အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သိမ်းပိုက်ထားသော ကျောက်မဲခရိုင် ၄ မြို့ကို ပြန်ပေးရန် အစီအစဉ်မရှိဟု TNLA ဆို

မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူနှင့် နမ့်ခမ်းမြို့တို့၏အနာဂတ်အတွက် စစ်တပ်နှင့်မည်သည့်ဆွေးနွေးမှုမျှ မရှိဟု TNLA ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းရှိ ၎င်းတို့ သိမ်းပိုက်ထားသော မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူနှင့် နမ့်ခမ်းမြို့တို့မှ ပြန်လည်ဆုတ်ခွာတော့မည်ဆိုသည့် သတင်းများကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရရအရာရှိက ငြင်းဆိုလိုက်ပြီး ထိုမြို့တို့၏အနာဂတ်အတွက် စစ်တပ်နှင့်မည်သည့်ဆွေးနွေးမှုမျှ မရှိဟုဆိုသည်။

ယခုနှစ် မေလ ၁၂ ရက်၊ ၁၃ ရက်တို့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့် စစ်တပ်ကိုယ်စားလှယ်တို့တွေ့စဉ် အဆိုပါ မြို့လေးမြို့မှ TNLA တပ်ဖွဲ့များ ဆုတ်ခွာပေးရန် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် စစ်တပ်တာဝန်ရှိသူများက ဖိအားပေးတောင်းဆိုခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် TNLA ဘက်က ယင်းကဲ့သို့တုံ့ပြန်ခြင်းဖြစ်သည်။

“ဒီမြို့တွေကို စကစ က ပြန်တောင်းနေတယ်ဆိုတာ ကျွန်မတို့ကြားမှာ ဆွေးနွေးတာမရှိဘူး။ ဖိအားပေးတာတွေလည်း မရှိပါဘူး” ဟု TNLA ပြောခွင့်ရ လွေးယေဦးက Myanmar Now ကိုပြောသည်။

မိုင်းလုံမြို့သည် စစ်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့၏ အနောက်မြောက်ဘက် ၅၅ မိုင်အကွာ မိုးကုတ်- ကျောက်မဲ လမ်းပေါ်ရှိ အထင်ကရ မြို့တစ်မြို့ ဖြစ်သည်။ ရှမ်းမြောက်ဒေသနှင့် မြန်မာပြည်အလယ်ပိုင်းအား  ဆက်သွယ်ရာတွင် အဓိကျသည့် လမ်းကြောင်းပေါ်တွင်ရှိသည်။

မိုင်းငေါ့မြို့သည် ကျောက်မဲမြို့ မြောက်ဘက် ၂၂ မိုင်အကွာ၌ရှိပြီး TNLA  ထိန်းချုပ်သည့် နမ့်ဆန်မြို့နှင့် စစ်တပ်ထိန်းချုပ်သည့် ကျောက်မဲမြို့ လမ်းပိုင်းပေါ်ရှိ မြို့ ဖြစ်သည်။

ကမ္ဘာကျော် သတ္တုတွင်း လုပ်ငန်းများရှိရာ နမ္မတူမြို့မှာမူ စစ်တပ်က ပြန်လည် ထိန်းချုပ်လိုက်သည့် သီပေါမြို့နှင့် မိုင် ၄၀ ကျော်အကွာတွင် ရှိသည်။

စစ်တပ်အနေဖြင့် အဆိုပါမြို့သုံးမြို့ကို ပြန်ရသွားလျှင် TNLA အနေဖြင့် နမ့်ဆန်နှင့် မန်တုံစသည့် တောင်ပေါ်မြို့တို့တွင်သာ ထွက်ပေါက်မရှိဘဲ ရပ်တည်ရမည့် အခြေအနေဖြစ်သည်ဟု စစ်ရေးအကဲခတ်များကမှတ်ချက် ပြုသည်။

နမ့်ခမ်းမြို့မှာမူ တရုတ်-မြန်မာ နယ်စပ် အနီးရှိ မြို့တစ်မြို့ဖြစ်ပြီး စစ်တပ် ထိန်းချုပ်သည့် မူဆယ်မြို့နှင့် မိုင် ၂၀ အကွာတွင်ရှိသည်။

ပြီးခဲ့သည့် မတ်လအတွင်း ကွတ်ခိုင်မြို့၊ မူဆယ် ၁၀၅ မိုင်နှင့် နမ့်ခမ်းမြို့အစပ် ကျေးရွာတို့ရှိ TNLA တပ်စခန်းများကို ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ခဲ့ပြီး ယနေ့အထိ အဆိုပါနေရာများတွင် တပ်စွဲထားသည်ဟုဒေသခံများက ပြောသည်။

ယခု ဇွန်လဆန်းမှစတင်၍ ကျောက်မဲမှ မိုင်းလုံသို့သွားသည့် လမ်းပိုင်းတွင် စစ်ရေးအခြေအနေ တင်းမာသည်ဟုဆိုကာ စစ်တပ်ဘက်က တင်းကျပ်စွာ စစ်ဆေးနေသည်ဟု ၎င်းတို့ကပြောသည်။

“ကျောက်မဲကနေ မိုင်းလုံဘက်ကို သွားလာဖို့ အတော်ခက်တာ။ လဆန်းပိုင်းကတော့ ဈေးသည်တွေတောင် ပေးမသွားဘူး။ မနေ့ကစပြီးတော့ ဒေသခံတွေကို ပြန်ပြီး ပေးသွားတယ်။ အဝေးကလာတဲ့သူတွေကိုတော့ စစ်နေတာပဲ” ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

ဒေသခံများကမူ နှစ်ဖက်စစ်ရေးတင်းမာ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ကောလာဟလတွေနဲ့ သတင်းတွေက အမျိုးမျိုးဖြစ်နေတော့ အရင်လို တိုက်ပွဲပြန်ဖြစ်မလားဆိုပြီး ကြောက်နေရတာ” ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

မိုင်းလုံနှင့် ကျောက်မဲ လမ်းတစ်လျှောက်တွင် နှစ်ဖက်စစ်အင်အားများ ဖြည့်တင်းနေသည်ဟု မြေပြင်သတင်းများ ထွက်ပေါ်နေသော်လည်း TNLA ဘက်ကမူ အဆိုပါကိစ္စကို ငြင်းဆိုထားသည်။

“မိုင်းလုံဘက်မှာ လောလောဆယ်တော့ စစ်ရေးလှုပ်ရှားမှုတွေ မတွေ့ရပါဘူး” ဟု TNLA ပြောခွင့်ရ လွေးယေဦးက ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မန္တလေးတိုင်း မိုးကုတ်မြို့အပါအဝင် ရှမ်းမြောက်ဒေသ ကုန်သွယ်ရေးလမ်းပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့များနှင့်  နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်မြို့တို့ကို TNLA က သိမ်းပိုက်နိုင်ခဲ့သည်။

သို့ရာတွင် တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် ယမန်နှစ်တွင် မိုးကုတ်နှင့် မိုးမိတ်တို့ကို TNLA က စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရပြီး၊ စစ်တပ်၏ ထိုးစစ်ကြောင့် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့ကို လက်လွှတ်ခဲ့ရသည်။

 ယခုနှစ် မတ်လတွင် ကွတ်ခိုင်မြို့ကို မဟာမိတ် MNDAA က ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့သဖြင့် ထပ်မံလက်လွှတ်ခဲ့ရပြန်သည်။

TNLA အနေဖြင့် လက်ရှိတွင် နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ စသည့် မြို့ပေါင်း ခြောက်မြို့ကိုသာ ဆက်လက်ထိန်းချုပ်ထားနိုင်သည်။

အဆိုပါမြို့တို့အား  ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းမည်ဟု TNLA ထိပ်ပိုင်းခေါင်းဆောင်များကလည်း ဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button