒေသခံများ က ဆိုသည်။
“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ်အတွင်းမှ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူမြို့များအား TNLA က သိမ်းပိုက်ထားသည်။
တရုတ်နိုင်ငံကြားဝင်မှုကြောင့် စစ်တပ်နှင့် TNLA တပ်တို့၏ ဆွေးနွေးပွဲများတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များအား ပြန်ပေးရန် စစ်တပ်က တောင်းဆိုရာ TNLA က လက်မခံသဖြင့် ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် တောင်ခမ်းမှ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်များက ခြောက်လကြာ ထိုးစစ်ဆင်ပြီး ယခုနှစ် ဇူလိုင်တွင် နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်ခဲ့သည်။
ထို့နောက် ဩဂုတ်လအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့၌ ထပ်မံပြု လုပ်သည့် ဆွေးနွေးပွဲတွင် TNLA က သီပေါနှင့် ကျောက်မဲအား ပြန်ပေးမည်ဖြစ်ပြီး စစ်တပ်နှင့် အပစ်ရပ်ရေး ဆွေးနွေးမည်ဟု တောင်းဆိုခဲ့ သော်လည်း စစ်တပ်ဘက်က လက်မခံဘဲ ကျောက်မဲမြို့နှင့် သီပေါမြို့များအား ထပ်မံထိုးစစ်ဆင်ခဲ့ သည်။
ဩဂုတ်လကုန်တွင် စစ်တပ်က ကျောက်မဲမြို့အား ထိုးစစ်ဆင်ခဲ့ရာ တစ်လကျော်အကြာ အောက်တို ဘာလ ၁ ရက်နေ့တွင် ကျောက်မဲမြို့အား သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့တွင် သီပေါမြို့အား ထိန်းချုပ်နိုင်ခဲ့ ခြင်းဖြစ်သည်။
ထို့ကြောင့် “ ၁၀၂၇ စစ်ဆင်ရေး” တွင် သိမ်းပိုက်ရရှိထားသည့် မြို့ သုံးမြို့အား TNLA က လက်လွှတ် လိုက် ရပြီဖြစ်သည်။
သီပေါမြို့သည် တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မြို့ဖြစ်သည်။ ကားလမ်း၊ ရထားလမ်းများဆုံရာမြို့လည်းဖြစ်သဖြင့် ရှမ်း၊ ပလောင်၊ ကချင်နှင့် ဗမာတိုင်းရင်းသားများ စုံလင်သည့် မြို့လည်းဖြစ်သည်။
ရှမ်းစော်ဘွားများ အစဥ်အဆက်အုပ်ချုပ်ခဲ့သည့် ရှမ်းပြည်နယ်၌ သိန္နီနှင့် သီပေါနယ်များသည် သမိုင်း တလျှောက် စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါသည့်နယ်များဖြစ်သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ၁၂ မြို့မြောက်အဖြစ် သီပေါမြို့ကို TNLA က သိမ်းပိုက် ရယူနိုင်ခဲ့သည်။ နှစ်လကျော်ကြာ တိုက်ခိုက်ယူခဲ့ရသည့် သီပေါမြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၄၀ နီးပါးသေဆုံးပြီး နေအိမ်အဆောက်အဦများစွာ ပျက်စီးခဲ့သည်
ကျောက်မဲနှင့် သီပေါမြို့များအား ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်သည် TNLA ထိန်းချုပ်မြို့ များအား ဆက်လက် ဗုံးကြဲတိုက်ခိုက်နေသည်။
ယနေ့ နံနက်တွင် နမ္မတူမြို့ အထက (၁) စာသင်ကျောင်းနှင့် နမ့်ဆန်မြို့နယ် ဟိုမိန်း ကျေးရွာအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဟိုမိန်းရွာမှ အမျိုးသမီးနှစ်ဦး အပါအဝင် သုံးဦး သေဆုံးပြီး နှစ် ဦး ဒဏ်ရာရသည်ဟု TNLA က ထုတ်ပြန်သည်။ နမ္မတူမြို့တွင် အမျိုးသမီးလေးဦး ဒဏ်ရာရသည်ဟု TNLA ဆိုသည်။
ကျောက်မဲမြို့အား သိမ်းပိုက်ပြီးနောက် စစ်တပ်သည် TNLA ထိန်းချုပ်မြို့များ အား လေကြောင်းမှ ၂၅ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ခုနှစ်ဦး၊ အမျိုးသမီး ၁၃ ဦးနှင့် အမျိုးသား ၁၁ ဦး စုစုပေါင်း ၃၁ ဦး သေဆုံးခဲ့သည်ဟု TNLA ယနေ့ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။
ကလေးငယ် ၁၁ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရှိသူ ၃၆ ဦး ရှိပြီး စာသင်ကျောင်း သုံး ကျောင်း၊ ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ အရပ်သားနေအိမ် ၁၀၈ လုံး ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။



