အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

နိုင်ငံတကာအကူအညီရပ်တန့်ပြီး တနှစ်အကြာ ထိုင်း-မြန်မာနယ်စပ်က အုန်းဖြန့်ဒုက္ခသည်စခန်း  

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ၂၀၂၅ နှစ်စမှာ နိုင်ငံတကာကိုပေးနေတဲ့ အကူအညီတွေအားလုံးကို ရပ်ဆိုင်းလိုက်တာကြောင့် ကမောက်ကမဖြစ်ခဲ့ရတဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ခုနစ်ခုထဲမှာ ဒုတိယမြောက် လူဦးရေအများဆုံးနေထိုင်ရာ အုန်းဖြန့်ဒုက္ခသည်စခန်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

(ဓာတ်ပုံ-ဟယ်ရီ)
(ဓာတ်ပုံ-ဟယ်ရီ) 

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ၂၀၂၅ နှစ်စမှာ နိုင်ငံတကာကိုပေးနေတဲ့ အကူအညီတွေအားလုံးကို ရပ်ဆိုင်းလိုက်တာကြောင့် ကမောက်ကမဖြစ်ခဲ့ရတဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ခုနစ်ခုထဲမှာ ဒုတိယမြောက် လူဦးရေအများဆုံးနေထိုင်ရာ အုန်းဖြန့်ဒုက္ခသည်စခန်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

(ဓာတ်ပုံ-ဟယ်ရီ) 

ဒုတိယအကြိမ်မြောက် သမ္မတဖြစ်လာတဲ့ ထရမ့်ဟာ နိုင်ငံတကာဖွံ့ဖြိုးရေး အမေရိကန်အေဂျင်စီ (USAID) ကိုပါ ဖျက်သိမ်းလိုက်ရာ USAID ငွေနဲ့ လည်ပတ်နေတဲ့ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (International Rescue Committee – IRC) ရဲ့  လုပ်ငန်းစဉ်တွေရပ်ဆိုင်းသွားတာကြောင့် အုန်းဖြန့်ဒုက္ခသည်စခန်းအတွင်းမှာ ကျန်းမာရေးအပါအဝင် နိစ္စဓူဝအရေးကိစ္စအားလုံးဟာ  စခန်းစတည်လာတဲ့  နှစ်ပေါင်း ၃၀ နီးပါးအတွင်း အဆိုးဝါးဆုံးအခြေအနေကို ဆိုက်ရောက်သွားပါတယ်။  

(ဓာတ်ပုံ-ဟယ်ရီ) 

နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC) အထောက်အပံ့နဲ့ လည်ပတ်နေတဲ့  အုန်းဖြန့်စခန်းအတွင်းက ဆေးရုံဟာ ဝန်ထမ်း ၂၀၀ ကျော်ရှိရာကနေ IRC လုပ်ငန်းများရပ်သွားစဉ်မှာ  လေးပုံ တစ်ပုံနီးပါးပဲကျန်ခဲ့ပြီး အတွင်းကုသဆောင် (IPD) ပါ ပိတ်သိမ်းခဲ့ရာ လူသေနှုန်းဟာ  အရင်ကထက် နှစ်ဆနီးပါး မြင့်တက်လာတယ် လို့ ဆေးရုံတာဝန်ရှိသူက ဆိုပါတယ်။

(ဓာတ်ပုံ-ဟယ်ရီ) 

စခန်းတွင်းနေထိုင်သူ လူဦးရေ တစ်သောင်းကျော်ရှိပြီး တစ်လ ပျမ်းမျှသေနှုန်းဟာ  ၂၀၂၄ ခုနှစ်မှာ လေးယောက် ဝန်းကျင်ပဲ ရှိရာကနေ IRC ရပ်သွားတဲ့ ၂၀၂၅ ခုနှစ်မှာ ရှစ်ယောက်ဝန်းကျင်အထိ ဖြစ်သွားတာလို့ သူကပြောပါတယ်။

(ဓာတ်ပုံ-ဟယ်ရီ) 

“လူနာတွေက IPD မရှိတော့ဘူးဆိုတော့ နိုင်သလောက် အိမ်မှာ ကြိတ်မှိတ်ခံစားပြီး ရှိတဲ့ ဆေးလေးနဲ့ နေတယ်။ အဆင်မပြေတဲ့အချိန်ကျမှ ဆေးရုံရောက်လာတယ်။ အဲဒီအခါကျမှ မမီတော့ဘူးပေါ့နော်။ အဲ့ဒီမှာ သေဆုံးနှုန်း တက်လာတဲ့အကြောင်းအရင်းတွေက IPD ပိတ်လိုက်ရတယ်။ ဒါမျိုးတွေလို့ ယူဆရတယ်။” လို့ သူက ရှင်းပြပါတယ်။

(ဓာတ်ပုံ-ဟယ်ရီ) 

မတ်လကြရင်လည်း စခန်းတွင်းက ဆေးရုံကို ဝန်ထမ်းထက်ဝက်လောက် ထပ်လျှော့ကာ ဆေးပေးခန်းအဖြစ် ထားပြီး  ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ကိုင်တွယ်တော့မှာဖြစ်တာကြောင့် ဒုက္ခသည်လူနာတွေ ဟာ ကီလိုမီတာ ၇၀ (မိုင် ၄၀ ကျော်) ဝေးတဲ့ ဖုတ်ဖရမြို့နယ်ပြည်သူ့ဆေးရုံကို သွားရောက်ကာ အခကြေးငွေပေးပြီး ဆေးကုသမှုခံယူရတော့မှာဖြစ်ပါတယ်။

လတ်တလောမှာ ရှေ့ပြေးအစီအစဉ်အဖြစ် စခန်းတွင်းဆေးရုံက ဆေးဝါးတွေအားလုံးကို ဖုတ်ဖရမြို့နယ် ဆေးရုံက စိစစ်ဖို့ သိမ်းယူသွားရာ လူနာတွေဟာ ဆေးသွားယူဖို့ လက်လှမ်းမမီဖြစ်နေပြီး ဆေးဝါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

(ဓာတ်ပုံ-ဟယ်ရီ) 

ဒါ့အပြင် ဒုက္ခသည်တွေဟာ ရိက္ခာရရှိမှုနည်းသွားပြီး အစာအဟာရပြည့်မီအောင် စားဖို့ မလွယ်ကူကြတော့ ပါဘူး။ ထိုင်းအစိုးရက အသက် ၁၈ မှ ၃၅ လူငယ်တွေကို တရားဝင်အလုပ်ထွက်လုပ်ခွင့် ပေးလိုက်ရာ အနည်းစုသာ နယ်ဝေးမှာ အလုပ်ရကြပြီး လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုတွေကြောင့် ပြန်လာရသူ တချို့လည်း ရှိကြပါတယ်။

အလုပ်အကိုင်နဲ့ ဝင်ငွေအဆင်မပြေမှု နောက်ဆက်တွဲအဖြစ် အိမ်တွင်းအကြမ်းဖက်မှုတွေတိုးလာပြီး ၂၀၂၆ နှစ်စပိုင်းမှာတင် အမှုအသစ် ၆ မှုကို ကိုင်တွယ်ခဲ့ရတယ်လို့  စခန်းရဲ့ တရားရေးကော်မတီတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ 

(ဓာတ်ပုံ-ဟယ်ရီ) 

အိမ်ခြေ ၃၀၀၀ ကျော်နဲ့ ရပ်ကွက် ၁၆ ခုရှိသည့် စခန်းဝန်းကျင်အမှိုက်ရှင်းလင်းရေးအတွက် ဝန်ထမ်း နှစ်ယောက်တည်းကသာ တာဝန်ယူဆောင်ရွက်နေတာကို တွေ့ခဲ့ရပြီး အမှိုက်သိမ်းကားတွေမှာလည်း စက်ချို့ယွင်းနေပြီလို့ ကရင်ဒုက္ခသည်များကော်မတီ(KRC) ရဲ့ အတွင်းရေးမှူး စောပွယ်ဆေးက ပြောပါတယ်။

(ဓာတ်ပုံ-ဟယ်ရီ) 

ဒုက္ခသည်ကွန်ဗင်ရှင်းကို လက်မှတ်မထိုးထားတဲ့ ထိုင်းအစိုးရကတော့ ပြည်တွင်းစစ်ကြောင့်ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်သိန်းနဲ့ချီကို ယာယီစစ်ဘေးရှောင်အဖြစ်ပဲအသိအမှတ်ပြုထားပြီး လတ်တလောမှာ တတိယ နိုင်ငံသွားမယ့် ဒုက္ခသည်တွေရဲ့  အိပ်မက်ဟာလည်း အမေရိကန်အစိုးရရဲ့  မူဝါဒအပြောင်းအလဲကြောင့် ဝေဝါးသွားခဲ့ရပါတယ်။

(ဓာတ်ပုံ-ဟယ်ရီ) 
(ဓာတ်ပုံ-ဟယ်ရီ) 
(ဓာတ်ပုံ-ဟယ်ရီ) 
(ဓာတ်ပုံ-ဟယ်ရီ) 
(ဓာတ်ပုံ-ဟယ်ရီ) 
(ဓာတ်ပုံ-ဟယ်ရီ) 

Related Articles

Back to top button