အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်ဖြူတွင် ပါရာမိုတာဖြင့် ဗုံးကြဲ၍ ဒေသခံ ၁ ဦး သေဆုံး၊၂ ဦး ဒဏ်ရာရ

တိုက်ပွဲများရှိနေသည့် စစ်တပ်ထိန်းချုပ်ဒေသတွင် ပါရာမိုတာဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့စဉ် ဒေသခံ ထိခိုက် သေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မော်ကြီးရွာကို ဖေဖော်ဝါရီလ ၂  ရက်နေ့ ညနေ ၅ နာရီတွင် ပါရာ မိုတာ(အင်ဂျင်တပ်လေထီး)ဖြင့် ဗုံး ငါးလုံးခန့်ကြဲချခဲ့မှုကြောင့် ဒေသခံ တစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ 

ကျောက်ဖြူမြို့နှင့် လေးမိုင်ခန့်အကွာရှိ ထိုကျေးရွာကို ဗုံးကြဲရာတွင် အသက် ၈၅ နှစ်အရွယ် စစ်ဘေးရှောင် တစ်ဦးဖြစ်သည့် ဦးခိုင်အောင် သေဆုံးပြီး ရွာသားများဖြစ်သော အသက် ၆၀ အရွယ် ဦးခင်မောင်ချေနှင့် အသက် ၆၅ နှစ်အရွယ် ဦးသိန်းကျော်နုတို့ ဒဏ်ရာရရှိသွားသည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

“အဲဒီရွာက တိုက်ပွဲဖြစ်နေတဲ့ ဓညဝတီရေတပ်ဘက်ခြမ်းအနားမှာပါ။ ရွာမှာက အရပ်သားတွေ ရှိနေကြတုန်းပါ။ အဲဒီလိုအချိန်မှာ တမင်သက်သက် ဗုံးလာကြဲတာပါ”ဟု ၎င်းက ဆိုသည်။ 

အရပ်သားများအား ထိုသို့တိုက်ခိုက်နေခြင်းသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပြုလုပ်နေ ခြင်းဖြစ်ပြီး ပြည်သူများကို တိုက်ခိုက်မှုရပ်တန့်ကာ စစ်သားအချင်းချင်းသာ တိုက်ခိုက်စေလိုကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။ 

ကျောက်ဖြူမြို့နယ်၊ မော်ကြီးကျေးရွာမှ နေအိမ် နှစ်ဆောင်လည်း ဗုံးပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။  

စစ်ကော်မရှင် ထိန်းချုပ်သည့် ကျောက်ဖြူမြို့ပတ်ဝန်းကျင်ကျေးရွာများကို လေယာဉ်၊ ဒရုန်း၊ လေထီးများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ ဇန်နဝါရီလအတွင်း လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့သလို စစ်ရေယာဉ် ပစ်ခတ်မှုကြောင့် ကိုးလသားကလေးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရ ခဲ့သည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာရှိ စစ်ဘေးရှောင်များခိုလှုံနေသော စာသင်ကျောင်းတစ်ခုကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲရာ ကိုးလသားအရွယ်ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့သည်။

အလားတူ ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၁၂ နာရီကျော်ခန့်ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေရွာကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်များဖြစ်သည့် ဒေါ်ခိုင်စန်းဦး(၃၉ နှစ်)နှင့် ဒေါ်စံရွှေ (၄၁ နှစ်) တို့သေဆုံးသွားသည်။ ထို့အပြင် ဦးမောင်တင်ဝင်း (၅၉ နှစ်) နှင့် ဒေါ်အောင်မြနု (၉၅ နှစ်)တို့ ဒဏ်ရာရရှိသွား ကြောင်း ဒေသခံများထံက သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ကျောက်ဖြူမြို့မှ ၁၆ မိုင်ကျော်ခန့်ကွာဝေးသည့် သဖန်းချောင်းကျေးရွာကို စစ်ရေယာဥ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အသက် ၃၄ နှစ်အရွယ် ဦးကျော်ဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်ခင်လင်းစိုး(၃၀ နှစ်)တို့သေဆုံးသွားသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး အာရက္ခတပ်တော်(AA) က ထိန်းချုပ်ထားပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိသည့် ကျောက်ဖြူနှင့် ကပ်လျက်ရှိ မာန်အောင်မြို့နယ်၊ ပြည်နယ်မြို့တော် စစ်တွေတို့ကိုသာ စစ်တပ် က ထိန်းချုပ်ထားသည်။

ကျောက်ဖြူမြို့နယ်ကို စစ်တပ်က ထိန်းချုပ်ထားသည်ဆိုသော်လည်း မြို့အနီးဝန်းကျင် ကျေးရွာများကို AA က ထိန်းချုပ်ထားသဖြင့် ဒေသတွင်း တိုက်ပွဲများ ဖြစ်နေသည်။ 

ဓညဝတီရေတပ်စခန်းနှင့် သုံးမိုင်ခန့်အကွာ ပြားကျွိန်၊ မင်းပြင်၊ သိုင်းချောင်းကျေးရွာအနီး ပတ်ဝန်းကျင် တို့တွင် နေ့စဥ်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်တပ်ဘက်က ကြည်း၊ ရေ၊လေတို့ဖြင့် တုံ့ပြန် တိုက်ခိုက်နေသကဲ့သို့ အရပ်သားနေထိုင်ရာကျေးရွာများကိုလည်း မကြာခဏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများရှိနေသည်။

တိုက်ပွဲများကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည့် ကျောက်ဖြူမြို့ အရှေ့မြောက်ဘက် ပျားတဲ၊ စိုင်ခြုံတိန်၊ မင်းတက်တောင်၊ ကြတ္တိန် စသည့် ကျေးရွာ ၂၀ ခန့်တွင်လည်း စစ်တပ်က နေရာယူ တပ်စွဲထားကာ အချို့ကျေးရွာများကို မီးရှို့ ဖျက်ဆီးမှုများရှိနေကြောင်း သိရသည်။ 

ကျောက်ဖြူမြို့နယ် ပင်လယ်ကမ်းစပ်တစ်လျှောက်တွင်လည်း စစ်သင်္ဘော ငါးစီးထက် မနည်းရှိနေပြီး ထိုစစ်သင်္ဘောများက ပင်လယ်ကမ်းစပ်ကျေးရွာများနှင့် တိုက်ပွဲဖြစ်ပွားသည့်နေရာများကို နေ့ရော၊ ညပါ လက်နက်ကြီး ပစ်ခတ်မှုများရှိနေကြောင်း အထက်ပါ ကျောက်ဖြူဒေသခံက ပြောသည်။

“သူတို့(စစ်တပ်)က ဒရုန်း၊ အသေခံဒရုန်း၊ လေထီး၊ ရေတပ်က လက်နက်ကြီးတွေ၊ ဂျက်လေယာဥ်တွေနဲ့ တောက်လျှောက်ပစ်နေတာ”

စစ်တပ် အသုံးပြုသည့် ပါရာမိုတာ (Paramotor) နှင့် ဂျိုင်ရိုကော်ပတာ (Gyrocopter) များသည် အနိမ့် ပျံသန်းရန်လွယ်ကူသည့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြေပြန့်ဒေသများဖြစ်သော  စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့တွင် အများဆုံး တိုက်ခိုက်မှုပြုလုပ်လေ့ရှိပြီး ရခိုင်ပြည်နယ်တွင်လည်း ရံဖန်ရံခါ အသုံးပြုကြောင်း  တက်ကြွလှုပ်ရှားသော အရပ်ဘက်အဖွဲ့ ဖြစ်သည့် Fortify Rights က ဇန်နဝါရီလ  ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ပါရာမိုတာနှင့်ဂျိုင်ရိုကော်ပတာ အသုံးပြုတိုက်ခိုက်သည့်နေရာပြမြေပုံ။ (ဓာတ်ပုံ- Fortify Rights)

ထိုယာဉ်နှစ်ခုကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ မရှိသည့်နေရာများ သို့မဟုတ် ထိရောက်သော လေကြောင်းရန်ကာကွယ်ရေးစွမ်းရည် မရှိသည့် တော်လှန်ရေးနယ်မြေများတွင် အဓိကထား အသုံးပြုနေသဖြင့် အရပ်သားများ ထိခိုက်သေဆုံးနေကြရသည်ဟု ဆိုထားသည်။ 

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၇၀ နီးပါး စစ်ရှောင်နေကြရပြီး စစ်ဘေးရှောင်များသည်  စားဝတ်နေရေး၊ သောက်သုံးရေများလည်း အရေးတကြီးလိုအပ်နေကြောင်း ဇင်ချောင်းလူငယ်ပရဟိတ အသင်း ဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက ပြောသည်။ 

“စစ်ဘေးရှောင်တွေမှာ ဒုက္ခရောက်တာကတော့ အများကြီးပါပဲ။ဘာလို့လဲဆိုတော့ ကိုယ့်ပြည်တွင်းထဲက ပြည်ပကို ရောက်နေကြတဲ့ ရခိုင်သူ၊ ရခိုင်သားတွေက လှူထားတဲ့အလှူငွေလောက်ကိုပဲ ထောက်ပံ့ပေးနိုင်တဲ့ အဆင့်လောက်ပဲရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ စားဝတ်နေရေး ၊ နေထိုင်မှုအခင်းအကျင်းတွေ ၊ ကလေးတွေအတွက်ဆိုရင် ပညာရေးဆုံးရှုံးမှုလည်းရှိပါတယ်  ”ဟု ၎င်းက ဆိုသည်။

AA နှင့် စစ်တပ်တို့သည် စစ်တွေမြို့နယ်တွင်လည်း လက်နက်ကြီး၊ဒရုန်းတို့ဖြင့် အပြန်အလှန် တိုက်ပွဲဖြစ် ပွားနေသည်။

AA နှင့် စစ်တပ်တိုက်ပွဲများသည် ရခိုင်ပြည်နယ်ပြင်ပ နယ်မြေထိစပ်နေသော ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဇန်နဝါရီလ ၂၈  ရက်နေ့ကလည်း ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ပွိုင့် ၆၆၆ စခန်းကုန်းကို AA က အပြီးသတ် ပြန်သိမ်းပိုက်နိုင်ခဲ့ကာ ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကိုးတောင်ဘို့ စစ်တပ်စခန်းကိုလည်း AA နှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ သည်။

ထို့အပြင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးနှင့် မြောက်စမ်းရွာရှိ အမြောက်တပ် အမတ (၃၄၄)တို့တွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု AA နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“တိုက်ပွဲကလည်း နေ့တိုင်းပြင်းတယ်။ အပြန်အလှန်ပေါ့။ ကိုယ့်ဘက်ကတော့ ပေါ်ပေါ်ထင်ထင်ကြီး ထိုးစစ်ပုံစံမျိုးတော့ မဟုတ်၊ ပြောက်ကျားစနစ်နဲ့ပေါ့။ သူတို့ဘက်ကတော့ ထိုးတယ်။ ဒီဘက်မှာက သူတို့ဘက်က ထိုးတာ နှစ်ချီရှိပြီ။ ကိုယ့်ဘက်ကပဲ မထိုးတာ။ သူတို့ တစ်နှစ်လောက်ထိုးတာလည်း ကိုယ့်ဘက်က ပေးရတဲ့ပုံစံမျိုးမရှိသေး ”ဟု ၎င်းက ဆိုသည်။ 

 AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကိုသိမ်းပိုက်ထားသည်။ ထို့အပြင် နယ်မြေ ထိစပ်နေသော ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။ 

ဖေဖော်ဝါရီလ ၂ ရက်က ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် ကျောက်ဖြူ၊ မော်ကြီးရွာမှ နေအိမ်တစ်လုံး။ (ဓာတ်ပုံ- APM)

Related Articles

Back to top button