“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အား သိမ်းပိုက်စဉ် ကိုးကန့်တပ် (MNDAA) က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တပ်ဖွဲ့ဝင်များထဲမှ ၈၀ ကျော်ကို လွှတ်ပေးလိုက်သည်ဟု လားရှိုးမြို့ခံများထံက သိရသည်။
ချင်းရွှေဟော်မြို့အချုပ်ထောင်များတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် အဆိုပါ ၈၀ ကျော်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့က လားရှိုးမြို့၊ ဟိုပိတ်ကျေးရွာမှတဆင့် စစ်တပ်ထံ ပြန်လွှဲပေးလိုက်ခြင်းဖြစ်ပြီး ယမန်နေ့တွင် လားရှိုးမြို့သို့ ရောက်ရှိလာကြသည်ဟု ပြန်လွှတ်ခံရသူများနှင့် နီးစပ်သူများက ပြောကြသည်။
“ကျန်းမာရေး မကောင်းတဲ့သူတွေ များတယ်။ တချို့က စစ်ဆေးရုံမှာ ထားတယ်၊ တချို့က တပ်ထဲမှာ ထားတယ်။ အသက်ကြီးတဲ့သူတွေလည်း ပါတယ်” ဟု ပြန်လွတ်လာသူများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
လားရှိုးမြို့ခံတစ်ဦးကလည်း “ရာထူးကြီးပိုင်းတွေ မလွတ်ဘူး။ တပ်ကြပ်အဆင့်တွေတော့ ပါတယ်။ နည်းနည်းစီပဲ လွှတ်ပေးနေတာ” ဟု ပြောသည်။
“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းဖြစ်သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် စစ်တပ် တပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်သော လားရှိုးမြို့အား MNDAA နှင့် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာ ဩဂုတ်လဆန်းတွင် လားရှိုးမြို့ကို သမိုင်းဝင် သိမ်းပိုက်နိုင်ခဲ့သည်။
ထိုသို့သိမ်းပိုက်စဉ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးနှင့် ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့အပါအဝင် စစ်ကော်မရှင်တပ်သားများနှင့် မိသားစုဝင် ၄၀၀၀ ကျော်ကို MNDAA က လက်ရဖမ်းဆီးနိုင်ခဲ့သည်။
ဖမ်းဆီးရမိသူများအနက် စစ်သုံ့ပန်းမိသားစုဝင် ၃၀၀၀ ကျော်အား ၂၀၂၄ ခုနှစ်အတွင်း ပြန်လွှတ်ပေးခဲ့ပြီး တပ်သား ၁၀၀၀ ကျော်ကို ဆက်လက် ဖမ်းဆီးထားဆဲဖြစ်သည်။
ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများအား မူလက လားရှိုးမြို့ပေါ်ရှိ အကျဉ်းထောင်နှင့် မြို့အနီးရှိ အီနိုင်၊ နောင်မွန်၊ နမ့်ပေါင် စသည့် ကျေးရွာများတွင် လူခွဲ၍ ဖမ်းဆီးထားခဲ့သည်။ လားရှိုးမြို့အား စစ်တပ်ထံ ပြန်လွှဲပြီးနောက်ပိုင်း အကျဉ်းသားအများစုကို လောက်ကိုင်၊ ချင်းရွှေဟော်နှင့် ကွမ်လုံမြို့များသို့ ရွှေ့ပြောင်းလိုက်သည်ဟု ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
ဖမ်းဆီးထားသူများအနက် အသက်အရွယ်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများအား MNDAA က မကြာခဏဆိုသလို ပြန်လွှတ်ပေးနေသည်ဟု ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
လွတ်လာသည့် စစ်သားများအနက် ကျန်းမာရေးကောင်းမွန်သူများအား မူလရာထူးတာဝန်များအတိုင်း ပြန်လည်ခန့်အပ်သည်ဟု စစ်တပ်အသိုင်းအဝိုင်းများထံက သိရသည်။
“ကျန်းမာရေး သိပ်မကောင်းရင်တောင် အရင်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ရာထူးအတိုင်း ပြန်လုပ်ခိုင်းတာပဲ။ ဖြစ်စဉ်အခြေအနေပေါ်မှာတော့ မူတည်တာပေါ့။ ထွက်ပြေးလို့ အဖမ်းခံရတာလား။ လက်နက်ချတာလား ဆိုတဲ့အပေါ်မှာတော့ ကြည့်ပြီးဆုံးဖြတ်မယ်ထင်တယ်” ဟု စစ်တပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ ဆေးတပ်ရင်း၊ ဝန်တင်တပ်ရင်း၊ အမှတ် (၆၂၆) ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်း၊ အမှတ် (၈) ပညာရေးတပ်၊ ခလရ- ၆၈ တပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ စစ်လက်နက်ပစ္စည်းတပ်၊ ယာဉ်သိုလှောင်ရေးတပ်၊ ဆောက်လုပ်ရေးတပ်၊ ဆက်သွယ်ရေးတပ်များအပြင် ခြေလျင်နှင့် ခြေမြန်တပ်ရင်းအချို့ အခြေစိုက်ထားသည်။
ဖမ်းဆီးခံရသူအများစုသည် အဆိုပါတပ်ရင်းတပ်ဖွဲ့များမှ ဖြစ်ကြောင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များအပါအဝင် စစ်သုံ့ပန်း ၅၀ ဝန်းကျင်အား MNDAA တပ်က ပြန်လွှတ်ပေးခဲ့သည်။ နောက်တစ်လ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ထပ်မံလွှတ်ပေးခဲ့ပြီး ယခုလတွင် စစ်သုံ့ပန်းများကို ထပ်မံ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
MNDAA ကဲ့သို့ပင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း ၎င်းတို့၏ ၆၃ နှစ်မြောက် အမျိုးသားလွတ်မြောက်ရေးနေ့တွင် စစ်သားများအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။
၂၀၂၅ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တရုတ်အစိုးရဖိအားကြောင့် ကိုးကန့်တပ်ဖွဲ့များ လားရှိုးမြို့မှ ဆုတ်ခွာသွားခဲ့ပြီး မြို့ပေါ်ရပ်ကွက် ၁၂ ခုကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်သည့် လားရှိုးမြို့တွင် မြို့ပေါ်ရပ်ကွက် ၁၂ ခုရှိပြီး ကျေးရွာအုပ်စု ၈၇ စု ရှိရာ မြို့ပေါ်ရပ်ကွက် ၁၂ ခုမှ အပြင် ကျန်နေသည့် ကျေးရွာများအား ကိုးကန့်တပ်ဖွဲ့က ၎င်းတို့၏ အထူးဒေသ (၁) သိန္နီ ခရိုင်အတွင်း ထည့်သွင်းလိုက်သည်။
လားရှိုးမြို့ကို စစ်တပ် ပြန်ရပြီးနောက် ဆင်နှစ်ကောင်ဟိုတယ်၌ မြို့တွင်းလျှပ်စစ်မီးရရှိရေး၊ စစ်သုံ့ပန်းများ ပြန်လွှတ်ရေးဆိုင်ရာ ကိစ္စများအတွက် MNDAA နှင့် မကြာခဏ ဆွေးနွေးလေ့ရှိသည်။




