အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတွင် ဇန်နဝါရီလ လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါးပြုလုပ်၊  ၇၀ ကျော် သေဆုံး

နေ့စဉ်မပြတ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ယခင်လအတွင်း သေဆုံးသူ ၇၀ ကျော်ရှိကာ ဒဏ်ရာရသူ ၁၀၀ ကျော်ရှိသည်။

တော်လှန်ခုခံမှုများ အားကောင်းသည့် နိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်း၌ ဇန်နဝါရီလတွင် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများကို အရှိန်မြှင့်ခဲ့ရာ တစ်လအတွင်း ကာကွယ်ရေးအဖွဲ့ဝင်များ အပါအဝင် သေဆုံးသူ ၇၃ ဦးနှင့် ဒဏ်ရာရသူ ၁၁၅ ဦး ထက် မနည်းရှိခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်တပ်၏ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ရှိခဲ့ပြီး တစ်ရက်အတွင်း ခုနစ်မြို့နယ်ထက်မနည်း ဗုံးကြဲချခဲ့သလို ဒေသကာကွယ်ရေးအဖွဲ့ အခြေစိုက်နေရာများ၊ မန္တလေးတိုင်းမှ စစ်ရှောင်များ ခိုလှုံနေရာများဖြစ်သော စာသင်ကျောင်းနှင့် တောတိုက်များ၊ လူနေကျေးရွာများကို ပစ်မှတ်ထား ဗုံးကြဲခဲ့သည်။

နာဂဒေသအပါအဝင် ၃၇ မြို့နယ် ရှိသည့်အနက် စစ်ကိုင်းတိုင်း၌ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ခင်ဦး၊ ပုလဲ၊ ကန့်ဘလူ၊ ဝက်လက်၊ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ အရာတော်၊ ရေဦး၊ ဘုတလင်၊ တန့်ဆည်၊ ဒီပဲယင်း၊ အင်းတော်၊ ကသာ၊ ထီးချိုင့်၊ ကျွန်းလှ၊ မြောင်၊ ဝန်းသိုနှင့် ဗန်းမောက် စသည့် ၂၂ မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့ခြင်းဖြစ်သည်။ 

စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ဇန်နဝါရီလအတွင်း မန္တလေးတိုင်း တံတားဦး၊ မိတ္ထီလာ(ရှမ်းတဲ) နှင့် မကွေး လေဆိပ်များမှ တက်သည့် တိုက်လေယာဉ်၊ Y-12 ၊ Y-8  ထောက်ပို့ လေယာဉ်များနှင့် ရဟတ်ယာဥ်များ အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် လုပ်လာသကဲ့သို့ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တွင် အထိုင်ချထားသည့် ဂျိုင်ရိုကော်ပတာ ၊ ပါရာမိုတာနှင့် ဒရုန်းများ အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ခရိုင်တပ်ရင်းတစ်ခုမှ တပ်ရေးဗိုလ်တစ်ဦးက သုံးသပ်သည်။

“စစ်ရေးပစ်မှတ်တွေအပြင် အရပ်သားတွေကို စစ်ရေးပစ်မှတ်သဖွယ် တိုက်ခိုက်လာတယ်။ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ အရပ်သား လူနေအဆောက်အအုံတွေနဲ့ စစ်ရှောင်နေရာတွေပါ တိုက်ခိုက်တယ်။ ဒါတွေဟာ အကြောက်တရား ထည့်သွင်းတဲ့သဘောနဲ့ ခြောက်လှန့်နေတာပဲ” ဟု အဆိုပါ တပ်ရေးဗိုလ်က ပြောသည်။ 

စစ်တပ်သည် ရွေးကောက်ပွဲကာလတစ်လျှောက် ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း အညာစစ်မျက်နှာကို လေကြောင်းတိုက်ခိုက်မှုများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အခွန်ဂိတ်အချို့ကိုလည်း တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများလည်း ရှိခဲ့ကြောင်း အထက်ပါ ရဲဘော်က ဆက်ပြောသည်။

“ဒီလို အခြေအနေမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ရန်သူ့လေကြောင်းရန်ကို အပြည့်အဝ မတုံ့ပြန် နိုင်သည့်တိုင် ကာကွယ်ရေးအစီအမံတွေ ၊ လုံခြုံရေးအစီအမံတွေ စီမံကြဖို့ လိုတယ်” ဟု ၎င်းက ဆိုသည်။ 

စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုများတွင်  အချို့မြို့နယ်အတွင်း တစ်ရက်တည်း လေး၊ ငါးကြိမ် ဆက်တိုက် တိုက်ခိုက်ခံရသကဲ့သို့ စစ်ရှောင်စာသင်ကျောင်းများတိုက်ခိုက်မှုတွင်လည်း လူအများအိပ်မောကျချိန်၊ သန်းခေါင်ကျော်အချိန်များတွင် တိုက်ခိုက်ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၅ ရက်နေ့ တစ်ရက်အတွင်း လေယာဉ်၊ ဂျိုင်ရိုကော်ပတာနှင့် ပါရာမိုတာများအပြင် ဆူဆိုက် ဒရုန်းများပါ အသုံးပြုကာ ခုနစ်မြို့နယ်တွင် တိုက်ခိုက်ခဲ့ပြီး ၁၁ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးပြီး ၁၅ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ 

ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပသည့်နေ့ ( ဇန်နဝါရီ ၁၅ ရက်နေ့) က  ဘုတလင်၊ ရေဦးနှင့် ချောင်းဦးတို့တွင် မြို့ပေါ်ရွေးကောက်ပွဲ ပြုလုပ်နေချိန် အနီးဝန်းကျင်ကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းစသည်တို့အပါအဝင် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ 

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲအပိုင်း (၁) ကို ၁၂ မြို့နယ်၊ ရွေးကောက်ပွဲအပိုင်း (၂) ကို ၁၁ မြို့နယ်တွင် ပြုလုပ်ခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အပိုင်း (၃ ) ရွေးကောက်ပွဲကို ကနီနှင့် ဆားလင်းကြီးမြို့နယ်တို့တွင်ပြုလုပ်ခဲ့သည်။

ကောလင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းထားသည့် မော်လူးမြို့တို့တွင် ကာကွယ်ရေးအဖွဲ့ အခြေစိုက် စခန်းနေရာများ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့သည်။စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်အရှေ့ပိုင်းရှိ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) စခန်းတစ်ခုကို ဇန်နဝါရီလ ၂၀ ရက်နေ့က လေယာဉ်၊  အသေခံဒရုန်းတို့ဖြင့်  ဗုံးကြဲတိုက်ခိုက်ခံရပြီး ပကဖ အဖွဲ့ဝင် ရှစ်ဦး သေဆုံးကာ တစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့က ကောလင်းအရှေ့ပိုင်းတွင် ဒရုန်းဗုံးကြောင့် သေဆုံးခဲ့သည့် ပကဖအဖွဲ့ဝင် တစ်ဦး။ (ဓာတ်ပုံ-ပေးပို့)

နောက်တစ်နေ့တွင် မော်လူးမြို့နယ်ရှိ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးတစ်ခု လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခံရပြီး ပကဖ အဖွဲ့ဝင် လေးဦးနှင့် ကချင်လွတ်လပ်ရေးတပ်(KIA)တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း မော်လူးမြို့၊ ပဲခူးရွာစာသင်ကျောင်း အနီး ဖွင့်လှစ်ထားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးရှိ ကျောင်းမှ Grade 12 ကျောင်းသူတစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး အခြားကျောင်းသူနှစ်ဦး ဒဏ်ရာရခဲ့သည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ်နှင့် မိသားစုအပါအဝင် ရှစ်ဦး သေဆုံးခဲ့သည်။ 

ထိုမျှသာမက ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်းမှ စစ်ရှောင်များလည်း ရောက်ရှိခိုလှုံနေရာ ထိုစစ်ရှောင်များကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ သေဆုံး၊ ထိခိုက်သူ အများအပြား ရှိခဲ့သည်။ 

စစ်ကိုင်းတိုင်းအတွင်း ဇန်နဝါရီလ တစ်လလုံး လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက်ရှိခဲ့ပြီး အချို့ နေရာများတွင် ထိခိုက်မှုမရှိသည့်အတွက် အကြမ်းဖျဉ်းသာ မှတ်သားနိုင်ကြောင်းနှင့် စစ်ရေးပြင်းထန်သည့် ဗန်းမောက်၊ ကောလင်းနှင့် ကသာ တဝိုက်နေရာများ လေကြောင်းတိုက်ခိုက်မှုများတွင် ရက်မည်မျှ ရှိသည်ကိုပင် တွက်ချက်ရန် ခက်ခဲနေသည်ဟု စစ်ကိုင်းတိုင်းအခြေစိုက် “ဝေဟင်” အမည်ရှိ လေကြောင်း ကင်းထောက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ယင်းသို့ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများကို စစ်ကိုင်းတိုင်းပြည်သူများအနေဖြင့် နေသားကျသကဲ့သို့ ရှိနေပြီး လုံခြုံရေးအသိ၊ သတိများ နည်းပါးလာသည်ကိုလည်း တွေ့နေရသည်ဟု ကောလင်းမြို့နယ်မှ လေကြောင်း ကင်းထောက်တစ်ဦးက သုံးသပ်ပြသည်။

“လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အဖွဲ့တွေ၊ NGO အဖွဲ့တွေအနေနဲ့လည်း ဆိုရှယ်မီဒီယာတွေနဲ့ လက်ကမ်းစာစောင်တွေလိုမျိုး လေကြောင်းသတိပေးတာတွေ ဖြန့်ဝေတာတော့ လုပ်ပေးကြတယ်။ ဒါပေမဲ့ လေကြောင်းရန်က နေ့တိုင်းဖြစ်နေပြီး နေသားကျသလို ရှိသွားတဲ့အခါ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေလည်း ရှိခဲ့ကြတယ်” ဟု ၎င်းက ဆိုသည်။

အညာဒေသ စစ်ကိုင်းတိုင်းအတွင်း အချို့ကျေးရွာအများစုတွင် နေအိမ်ခြံဝင်းများအတွင်း ကိုယ်ပိုင် ပုန်းခိုကျင်းတူးသည့် အလေ့အထ နည်းနေဆဲဖြစ်ပြီး အသက်လုံခြုံရေးအတွက် မည်မျှအရေးကြီးသည်ကိုပင် မသိကြသူများ ရှိနေဆဲဖြစ်ကြောင်း ယင်းမာပင်မြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

“လေယာဉ်တွေ၊ ဂျိုင်ရိုကော်ပတာတွေက ကိုယ့်ရပ်၊ ကိုယ့်ရွာတော့ လာပြီး ပစ်စရာ အကြောင်းမရှိဘူး။ ဒီလိုမျိုးပဲ တွေးလိုက်ကြတာပေါ့။ စကစဟာ သူတို့ကလွဲရင် အားလုံးရန်သူလို့ သတ်မှတ်ထားချိန်မှာ ဘယ်လို ရပ်ရွာ ဘယ်လိုအိမ်မျိုး၊ ဘယ်လိုလူမျိုးကိုမဆို ပစ်ဖို့ ဝန်မလေးဘူးပေါ့။ တကယ်လည်း ရက်ရက်စက်စက်လုပ်နေတာ။   ညအိပ်ချိန်တောင် လေကြောင်းက ပစ်တော့ မိသားစုလိုက် ဆုံးရှုံးတာတွေလည်း ရှိနေတယ်။ အဲ့ဒီလို အနေအထားမှာတောင် ပုန်းခိုကျင်းက ကိုယ့်အသက်လုံခြုံရေး ဆိုတာ သဘောမပေါက်တဲ့ အနေအထားမျိုးဖြစ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကျေးရွာအချို့တွင် စစ်တပ်၏ ရက်စက်သည့် လုပ်ရပ်များနှင့် ပတ်သက်ပြီး အတွေးအမြင် လွဲမှားသည်များလည်း ရှိနေရာ ပုန်းခိုကျင်းများကို ပြန်ဖို့ ၊ ပြန်ဖျက်သည့် မိသားစုများလည်း ရှိကြောင်း အဆိုပါ ကျောင်းဆရာကပင် သုံးသပ်ပြသည်။

“သူတို့ စိုးရိမ်ချက်က စစ်ကောင်စီတပ်များ မတော်တဆ ကိုယ့်ရပ်ရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့ရင် အိမ်ထဲမှာ ပုန်းခိုကျင်းတွေ့ရင် ဒါသူတို့ကို ထောက်ခံတဲ့သူမဟုတ်ဘူး။ သူတို့ကို ဆန့်ကျင်တဲ့သူပဲလို့ ယူဆသွားပြီး အိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ လုပ်မှာဆိုတဲ့ စိုးရိမ်ချက်နဲ့ ပြန်ဖို့ပစ်ကြတာ” ဟု ၎င်းက ပြောသည်။​

၂၀၂၅ မေလအတွင်း အရာတော်မြို့နယ်၌ ပြုလုပ်သည့် လေကြောင်းရန် ဟောပြောပွဲတစ်ခု။ (ဓာတ်ပုံ- ၅/အရတ အရာတော်လူထုသပိတ်) 

စစ်ကိုင်းတိုင်းဒေသခံများဘက်ကလည်း လေကြောင်းရန်ကာကွယ်ရေး လိုက်ပါလုပ်ဆောင်ရန် အခက်အခဲများ ရှိကြောင်း ဆိုသည်။

ယင်းသို့ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ရှိနေသည့် စစ်ကိုင်းတိုင်းတွင် အရပ်သားပြည်သူအများစုသည် လေကြောင်းရန်နှင့် ပတ်သက်ပြီး ကြိုတင်သတင်းရနိုင်သည့် အိုင်ကွန် ခေါ် စကားပြောစက်များ ကိုင်ဆောင်နိုင်ခြင်းမရှိကြသလို လေကြောင်းရန်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြင့် အသိပေးနိုင်မှုလည်း အချို့ရပ်ရွာများတွင် မရောက်ရှိကြောင်းလည်း ပုလဲမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။ 

စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း ၁၆ မြို့နယ်၌ လေကြောင်းတိုက်ခိုက်မှုများကြောင့် ၈၈ ဦး သေဆုံး ပြီး ၁၇၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သေးသည်။

ရှမ်းမြောက်အခြေအနေ ငြိမ်သက်သွားပြီးနောက် စစ်ကော်မရှင်တပ်က စစ်ကိုင်းတိုင်းကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်နေပြီးရွေးကောက်ပွဲကာလအတွင်း  နယ်မြေရှင်းလင်းသည့်အနေဖြင့် လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

လက်ရှိ စစ်ကိုင်းတိုင်းအတွင်း ကသာ၊ ဗန်းမောက်၊ ထီးချိုင့်အနီး တိုက်ပွဲများပြင်းထန်နေသည်။  

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သေဆုံးသူ ၈၂ ဦးရှိပြီး ၆၄ ဦးသည် လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်သည်။

၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း လေယာဉ်၊ ဒရုန်းနှင့် အင်ဂျင်တပ် လေထီး၊ ဂျိုင်ရိုကော်ပတာများ အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၄၀၀ ကျော်  (၂၄၃၅ ကြိမ်) ပြုလုပ်ခဲ့ကြောင်း  ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ လေးလတာထုတ်ပြန်ချက်များအရ သိရသည်။ 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဘာသာရေး အဆောက်အအုံ ၁၉၇ ခု၊ စာသင်ကျောင်း ၁၂၁ ကျောင်း ၊ ဆေးရုံဆေးခန်း ၂၈ ခု ပျက်စီးခဲ့ပြီး  သေဆုံးသူ ၁၇၂၄ ဦး၊ ဒဏ်ရာရသူ ၃၅၆၉ ဦး ရှိသည်ဟု ဖော်ပြထားသည်။  

Related Articles

Back to top button