အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကောလင်းမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များအပါအဝင် ၁၂ ဦး အသတ်ခံရ

ကောလင်းမြို့နယ်အရှေ့ပိုင်းတွင် ယခုရက်ပိုင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပကဖ ခုနစ်ဦး၊ ဒေသခံ နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်သလို စစ်ကြောင်းအား ကင်းထောက်လာသည့် PDF သုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဝန်းသိုမြို့မှ ကောလင်းမြို့အရှေ့ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်များ၊ ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဝန်းသိုမြို့အခြေစိုက် အမှတ် (၁၂၀) ခြေမြန်တပ်ရင်းမှ ကောလင်းမြို့ဘက် ထွက်လာသည့် အင်အား၂၀၀ ခန့်ပါသည့် စစ်တပ်စစ်ကြောင်းတစ်ခုသည်  ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) တပ်ဖွဲ့ဝင် ခုနစ်ဦး၊ ကောလင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၁) တပ်ရင်းမှ တပ်ဖွဲ့ဝင်သုံးဦး၊ ဓားစာခံအဖြစ် ဖမ်းဆီးလာသည့် ဒေသခံ အမျိုးသား နှစ်ဦး စုစုပေါင်း ၁၂ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကြောင်းထွက်လာသည့် ဝန်းသိုမြို့၏ တောင်ဘက် ၁၀ မိုင်ကျော်ခန့်အကွာအဝေးတွင် ခရိုင်အဆင့် ကောလင်းမြို့တည်ရှိပြီး ကောလင်းမြို့နယ်အရှေ့ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က ကောလင်းမြို့အရှေ့ဘက် ခုနစ်မိုင်ခန့်အကွာ တောင်မော်ရွာအနီး ချဉ်ပြစ်ခုံရွာ ဈေးတန်းကို သေနတ်ပစ်ဖောက်၍ ဝင်ရောက်စီးနင်းခဲ့သည်။

ထို့သို့ စီးနင်းပစ်ခတ်နေသည်ကို ကင်းထောက်သွားသည့် ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေး အမှတ် (၁) တပ်ရင်းမှ PDF တပ်ဖွဲ့ဝင်သုံးဦးသည် အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးခဲ့သည်ဟု ကောလင်းဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ချဉ်ပြစ်ခုံဈေး ဝင်စီးခံရတော့ (ကင်း) သွားထောက်တာ။ (စစ်တပ်) ရှေ့ပွိုင့်နဲ့မိတာကနေ သူပစ် ကိုယ်ပစ်နဲ့ ကျသွားတာ” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ဆိုသည်။

ချဉ်ပြစ်ခုံဈေးအနီးတွင်  PDF သုံးဦးအပြင် အဆိုပါစစ်ကြောင်းက ဖမ်းဆီးလာသည့် ဒေသခံအမျိုးသား နှစ်ဦးကို သတ်ဖြတ်ထားခဲ့သည်ဟု အဆိုပါ တပ်ဖွဲ့ဝင်က ဆက်ပြောသည်။

ချဉ်ပြစ်ခုံဈေးအနီး ပစ်သတ်ခံထားရသော ဓားစာခံ အမျိုးသားတစ်ဦး။ (ဓာတ်ပုံ-ပေးပို့) 

“တစ်ဦးက မြေနီ(ရွာ)က၊ တစ်ဦးက ဒေသခံမဟုတ်ဘူး။ တခြားနေရာကနေ ဖမ်းလာတာ” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။

အထိုပါ စစ်ကြောင်းသည် ဈေးဆိုင်နှစ်ခုအား မီးရှို့ဖျက်ဆီးခဲ့ပြီး အရှေ့ဘက် တစ်မိုင်ခန့်အကွာ တောင်မော် ကျေးရွာကို ဆက်လက်စီးနင်း၍ တောင်မော်ရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲခဲ့သည်ဟု ဒေသခံများထံက သိရသည်။

နောက်တစ်ရက်ဖြစ်သည့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အဆိုပါ စစ်ကြောင်းသည် တောင်မော်ရွာအရှေ့ဘက် တောအတွင်း ဆက်လက်စစ်ကြောင်းထိုးသွားသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းခဲ့ကြသည်။ 

ဘုန်းကြီးကျောင်းအနီး လာရောက်ရှင်းလင်းစဉ် ဘုန်းကြီးကျောင်း အိမ်သာကျင်းအတွင်း သတ်ဖြတ်ခံထားရသော ဝန်းသိုပြည်သူ့ကာကွယ်ရေး (ပကဖ) တပ်ဖွဲ့ဝင် ခုနစ်ဦးကို တွေ့ခဲ့ရသည်ဟု ကောလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နီးစပ်သည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သွေးအိုင်တွေကလည်း အများကြီးတွေ့တော့ လိုက်ရင်း လိုက်ရင်းနဲ့ ဝန်းသိုကနေ ဖမ်းလာတဲ့ ပကဖ ခုနစ် ယောက်ကို သူတို့က ခြေဖဝါးတွေကို ဓားတွေနဲ့ခွဲ ခြေထောက်တွေလည်း ရိုက်ချိုးပြီး PDF တွေကို ရက်ရက်စက်စက်သတ်ပြီးမှ အိမ်သာကျင်းထဲမှာ ပစ်ချထားခဲ့တာ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

အဆိုပါ ဝန်းသိုပကဖအဖွဲ့ဝင် ခုနစ်ဦးသည် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဝန်းသိုမြို့ အရှေ့တောင်ဘက် ခုနစ်မိုင် ခန့်အကွာ အလယ်ခုံကျေးရွာရှိ ဂျိုးဖြူ ပကဖစခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဂျိူးဖြူစခန်းကနေပြီးမှ ပကဖ ခုနစ်ယောက် ပျောက်သွားတယ်။ အလောင်း မတွေ့ဘဲ သွေးစသွေးနတွေ တွေ့တယ်ဆိုတော့ ဒါက PDF တွေကို ဖမ်းခေါ်သွားတာပဲဆိုတာ သိတာ” ဟု ၎င်းက ပြောသည်။

အထက်ပါ ပကဖအလောင်းများကို ဝန်းသို ပကဖအဖွဲ့က ပြန်တောင်းသည့်အတွက် ပြန်လွှဲပြောင်းပေးခဲ့သည် ဟု သိရသည်။

အဆိုပါစစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၁၉ ရက်မှစတင်ကာ တောင်မော်ရွာအရှေ့ဘက် တောတွင်းသို့ စစ်ကြောင်းထိုးနေဆဲဖြစ်သည်။

အထက်ပါစစ်ကြောင်း ဦးတည်ရာ လမ်းကြောင်းဖြစ်သည့် ကောလင်းမြို့အရှေ့ဘက်ရှိ ကျောက်တန်း၊ ခံသာ၊ ကြိုးကြာဥနှင့် ကိုင်းကြီးကုန်း စသည့် ရွာတို့မှ ထောင်ချီသည့် ဒေသခံများ တိမ်းရှောင်နေရသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကောလင်းအရှေ့ခြမ်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မသိရသေးပေ။

ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း သုံးလအကြာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့သည်။

ကောလင်းမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ဝန်းသို့မြို့တွင် စစ်တပ်က တပ်ရင်းနှစ်ခု အခြေစိုက်ထားသလို မြောက်ဘက် ကျွန်းလှ၊ ကန့်ဘလူမြို့နယ်ဒေသတို့တွင် စစ်တပ်နှင့် သင်္ကန်းဝတ် ဝါသဝ ဦးဆောင်သော ပြည်သူ့စစ်များ အားကောင်းသည်။

စစ်ကိုင်းတိုင်းတွင်း  အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ခမ်းပတ်၊​ မြို့သစ်နှင့် ရွှေပြည်အေး မြို့တို့ကို  NUG သိမ်းပိုက်ထားနိုင်သော်လည်း ဗန်းမောက်မြို့ပေါ်နေရာအများစုကို ကျန်ခဲ့သည့် နှစ်ရက်တွင် စစ်တပ်ထံ ပြန်လည်လက်လွှတ်ထားရသည်။ 

Related Articles

Back to top button