စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်အပြီး ယမန်နေ့ (ဇွန်လ ၄ ရက်) နံနက်ပိုင်းတွင် မြန်မာ- အိန္ဒိယ နယ်စပ်စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားရာ ခါမ်းပါတ်မြို့ နှင့် အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ကလေး – တမူးလမ်းပေါ်ရှိ ခါမ်းပါတ်မြို့နှင့် ကနန်ရွာအနီးကို နံနက် ၁ နာရီဝန်းကျင်တွင် စစ်တပ်က တိုက်လေယာဉ်၊ Y12 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်တို့ဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“CNDF (ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့) ရဲဘော်နှစ်ယောက် ဒဏ်ရာရတယ်။ အရပ်သား ထိခိုက်မှုမရှိဘူး။ ဗုံးအလုံး ၂၀ ကျော်ကြဲတာ” ဟု တမူးမြို့နယ်နေ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
မြန်မာ- အိန္ဒိယနယ်စပ် ခါမ်းပါတ်မြို့သည် ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နေသည့် မြို့လည်းဖြစ်သည်။

စစ်တပ်ကြိုးကိုင်သည့် ရွေးကောက်ပွဲအပြီး အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတရာထူးရယူပြီးနောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ မေလကုန်ပိုင်းတွင် သွားရောက်ခဲ့သည်။
၎င်း၏ငါးရက်ကြာခရီးစဉ်အတွင်း နှောင့်နှေးကြန့်ကြာနေသော စီမံကိန်းများဖြစ်သည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး စီမံကိန်းတို့ကို အရှိန်မြှင့် အကောင်အထည်ဖော်မည်ဟု သဘောတူခဲ့သည်။
မိုင် ၈၀၀ ကျော်ရှိသည့် ထိုအဝေးပြေးလမ်း စီမံကိန်းသည် အိန္ဒိယနိုင်ငံဘက်ခြမ်း မိုရေးမြို့မှ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ တမူးမြို့မှတဆင့် ကလေးဝ- ယာကြီးလမ်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မြဝတီတို့ကိုဖြတ်၍ ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ချိတ်ဆက်ထားသည်။
ထိုလမ်းပိုင်းဖြတ်သန်းသွားသည့် စစ်ကိုင်းတိုင်း ကလေး-တမူးလမ်းပိုင်းနှင့် ကလေး၀- ယာကြီး လမ်းပိုင်းတို့တွင် တော်လှန်ရေးအင်အားစုများ စိုးမိုးမှုအားကောင်းပြီး စစ်တပ်ကအပြည့်အဝ ထိန်းချုပ်နိုင် ခြင်းမရှိပေ။
သုံးနိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းစီမံကိန်းသည် မြန်မာက အလေးထားသည့် စီမံကိန်းတစ်ခုဖြစ်ပြီး အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေကြောင်း အိန္ဒိယသတင်းဌာန DD နှင့် တွေ့ဆုံမေးမြန်းမှုတွင် စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
“ကလေးနဲ့တမူး ဆက်သွယ်တဲ့လမ်းကြောင်းကို ဖွင့်နိုင်ဖို့အတွက် အမြန်ဆုံးကြိုးစားနေပါတယ်။ အဲ့ဒါ ကြိုးစားပြီးရင်တော့ နယ်စပ်ဂိတ်ကို ဖွင့်လို့ရပြီဖြစ်ပါတယ်။ ဒါဆိုရင်အဲ့ဒီကနေ မြန်မာနိုင်ငံ အလယ်ပိုင်းကိုဖြတ်ပြီး ထိုင်းနိုင်ငံကိုသွားလို့ရပြီ။ အဓိကတော့ မြန်မာနဲ့အိန္ဒိယနယ်စပ်ဒေသ ပုံမှန်အခြေအနေ ပြန်လည်ရရှိရေးကတော့ ပိုအရေးကြီးပါတယ်။ ဒါကို ကျွန်တော်တို့ ဦးစားပေးဆောင်ရွက်နေပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ တမူးမြို့ပေါ်နှင့် ကလေးမြို့ပေါ်တွင်သာ စစ်တပ်ကခြေကုပ်ယူထားပြီး တမူးမြို့တောင်ဘက် ၁၀ မိုင်မှ ကလေးမြို့မြောက်ဘက်ပိုင်းအား ၂၀၂၃ နှစ်ကုန်ပိုင်းလောက်တွင် စတင်၍ တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
ခါမ်းပါတ်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ပြီးနောက် မြို့ကို ပြန်ရရန် စစ်တပ်က ထိုးစစ်ဆင်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများက ခုခံထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။
လက်ရှိတွင် မြေပြင်စစ်ကြောင်းထိုးလှုပ်ရှားမှုများ မရှိသေးသော်လည်း စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်မတိုင်မီကပင် စစ်ကြောင်းထိုးမည့် သတင်းများထွက်ပေါ်နေပြီး စုဖွဲ့ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ ကဆိုသည်။
“ထိုးစစ်စတင်လာရင် ရှောင်ရှားဖို့တော့ ပြင်ဆင်သင့်သလောက် ပြင်ဆင်ထားကြပါတယ်။ သယ်ယူဖို့ မလွယ်ကူတဲ့ပစ္စည်းတွေကို ကြိုရွှေ့ထားကြတာတွေရှိတယ်။ တချို့ညပိုင်းရှောင်အိပ်ကြတယ်”ဟု ခါမ်းပါတ်ဒေသခံတစ်ဦးကပြောသည်။
စစ်ခေါင်းဆောင် သမ္မတရာထူးရယူပြီးနောက် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ချင်းပြည်နယ်တို့တွင် အင်အားအလုံးအရင်းဖြင့် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်ကာ လက်လွှတ်ထားရသည့် နယ်မြေများနှင့် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းများကိုပြန်လည် ထိန်းချုပ်နိင်ရန် ကြိုးပမ်းနေသည်။ စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယသတင်းဌာန DD နှင့် အင်တာဗျူးတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့်ပတ်သက်၍ ရည်ညွှန်းပြောဆိုရာတွင် “PDF တွေကို ငြိမ်းချမ်းရေးရော လုံခြုံရေးပိုင်းရော ဦးစားပေးရှင်းမှာပါ” ဟု ထည့်သွင်းပြောဆိုခဲ့သည်။



